ယေဇကျေလအနာဂတ္တိကျမ်း 34
34
သိုးထိန်းများနှင့်ထာဝရဘုရား၏သိုးစုတော်
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ အစ္စရေးသိုးထိန်းတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက သိုးထိန်းတို့အား ‘မိမိကိုယ်ကိုသာ ကျွေးမွေးစောင့်ရှောက်သော အစ္စရေးသိုးထိန်းတို့၊ သင်တို့သည် အမင်္ဂလာရှိ၏။ သိုးထိန်းတို့မည်သည် သိုးတို့ကို ကျွေးမွေးရမည်မဟုတ်လော။ 3သင်တို့သည် သိုးဆီကိုစားပြီး သိုးမွေးကိုဝတ်ကြ၏။ ဆူဖြိုးသောအကောင်ကိုလည်း သတ်စားကြ၏။ သို့သော် သိုးတို့ကိုမူ မကျွေးမွေးကြ။ 4အားနည်းသောသိုးတို့ကို အားမဖြည့်ပေး၊ ဖျားနာသောသိုးတို့ကို ဆေးမကုပေး၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ကျပ်မစည်းပေးကြ။ လမ်းလွဲသောသိုးများကို ပြန်မခေါ်ဆောင်လာ၊ ပျောက်သောသိုးတို့ကိုလည်း မရှာဖွေကြ။ သင်တို့သည် သိုးတို့ကို ခက်ထန်ကြမ်းတမ်းစွာ ထိန်းကျောင်းကြ၏။ 5သိုးထိန်းမရှိသောကြောင့် သိုးတို့ကွဲလွင့်ကုန်၏။ ကွဲလွင့်သွားသောသိုးတို့သည် သားရဲတိရစ္ဆာန်တို့၏အစာဖြစ်ရကုန်၏။ 6ငါ့သိုးတို့သည် တောင်တန်းရှိသမျှ၊ ကုန်းမြင့်ရှိသမျှတို့တွင် လှည့်လည်သွားလာနေရပြီ။ မြေတစ်ပြင်လုံးသို့ ကွဲလွင့်ကုန်ပြီ။ ငါ့သိုးတို့ကို လိုက်လံရှာဖွေသူ တစ်ယောက်မျှမရှိ’ဟု မိန့်တော်မူ၏။
7ထို့ကြောင့် အို သိုးထိန်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ 8ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သိုးထိန်းမရှိသောကြောင့် ငါ့သိုးတို့သည် သားကောင်များဖြစ်သွားရပြီ။ တောရိုင်းတိရစ္ဆာန်တို့၏အစာဖြစ်ရပြီ။ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မရှာဖွေ။ ငါ့သိုးတို့ကို မထိန်းကျောင်း၊ သူတို့ကိုယ်ကိုသာ ကြည့်ရှု၏’ဟု မိန့်တော်မူ၏။ 9ထို့ကြောင့် အို သိုးထိန်းတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့။
10ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးထိန်းတို့ကိုဆန့်ကျင်၍ သူတို့ထံမှ ငါ့သိုးတို့ကို ပြန်တောင်းမည်။ သူတို့ကို သိုးထိန်းအဖြစ်မှ နုတ်ပယ်ပစ်မည်။ သိုးထိန်းတို့သည် သူတို့ကိုယ်ကို ကျွေးမွေးနိုင်တော့မည်မဟုတ်။ ငါ့သိုးများကို သူတို့နှုတ်မှကယ်နုတ်မည်၊ သူတို့အစာ မဖြစ်စေရ’ဟု မိန့်တော်မူ၏။
11ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို လိုက်လံရှာဖွေမည်။ 12သိုးထိန်းသည် ကွဲလွင့်သွားသော မိမိ၏သိုးတို့ကို လိုက်ရှာသကဲ့သို့ ငါသည်လည်း ငါ့သိုးတို့ကို ရှာဖွေမည်။ မိုးအုံ့၍အမှောင်ကျသောနေ့တွင် အရပ်ရပ်ကွဲလွင့်သွားသော ငါ့သိုးတို့ကိုကယ်တင်မည်။ 13သူတို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။ အစ္စရေးတောင်တန်းများအပေါ်၊ မြစ်ချောင်းများအနားမှစ၍ သူတို့နေထိုင်ရာအရပ်ရပ်တို့တွင် သူတို့ကို ကျွေးမွေးမည်။ 14ကောင်းသောစားကျက်မြေတွင် သူတို့ကို ကျွေးမွေးမည်။ မြင့်မားသောအစ္စရေးတောင်တန်းများသည် သူတို့ကျက်စားရာနေရာဖြစ်လိမ့်မည်။ ကောင်းသောစားကျက်မြေတွင်နေရ၍ စိမ်းလန်းသောကျက်စားရာ အစ္စရေးတောင်တန်းများပေါ်တွင် သူတို့ကျက်စားရကြလိမ့်မည်’ဟု မိန့်တော်မူ၏။ 15ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို ကျွေးမွေးစောင့်ရှောက်မည်။ ငါကိုယ်တိုင် သူတို့ကို စိမ်းလန်းသောအရပ်တွင် လဲလျောင်းစေမည်။ 16ပျောက်သောသိုးကို ပြန်ရှာမည်။ လမ်းလွဲသောသိုးကို ပြန်ခေါ်လာမည်။ ဒဏ်ရာရသောသိုးကို ကျပ်စည်းပေးမည်။ အားနည်းသောသိုးကို အားရှိစေမည်။ သို့သော် ဆူဖြိုးသန်မာသောသိုးကိုမူ ငါသုတ်သင်ပစ်မည်။ ငါသည် သိုးတို့ကို တရားသဖြင့် ကျွေးမွေးထိန်းကျောင်းမည်’ဟု မိန့်တော်မူ၏။
17အသင် ငါ့သိုးတို့၊ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးအချင်းချင်းအမှု၊ သိုးနှင့်ဆိတ်တို့အမှုကို စီရင်မည်။ 18သင်တို့သည် ကောင်းသောစားကျက်မြေ၌ ကျက်စားရသည်မှာ မလုံလောက်သေး၍ ကျန်သောစားကျက်မြေကို နင်းချေပစ်ရသလော။ ကြည်လင်သန့်ရှင်းသောရေကို သောက်ရသည်မှာ မလုံလောက်သေး၍ ကျန်သောရေကို နောက်ကျိအောင် မွှေနှောက်ပစ်ရသလော။ 19သင်တို့နင်းချေခဲ့သော စားကျက်မြေကို ငါ့သိုးတို့စားရမည်လော။ သင်တို့နောက်ကျိအောင်မွှေနှောက်သောရေကို ငါ့သိုးတို့သောက်ရမည်လော’ဟု မိန့်တော်မူ၏။
20သို့ဖြစ်၍ ဘုရားရှင်ထာဝရဘုရားက သူတို့အား ‘ကြည့်ရှုလော့။ ဆူဖြိုးသောသိုးနှင့် ပိန်လှီသောသိုးတို့အမှုကို ငါကိုယ်တိုင်စီရင်မည်။ 21သင်တို့သည် အားနည်းသောသိုးတို့ကို နံစောင်း၊ ပခုံးတို့ဖြင့် တွန်းထုတ်သည်သာမက အဝေးသို့လွင့်ထွက်သွားသည့်တိုင်အောင် ချိုဖြင့်ဝှေ့သောကြောင့် 22ငါ့သိုးတို့ကို ငါကယ်တင်မည်။ သားကောင်ဖြစ်ရတော့မည်မဟုတ်။ သိုးတစ်ကောင်ချင်းစီ၏အမှုကို ငါစီရင်မည်။ 23သူတို့ကိုထိန်းကျောင်းရန် သိုးထိန်းတစ်ဦးအဖြစ် ငါ့အစေအပါးဒါဝိဒ်ကို ငါခန့်ထားမည်။ သူသည် သိုးထိန်းတစ်ဦးအဖြစ် သိုးတို့ကို ထိန်းကျောင်းပေးလိမ့်မည်။ 24ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ ငါ့အစေအပါးဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်လိမ့်မည်။ ငါထာဝရဘုရား မိန့်တော်မူ၏။
25ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။ 26သူတို့နှင့်တကွ သူတို့ကျက်စားရာငါ့တောင်ပတ်ပတ်လည်ကို ကောင်းချီးမင်္ဂလာချပေးမည်။ ရာသီအလိုက် မိုးရွာသွန်းစေမည်။ ကောင်းချီးမိုးကို ရွာသွန်းစေမည်။ 27တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ 28သူတို့သည် လူမျိုးတကာတို့၏သားကောင် ဖြစ်တော့မည်မဟုတ်။ ထိုပြည်ရှိသားရဲတိရစ္ဆာန်တို့လည်း သူတို့ကို ကိုက်စားကြတော့မည်မဟုတ်။ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ကိုခြိမ်းခြောက်မည့်သူ ရှိတော့မည်မဟုတ်။ 29သူတို့အား သီးနှံဖြစ်ထွန်းသောဥယျာဉ်မြေကို ပေးမည်။ ထိုပြည်တွင် ငတ်မွတ်ခြင်းဘေးကြောင့် သေရတော့မည်မဟုတ်။ လူမျိုးခြားတို့၏အသရေဖျက်ခြင်းကိုလည်း ခံရတော့မည်မဟုတ်။ 30သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်း၊ အစ္စရေးအမျိုးအနွယ်သည် ငါ့လူမျိုးတော်ဖြစ်ကြောင်းကို လူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ 31ဘုရားရှင်ထာဝရဘုရားက “သင်တို့သည် ငါ့စားကျက်၌ကျက်စားသော လူမျိုးတော်သိုးစုဖြစ်၏။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်၏”ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 34: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative