ယေဇကျေလအနာဂတ္တိကျမ်း 36
36
အစ္စရေးတောင်တန်း ပြန်လည်စိုပြေလာခြင်း
1တစ်ဖန် အချင်းလူသား၊ အစ္စရေးတောင်တန်းအား ဤသို့ပရောဖက်ပြုဟောပြောလော့။ ‘အို အစ္စရေးတောင်တန်း၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ 2သင်တို့၏ရန်သူက ရှေးကရှိခဲ့သော အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို ငါတို့ပိုင်ပြီဟေ့ဟူ၍ ဆိုလေပြီ’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ 3ထို့ကြောင့် သင်သည် ဤသို့ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ရန်သူတို့သည် သင်တို့ကို အဘက်ဘက်ကဝိုင်းဝန်းချေမှုန်းပြီး လူသူကင်းမဲ့ရာဖြစ်စေ၏။ အခြားတိုင်းပြည်များသည် သင်တို့ကို ပိုင်ဆိုင်သွား၏။ သင်တို့ကို လူအများအတင်းပြောစရာ၊ ရှုတ်ချစရာ ဖြစ်စေ၏’ဟု မိန့်တော်မူ၏။ 4အို အစ္စရေးတောင်တန်း၊ ဘုရားရှင်ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းချိုင့်ဝှမ်းများ၊ လူသူကင်းမဲ့သောမြို့ပျက်များ၊ ဝန်းကျင်ရှိ အခြားတိုင်းပြည်တို့၏လုယူဖျက်ဆီးခြင်း၊ အထင်အမြင်သေးခြင်းခံရသောမြို့များအား ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
5ဘုရားရှင်ထာဝရဘုရားက ‘ငါ့ပြည်ကို ဝမ်းသာအားရအပိုင်သိမ်းယူခဲ့သော၊ စားကျက်မြေများကိုပါလုယူခဲ့သော အခြားတိုင်းပြည်များနှင့် ဧဒုံပြည်တစ်ပြည်လုံးကို စိတ်အားကြီးစွာဖြင့် ငါမိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။ 6အစ္စရေးပြည်နှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုဟောပြောလော့။ တောင်တန်းတောင်ကုန်းများ၊ မြစ်ချောင်းချိုင့်ဝှမ်းများအား ဘုရားရှင်ထာဝရဘုရားက ‘အခြားတိုင်းပြည်တို့သည် သင်တို့ကို အသရေဖျက်သောကြောင့် စိတ်အားကြီးစွာ၊ အမျက်ပြင်းစွာဖြင့် ငါမြွက်ဆိုပြီ’ဟု မိန့်တော်မူ၏။ 7ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင့်ဝန်းကျင်ရှိလူမျိုးတို့သည် ကိုယ်တိုင်အရှက်တကွဲဖြစ်ရလိမ့်မည်ဟု ငါကျိန်ဆိုပြီ။
8အို အစ္စရေးတောင်တန်း၊ ငါ၏လူမျိုးတော်အစ္စရေးတို့ပြန်လာတော့မည်ဖြစ်၍ သင်တို့သည် သူတို့အတွက် အကိုင်းအခက်ထွက်လာ၍ အသီးသီးရကြလိမ့်မည်။ 9ငါသည် သင်တို့နှင့်အတူရှိမည်။ သင်တို့ထံ ပြန်လှည့်လာမည်။ သင်တို့ပေါ်တွင် ထွန်ယက်စိုက်ပျိုးမည်။ 10သင်တို့ပေါ်တွင် အစ္စရေးတစ်မျိုးနွယ်လုံးကို တိုးပွားများပြားစေမည်။ သူတို့သည် မြို့များ၌ နေထိုင်ကြလိမ့်မည်။ ပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ 11သင်တို့ပေါ်တွင် လူနှင့်တိရစ္ဆာန်တို့ကိုလည်း တိုးပွားစေသဖြင့် အမြောက်အမြားတိုးပွားကြလိမ့်မည်။ သင်တို့ကို ယခင်ကကဲ့သို့ လူနေထိုင်ရာပြန်ဖြစ်စေမည်။ ယခင်ကထက် ပို၍ကောင်းစားစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ 12ငါ့လူမျိုးတော်အစ္စရေးကို သင်တို့ပေါ်တွင် သွားလာစေမည်။ သူတို့သည် သင့်ကို အမွေမြေအဖြစ် အပိုင်သိမ်းကြလိမ့်မည်။ သူတို့၏သားသမီးတို့ကို သင်တို့ဆုံးရှုံးစေတော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
13ဘုရားရှင်ထာဝရဘုရားက ‘လူတို့က သင်တို့အား သင်သည် လူကိုဝါးမျိုသောသူ၊ သင့်လူမျိုး၏သားသမီးတို့ကို ဆုံးပါးစေသောသူဖြစ်၏ဟူ၍ ဆိုကြ၏’ဟု မိန့်တော်မူ၏။ 14ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘နောင်တွင် သင်သည် လူကိုဝါးမျိုသောသူ၊ သင့်လူမျိုး၏သားသမီးတို့ကို ဆုံးပါးစေသောသူ မဖြစ်စေရ’ဟု မိန့်တော်မူ၏။ 15ဘုရားရှင်ထာဝရဘုရားက ‘လူမျိုးတကာတို့ရှုတ်ချသောစကားကို သင်ကြားရတော့မည်မဟုတ်။ လူတို့၏ကဲ့ရဲ့ခြင်းကို သင်ခံရတော့မည်မဟုတ်။ နောက်တစ်ဖန် သင့်လူမျိုးကို သင်လဲပြိုစေတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အစ္စရေးလူမျိုးကို ပြန်လည်စုစည်းခြင်း
16တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 17“အချင်းလူသား၊ အစ္စရေးအမျိုးတို့သည် မိမိတို့ပြည်၌နေထိုင်စဉ်က သူတို့၏အပြုအမူအကျင့်အကြံများဖြင့် ပြည်ကိုညစ်ညူးစေကြ၏။ သူတို့၏အပြုအမူအကျင့်အကြံတို့သည် ဓမ္မတာလာသောမိန်းမ မစင်ကြယ်သကဲ့သို့ဖြစ်၏။ 18ထိုပြည်တွင် လူ့အသက်ကို သတ်ကြ၏။ ရုပ်တုများဖြင့် ပြည်ကိုညစ်ညူးစေကြ၏။ ထို့ကြောင့် သူတို့အပေါ်တွင် အမျက်တော်ကို သွန်ချမည်။ 19ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေပြီ။ သူတို့၏အပြုအမူအကျင့်အကြံအတိုင်း သူတို့ကို ငါစီရင်ပြီ။ 20သို့သော် သူတို့သည် လူမျိုးခြားတို့အလယ်သို့ ရောက်သွားသောအခါ လူတို့က သန့်ရှင်းသောငါ့နာမကို ရှုတ်ချလျက် ‘ဤသူတို့သည် ထာဝရဘုရား၏လူမျိုးတော်ဖြစ်လျက်နှင့် မိမိနေရင်းပြည်မှ ထွက်ခွာသွားရပါသည်တကား’ဟု ဆိုကြ၏။ 21အစ္စရေးအမျိုးတို့သည် ရောက်လေရာ လူမျိုးခြားတို့အလယ်တွင် ငါ့နာမကိုရှုတ်ချသောကြောင့် သန့်ရှင်းမြင့်မြတ်သော ငါ့နာမကို နှမြောမိလေပြီ။
22သို့ဖြစ်၍ အစ္စရေးအမျိုးအား ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးတို့၊ ယခု ငါပြုသောအမှုသည် သင်တို့အတွက်မဟုတ်။ သင်တို့ရောက်လေရာ လူမျိုးခြားတို့အလယ်တွင် သင်တို့ရှုတ်ချသော ငါ၏သန့်ရှင်းမြင့်မြတ်သောနာမအတွက်ဖြစ်၏’ဟု မိန့်တော်မူ၏။ 23ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ငါ့နာမကိုရှုတ်ချသဖြင့် လူမျိုးခြားတို့အလယ်တွင် အရှုတ်ချခံခဲ့ရသည့် ကြီးမြတ်သောငါ့နာမကို ငါသန့်ရှင်းစေမည်။ ထိုသို့ သင်တို့အားဖြင့် ထိုသူတို့ရှေ့တွင် ငါသန့်ရှင်းကြောင်း ထင်ရှားစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့ သိကြလိမ့်မည်#ရော 2:24။’ဟု မိန့်တော်မူ၏။
24‘ငါသည် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။ 25သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။ 26သင်တို့အား စိတ်နှလုံးသစ်ကိုပေးမည်။ သင်တို့အထဲသို့ စိတ်သဘောသစ်ကို သွင်းပေးမည်။ သင်တို့ကိုယ်ခန္ဓာထဲမှ မာကျောသောကျောက်နှလုံးသားကို ဖယ်ရှား၍ အသားနှလုံးသားကိုပေးမည်။ 27ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။ 28သင်တို့၏ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်၌ သင်တို့အသက်ရှင်နေထိုင်ကြရမည်။ သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။ 29သင်တို့ကို မသန့်ရှင်းသောအပြုအမူများမှ ကယ်တင်မည်။ ကောက်ပဲသီးနှံများကိုလည်း ပေါများစေမည်။ သင်တို့ကို ငတ်မွတ်ခြင်းဘေးနှင့် ကြုံစေမည်မဟုတ်။ 30သစ်သီးဝလံနှင့် ကောက်ပဲသီးနှံတို့ကို ပေါကြွယ်ဝစေမည်။ သို့မှ အငတ်ဘေးကြောင့် လူမျိုးခြားတို့ကဲ့ရဲ့ခြင်းကို သင်တို့ကြုံရတော့မည်မဟုတ်။
31ထိုအခါ သင်တို့၏ဆိုးညစ်သောအပြုအမူ၊ မကောင်းသောလုပ်ရပ်များကို ပြန်လည်သတိရ၍ ကိုယ်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အပြစ်တို့ကြောင့် ကိုယ့်ကိုယ်ကို စက်ဆုပ်ကြလိမ့်မည်။ 32ဤသို့ ငါပြုခြင်းသည် သင်တို့အဖို့မဟုတ်။ အို အစ္စရေးအမျိုး၊ သင်တို့၏အပြုအမူအကျင့်အကြံများကြောင့် သင်တို့အရှက်ခွဲခံရမည်၊ အသရေဖျက်ခံရမည်ကို သင်တို့သိမှတ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
33ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့၏ဒုစရိုက်အားလုံးကို စင်ကြယ်စေသောနေ့၌ သင်တို့ကို မြို့များတွင် ပြန်လည်နေထိုင်ခွင့်ပေးမည်။ ပြိုပျက်ရာများကိုလည်း ပြန်လည်ပြုပြင်ခွင့်ပေးမည်။ 34ဖြတ်သန်းသွားလာသောသူတို့၏အမြင်တွင် တိတ်ဆိတ်ခြောက်ကပ်၍ လူသူကင်းမဲ့သောမြေကို ထွန်ယက်စိုက်ပျိုးသောမြေ ဖြစ်စေမည်။ 35သူတို့က လူသူကင်းမဲ့ခဲ့သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်လာပြီ။ ဖျက်ဆီးခံရသဖြင့် ဆိတ်ညံ၍ လူသူကင်းမဲ့သောမြို့များသည်လည်း လူနေထိုင်ရာခိုင်ခံ့သောမြို့များဖြစ်လာပြီဟု ပြောဆိုကြလိမ့်မည်။ 36ငါထာဝရဘုရားသည် ဖျက်ဆီးခံရသောမြို့တို့ကို ပြန်လည်တည်ဆောက်သောဘုရား၊ လူသူကင်းမဲ့သောအရပ်တို့ကို ပြန်လည်သက်ဝင်စေသောဘုရားဖြစ်ကြောင်း သင့်ဝန်းကျင်ရှိအခြားတိုင်းပြည်တို့ သိကြလိမ့်မည်။ ငါထာဝရဘုရား မိန့်ဆိုသည့်အတိုင်း ပြုမည်’ဟု မိန့်တော်မူ၏။
37ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးတို့ တောင်းဆိုသည့်အတိုင်း ငါပြုပေးမည်။ သူတို့ကို သိုးတို့ကဲ့သို့ တိုးပွားစေမည်။ 38ဆိတ်ညံခဲ့သောမြို့တို့သည် သတ်မှတ်ထားသောပွဲတော်ကာလတွင် ဂျေရုဆလင်မြို့၌ ယဇ်ပူဇော်ရန်သိုးများနှင့် ပြည့်နှက်နေသကဲ့သို့ လူအုပ်များနှင့် ပြည့်နေလိမ့်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 36: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative