YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 36

36
အစ္စရေးတောင်တန်း ပြန်လည်စိုပြေလာခြင်း
1တစ်ဖန် အချင်း​လူသား​၊ အစ္စရေး​တောင်တန်း​အား ဤသို့​ပရောဖက်ပြု​ဟောပြော​လော့​။ ‘​အို အစ္စရေး​တောင်တန်း​၊ ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ 2သင်​တို့​၏​ရန်သူ​က ရှေးက​ရှိ​ခဲ့​သော အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို ငါ​တို့​ပိုင်​ပြီ​ဟေ့​ဟူ၍ ဆို​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 3ထို့ကြောင့် သင်​သည် ဤသို့ ပရောဖက်ပြု​ဟောပြော​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘ရန်သူ​တို့​သည် သင်​တို့​ကို အဘက်ဘက်​က​ဝိုင်းဝန်း​ချေမှုန်း​ပြီး လူသူကင်းမဲ့​ရာ​ဖြစ်​စေ​၏​။ အခြား​တိုင်းပြည်​များ​သည် သင်​တို့​ကို ပိုင်ဆိုင်​သွား​၏​။ သင်​တို့​ကို လူ​အများ​အတင်းပြောစရာ​၊ ရှုတ်ချစရာ ဖြစ်​စေ​၏’​ဟု မိန့်​တော်မူ​၏​။ 4အို အစ္စရေး​တောင်တန်း​၊ ဘုရားရှင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လော့​။ တောင်ကုန်း​တောင်တန်း​များ​၊ မြစ်ချောင်း​ချိုင့်ဝှမ်း​များ​၊ လူသူကင်းမဲ့​သော​မြို့ပျက်​များ​၊ ဝန်းကျင်​ရှိ အခြား​တိုင်းပြည်​တို့​၏​လုယူဖျက်ဆီး​ခြင်း​၊ အထင်အမြင်သေး​ခြင်း​ခံရ​သော​မြို့​များ​အား ဘုရားရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။
5ဘုရားရှင်​ထာဝရဘုရား​က ‘ငါ့​ပြည်​ကို ဝမ်းသာအားရ​အပိုင်​သိမ်းယူ​ခဲ့​သော​၊ စားကျက်မြေ​များ​ကို​ပါ​လုယူ​ခဲ့​သော အခြား​တိုင်းပြည်​များ​နှင့် ဧဒုံ​ပြည်​တစ်ပြည်လုံး​ကို စိတ်အားကြီး​စွာ​ဖြင့် ငါ​မိန့်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။ 6အစ္စရေး​ပြည်​နှင့်​ပတ်သက်၍ ဤသို့​ပရောဖက်ပြု​ဟောပြော​လော့​။ တောင်တန်း​တောင်ကုန်း​များ​၊ မြစ်ချောင်း​ချိုင့်ဝှမ်း​များ​အား ဘုရားရှင်​ထာဝရဘုရား​က ‘​အခြား​တိုင်းပြည်​တို့​သည် သင်​တို့​ကို အသရေဖျက်​သောကြောင့် စိတ်အားကြီး​စွာ​၊ အမျက်​ပြင်း​စွာ​ဖြင့် ငါ​မြွက်ဆို​ပြီ’​ဟု မိန့်​တော်မူ​၏​။ 7ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘သင့်​ဝန်းကျင်​ရှိ​လူမျိုး​တို့​သည် ကိုယ်တိုင်​အရှက်တကွဲ​ဖြစ်​ရ​လိမ့်မည်​ဟု ငါ​ကျိန်ဆို​ပြီ​။
8အို အစ္စရေး​တောင်တန်း​၊ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ပြန်လာ​တော့​မည်​ဖြစ်၍ သင်​တို့​သည် သူ​တို့​အတွက် အကိုင်းအခက်​ထွက်လာ​၍ အသီး​သီး​ရ​ကြ​လိမ့်မည်​။ 9ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​မည်​။ သင်​တို့​ထံ ပြန်လှည့်​လာ​မည်​။ သင်​တို့​ပေါ်တွင် ထွန်ယက်​စိုက်ပျိုး​မည်​။ 10သင်​တို့​ပေါ်တွင် အစ္စရေး​တစ်မျိုးနွယ်လုံး​ကို တိုးပွားများပြား​စေ​မည်​။ သူ​တို့​သည် မြို့​များ​၌ နေထိုင်​ကြ​လိမ့်မည်​။ ပြိုပျက်​ရာ​တို့​ကို ပြုပြင်​ကြ​လိမ့်မည်​။ 11သင်​တို့​ပေါ်တွင် လူ​နှင့်​တိရစ္ဆာန်​တို့​ကို​လည်း တိုးပွား​စေ​သဖြင့် အမြောက်အမြား​တိုးပွား​ကြ​လိမ့်မည်​။ သင်​တို့​ကို ယခင်က​ကဲ့သို့ လူ​နေထိုင်​ရာ​ပြန်ဖြစ်​စေ​မည်​။ ယခင်က​ထက် ပို၍​ကောင်းစား​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။ 12ငါ့​လူမျိုး​တော်​အစ္စရေး​ကို သင်​တို့​ပေါ်တွင် သွားလာ​စေ​မည်​။ သူ​တို့​သည် သင့်​ကို အမွေမြေ​အဖြစ် အပိုင်​သိမ်း​ကြ​လိမ့်မည်​။ သူ​တို့​၏​သားသမီး​တို့​ကို သင်​တို့​ဆုံးရှုံး​စေ​တော့​မည်​မ​ဟုတ်’​ဟု မိန့်​တော်မူ​၏​။
13ဘုရားရှင်​ထာဝရဘုရား​က ‘လူ​တို့​က သင်​တို့​အား သင်​သည် လူ​ကို​ဝါးမျို​သော​သူ​၊ သင့်​လူမျိုး​၏​သားသမီး​တို့​ကို ဆုံးပါး​စေ​သော​သူ​ဖြစ်​၏​ဟူ၍ ဆို​ကြ​၏’​ဟု မိန့်​တော်မူ​၏​။ 14ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘နောင်တွင် သင်​သည် လူ​ကို​ဝါးမျို​သော​သူ​၊ သင့်​လူမျိုး​၏​သားသမီး​တို့​ကို ဆုံးပါး​စေ​သော​သူ မ​ဖြစ်​စေ​ရ’​ဟု မိန့်​တော်မူ​၏​။ 15ဘုရားရှင်​ထာဝရဘုရား​က ‘လူမျိုးတကာ​တို့​ရှုတ်ချ​သော​စကား​ကို သင်​ကြား​ရ​တော့​မည်​မ​ဟုတ်​။ လူ​တို့​၏​ကဲ့ရဲ့​ခြင်း​ကို သင်​ခံရ​တော့​မည်​မ​ဟုတ်​။ နောက်တစ်ဖန် သင့်​လူမျိုး​ကို သင်​လဲပြို​စေ​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
အစ္စရေးလူမျိုးကို ပြန်လည်စုစည်းခြင်း
16တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 17“​အချင်း​လူသား​၊ အစ္စရေး​အမျိုး​တို့​သည် မိမိ​တို့​ပြည်​၌​နေထိုင်​စဉ်က သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​သည် ဓမ္မတာလာ​သော​မိန်းမ မစင်ကြယ်​သကဲ့သို့​ဖြစ်​၏​။ 18ထို​ပြည်​တွင် လူ့​အသက်​ကို သတ်​ကြ​၏​။ ရုပ်တု​များ​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် သူ​တို့​အပေါ်​တွင် အမျက်​တော်​ကို သွန်ချ​မည်​။ 19ငါ​သည် သူ​တို့​ကို လူမျိုးတကာ​တို့​အလယ်​၊ အရပ်ရပ်​သို့ ကွဲလွင့်​ပျံ့နှံ့​စေ​ပြီ​။ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​အတိုင်း သူ​တို့​ကို ငါ​စီရင်​ပြီ​။ 20သို့သော် သူ​တို့​သည် လူမျိုးခြား​တို့​အလယ်​သို့ ရောက်သွား​သောအခါ လူ​တို့​က သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချ​လျက် ‘​ဤ​သူ​တို့​သည် ထာဝရဘုရား​၏​လူမျိုး​တော်​ဖြစ်​လျက်​နှင့် မိမိ​နေရင်းပြည်​မှ ထွက်ခွာ​သွား​ရ​ပါ​သည်​တကား​’​ဟု ဆို​ကြ​၏​။ 21အစ္စရေး​အမျိုး​တို့​သည် ရောက်​လေ​ရာ လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ကို​ရှုတ်ချ​သောကြောင့် သန့်ရှင်းမြင့်မြတ်​သော ငါ့​နာမ​ကို နှမြော​မိ​လေ​ပြီ​။
22သို့ဖြစ်၍ အစ္စရေး​အမျိုး​အား ဘုရားရှင်​ထာဝရဘုရား​က ‘အို အစ္စရေး​အမျိုး​တို့​၊ ယခု ငါ​ပြု​သော​အမှု​သည် သင်​တို့​အတွက်​မ​ဟုတ်​။ သင်​တို့​ရောက်​လေ​ရာ လူမျိုးခြား​တို့​အလယ်​တွင် သင်​တို့​ရှုတ်ချ​သော ငါ​၏​သန့်ရှင်းမြင့်မြတ်​သော​နာမ​အတွက်​ဖြစ်​၏’​ဟု မိန့်​တော်မူ​၏​။ 23ဘုရားရှင်​ထာဝရဘုရား​က ‘သင်​တို့​သည် လူမျိုးခြား​တို့​အလယ်​တွင် ငါ့​နာမ​ကို​ရှုတ်ချ​သဖြင့် လူမျိုးခြား​တို့​အလယ်​တွင် အရှုတ်ချ​ခံ​ခဲ့​ရ​သည့် ကြီးမြတ်​သော​ငါ့​နာမ​ကို ငါ​သန့်ရှင်း​စေ​မည်​။ ထိုသို့ သင်​တို့​အားဖြင့် ထို​သူ​တို့​ရှေ့​တွင် ငါ​သန့်ရှင်း​ကြောင်း ထင်ရှား​စေ​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း​ကို လူမျိုးတကာ​တို့ သိ​ကြ​လိမ့်မည်#ရော 2:24။’​ဟု မိန့်​တော်မူ​၏​။
24‘ငါ​သည် သင်​တို့​ကို လူမျိုးတကာ​တို့​ထံမှ ထုတ်ဆောင်​လာ​မည်​။ အရပ်ရပ်​တို့​မှ ပြန်လည်​စုစည်း​၍ နေရင်းပြည်​သို့ ပြန်​ပို့ဆောင်​မည်​။ 25သင်​တို့​ကို သန့်ရှင်း​သော​ရေ​နှင့်​ပက်ဖျန်း​သဖြင့် သင်​တို့​သည် စင်ကြယ်​လိမ့်မည်​။ သင်​တို့​၏​အညစ်အကြေး​၊ သင်​တို့​၏​ရုပ်တုဆင်းတု​ရှိသမျှ​တို့​မှ​လည်း သင်​တို့​ကို စင်ကြယ်​စေ​မည်​။ 26သင်​တို့​အား စိတ်နှလုံး​သစ်​ကို​ပေး​မည်​။ သင်​တို့​အထဲ​သို့ စိတ်သဘော​သစ်​ကို သွင်းပေး​မည်​။ သင်​တို့​ကိုယ်ခန္ဓာ​ထဲမှ မာကျော​သော​ကျောက်​နှလုံးသား​ကို ဖယ်ရှား​၍ အသား​နှလုံးသား​ကို​ပေး​မည်​။ 27ငါ့​ဝိညာဉ်​ကို​လည်း သင်​တို့​အထဲ​သို့ သွင်းပေး​၍ ငါ​၏​တရားလမ်း​များ​သို့ လိုက်လျှောက်​စေ​မည်​။ ငါ​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​စေ​မည်​။ 28သင်​တို့​၏​ဘိုးဘေး​တို့​အား ငါ​ပေး​ခဲ့​သော​ပြည်​၌ သင်​တို့​အသက်ရှင်​နေထိုင်​ကြ​ရ​မည်​။ သင်​တို့​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​မည်​။ ငါ​သည်​လည်း သင်​တို့​၏​ဘုရားသခင်​ဖြစ်​မည်​။ 29သင်​တို့​ကို မသန့်ရှင်း​သော​အပြုအမူ​များ​မှ ကယ်တင်​မည်​။ ကောက်ပဲသီးနှံ​များ​ကို​လည်း ပေါများ​စေ​မည်​။ သင်​တို့​ကို ငတ်မွတ်​ခြင်း​ဘေး​နှင့် ကြုံ​စေ​မည်​မ​ဟုတ်​။ 30သစ်သီးဝလံ​နှင့် ကောက်ပဲသီးနှံ​တို့​ကို ပေါကြွယ်ဝ​စေ​မည်​။ သို့မှ အငတ်ဘေး​ကြောင့် လူမျိုးခြား​တို့​ကဲ့ရဲ့​ခြင်း​ကို သင်​တို့​ကြုံ​ရ​တော့​မည်​မ​ဟုတ်​။
31ထိုအခါ သင်​တို့​၏​ဆိုးညစ်​သော​အပြုအမူ​၊ မကောင်း​သော​လုပ်ရပ်​များ​ကို ပြန်လည်​သတိရ​၍ ကိုယ်​ပြု​ခဲ့​သော​စက်ဆုပ်ရွံရှာဖွယ်​အပြစ်​တို့​ကြောင့် ကိုယ့်ကိုယ်ကို စက်ဆုပ်​ကြ​လိမ့်မည်​။ 32ဤသို့ ငါ​ပြု​ခြင်း​သည် သင်​တို့​အဖို့​မ​ဟုတ်​။ အို အစ္စရေး​အမျိုး​၊ သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကြောင့် သင်​တို့​အရှက်ခွဲ​ခံရ​မည်​၊ အသရေဖျက်​ခံရ​မည်​ကို သင်​တို့​သိမှတ်​ကြ​လော့’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။
33ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် သင်​တို့​၏​ဒုစရိုက်​အားလုံး​ကို စင်ကြယ်​စေ​သော​နေ့​၌ သင်​တို့​ကို မြို့​များ​တွင် ပြန်လည်​နေထိုင်​ခွင့်​ပေး​မည်​။ ပြိုပျက်​ရာ​များ​ကို​လည်း ပြန်လည်​ပြုပြင်​ခွင့်​ပေး​မည်​။ 34ဖြတ်သန်းသွားလာ​သော​သူ​တို့​၏​အမြင်​တွင် တိတ်ဆိတ်​ခြောက်ကပ်​၍ လူသူကင်းမဲ့​သော​မြေ​ကို ထွန်ယက်​စိုက်ပျိုး​သော​မြေ ဖြစ်​စေ​မည်​။ 35သူ​တို့​က လူသူကင်းမဲ့​ခဲ့​သော ဤ​မြေ​သည် ဧဒင်​ဥယျာဉ်​ကဲ့သို့​ဖြစ်လာ​ပြီ​။ ဖျက်ဆီး​ခံရ​သဖြင့် ဆိတ်ညံ​၍ လူသူကင်းမဲ့​သော​မြို့​များ​သည်​လည်း လူ​နေထိုင်​ရာ​ခိုင်ခံ့​သော​မြို့​များ​ဖြစ်လာ​ပြီ​ဟု ပြောဆို​ကြ​လိမ့်မည်​။ 36ငါ​ထာဝရဘုရား​သည် ဖျက်ဆီး​ခံရ​သော​မြို့​တို့​ကို ပြန်လည်​တည်ဆောက်​သော​ဘုရား​၊ လူသူကင်းမဲ့​သော​အရပ်​တို့​ကို ပြန်လည်​သက်ဝင်​စေ​သော​ဘုရား​ဖြစ်ကြောင်း သင့်​ဝန်းကျင်​ရှိ​အခြား​တိုင်းပြည်​တို့ သိ​ကြ​လိမ့်မည်​။ ငါ​ထာဝရဘုရား မိန့်ဆို​သည့်​အတိုင်း ပြု​မည်’​ဟု မိန့်​တော်မူ​၏​။
37ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုး​တို့ တောင်းဆို​သည့်​အတိုင်း ငါ​ပြု​ပေး​မည်​။ သူ​တို့​ကို သိုး​တို့​ကဲ့သို့ တိုးပွား​စေ​မည်​။ 38ဆိတ်ညံ​ခဲ့​သော​မြို့​တို့​သည် သတ်မှတ်​ထား​သော​ပွဲတော်​ကာလ​တွင် ဂျေရုဆလင်​မြို့​၌ ယဇ်ပူဇော်​ရန်​သိုး​များ​နှင့် ပြည့်နှက်​နေ​သကဲ့သို့ လူအုပ်​များ​နှင့် ပြည့်​နေ​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​ကြောင်း ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 36: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။