YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 35

35
ဧဒုံပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ စိရ​တောင်​သို့​မျက်နှာမူ​ပြီး ထို​တောင်​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ 3ဘုရားရှင်​ထာဝရဘုရား​က ‘အို စိရ​တောင်​၊ သင့်​ကို​ငါ​ဆန့်ကျင်​မည်​။ ငါ့​လက်​ကို​ဆန့်​၍ သင့်​ကို​ဆန့်ကျင်​မည်​။ သင့်​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​မည်​။ 4သင့်​မြို့​တို့​ကို​လည်း ဖျက်ဆီး​သဖြင့် သင်​သည် လူသူကင်းမဲ့​ရာ ဖြစ်​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​သိ​လိမ့်မည်​။
5သင်​သည် ရှေးယခင်​ကပင် အငြိုး​ထားခဲ့​၏​။ အစ္စရေး​အမျိုးသား​တို့ ဘေးဒုက္ခ​ရောက်​ချိန်​၊ အပြီးသတ်​ဒဏ်ခတ်​ခံရ​ချိန်​တွင် သင်​သည် သူ​တို့​ကို ဓား​လက်​သို့​အပ်​လိုက်​၏​။ 6ထို့ကြောင့် ငါ​ဘုရားရှင်​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ အသက်သတ်​ခြင်း​အမှု​ကို သင်​၌​အပ်​သဖြင့် သွေးကြွေး​သည် သင့်​ကို​လိုက်​လိမ့်မည်​။ လူ​အသက်သတ်​ခြင်း​ကို သင်​မြတ်နိုး#35:6 တိုက်ရိုက်ပြန်ဆိုလျှင် “သင်မမုန်း”။​သောကြောင့် သွေးကြွေး​သည် သင့်​နောက်​သို့​လိုက်​လိမ့်မည်​။ 7ငါ​သည် စိရ​တောင်​ကို ဆိတ်ညံ​ရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​စေ​မည်​။ ထို​တောင်​သို့ ဝင်ထွက်သွားလာ​သူ​မ​ရှိ​အောင် ငါ​လုပ်​မည်​။ 8တောင်တန်း​များ​ပေါ်တွင် အသေကောင်​များ​ဖြင့် ပြည့်​စေ​မည်​။ တောင်ကုန်း​၊ ချိုင့်ဝှမ်း​၊ မြစ်ချောင်း​များ​တွင်​လည်း ဓား​ဖြင့်​သေ​သော​သူ​တို့ ပုံ​လျက်​နေ​လိမ့်မည်​။ 9လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​စေ​မည်​။ မြို့​တို့​တွင် နေထိုင်​မည့်​သူ ရှိ​တော့​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။
10ထို​အရပ်​တွင် ထာဝရဘုရား​ရှိ​လျက်​နှင့် သင်​တို့​က ဤ​ပြည်​နှစ်​ပြည်​၊ ဤ​လူမျိုး​နှစ်​မျိုး​ကို ငါ​တို့​သိမ်းပိုက်​၍ ငါ​တို့​အပိုင်​ဖြစ်​မည်​ဟု ဆို​သောကြောင့် 11ငါ​ဘုရားရှင်​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ သင်​သည် သူ​တို့​အား ဒေါသစိတ်​၊ မနာလိုစိတ်​ဖြင့် အငြိုးထား​ခြင်း​ကြောင့် သင့်​ကို ငါ​စီရင်​မည်​။ သင့်​ကို ငါ​စီရင်​သောအခါ ငါ​မည်သူ​ဖြစ်ကြောင်း သူ​တို့​ကို​သိ​စေ​မည်​။ 12သင်​သည် အစ္စရေး​တောင်တန်း​ကို အရှက်ခွဲ​လျက် ထို​တောင်တန်း​ပျက်စီး​ပြီ​၊ ငါ​တို့​အစာ​ဖြစ်​လေ​ပြီ​ဟု ပြောဆို​သော​စကား​အလုံးစုံ​ကို ငါ​ကြား​ကြောင်း သင်​သိ​ရ​လိမ့်မည်​။ 13သင့်​နှုတ်​ဖြင့် ငါ့​အား ဆန့်ကျင်​ပုတ်ခတ်​သော​စကား​၊ မောက်မောက်မာမာ​ပြောဆို​ခဲ့​သော​စကား​အလုံးစုံ​ကို ငါ​ကြား​၏’​ဟု မိန့်​တော်မူ​၏​။
14ဘုရားရှင်​ထာဝရဘုရား​က ‘မြေကြီး​တစ်ပြင်လုံး​ဝမ်းမြောက်​နေစဉ် ငါ​သည် သင့်​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ 15အစ္စရေး​အမွေမြေ​သည် လူသူကင်းမဲ့​ရာ​ဖြစ်​သောအခါ သင်​ဝမ်းမြောက်​သကဲ့သို့ သင့်​ကို ထိုသို့​ဖြစ်​စေ​မည်​။ အို စိရ​တောင်​၊ သင်​နှင့်တကွ ဧဒုံ​ပြည်​တစ်ပြည်လုံး လူသူကင်းမဲ့​ရာ ဖြစ်​စေ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 35: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ