ယေဇကျေလအနာဂတ္တိကျမ်း 33
33
အစ္စရေးလူမျိုးတို့အဖို့ ယေဇကျေလကို ကင်းစောင့်အဖြစ်ခန့်ထားခြင်း
1တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 2“အချင်းလူသား၊ သင့်အမျိုးသားတို့အား ဤသို့ဆင့်ဆိုလော့။ ထာဝရဘုရားက ‘ငါသည် ပြည်ပေါ်သို့ ဓားဘေးကျရောက်စေသောအခါ ပြည်သားတို့သည် သူတို့ထဲမှယောက်ျားတစ်ယောက်ကို ကင်းစောင့်အဖြစ် ရွေးချယ်ခန့်ထား၏။ 3ထိုသူသည် ပြည်သို့ ဓားဘေးကျရောက်သည်ကို သိမြင်ပြီး တံပိုးမှုတ်လျက် ပြည်သားတို့ကို သတိပေးသောအခါ 4တံပိုးမှုတ်သံကိုကြားသော်လည်း သတိမထားသောသူသည် ဓားဘေးရောက်လာ၍ သူသေသွားလျှင် သူ့အသက်သည် သူနှင့်သာဆိုင်၏။ 5တံပိုးမှုတ်သံကိုကြားသော်လည်း သတိမထားသောကြောင့် အသက်သေသွားလျှင် ကိုယ်နှင့်သာဆိုင်၏။ သတိထားသောသူမူကား အသက်ချမ်းသာရာရမည်။ 6သို့သော် ကင်းစောင့်သည် ဓားဘေးကျရောက်မည်ကို သိမြင်သော်လည်း တံပိုးကိုမမှုတ်ဘဲနေ၍ ပြည်သားတို့သည် သတိပေးခြင်းမခံရသဖြင့် ဓားဘေးကျရောက်၍ သူတို့အသက်ဆုံးသွားလျှင် သူသည် အပြစ်ကြောင့် သေသွားရသော်လည်း သူ့အသက်ကို ကင်းစောင့်ထံ ငါပြန်တောင်းမည်’ဟု မိန့်တော်မူ၏။
7အချင်းလူသား၊ ယခု သင့်အား အစ္စရေးအမျိုးတို့အတွက် ကင်းစောင့်အဖြစ် ငါခန့်ထားပြီ။ ငါ၏နှုတ်ထွက်စကားကို နားထောင်ပြီး သူတို့အား သတိပေးရမည်။ 8ဆိုးယုတ်သောသူအား ငါက ‘အချင်းဆိုးယုတ်သောသူ၊ သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့်ပင် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်လှည့်စေရန် သင်သည် သူ့ကိုသတိမပေးလျှင် သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သူ့အသက်ကို သင့်ထံ ငါပြန်တောင်းမည်။ 9အကယ်၍ ဆိုးယုတ်သောသူအား ဆိုးယုတ်သောလမ်းမှပြန်လှည့်စေရန် သင်သတိပေးသော်လည်း သူသည် ပြန်မလှည့်ဘဲနေလျှင် သူ့အပြစ်ကြောင့် သူသေရမည်။ သင်မူကား အသက်ချမ်းသာရာရမည်။
10အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။ 11ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’#ယေဇ 18:32၊ ၂ပေ 3:9။ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ 12အချင်းလူသား၊ သင်၏အမျိုးသားချင်းတို့အား ‘ဖြောင့်မတ်သောသူသည် သူအပြစ်ကျူးလွန်မိသောအခါ သူ၏ဖြောင့်မတ်ခြင်းသည် သူ့ကို ကယ်တင်မည်မဟုတ်။ ဆိုးယုတ်သောသူသည်လည်း သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်သောအခါ သူပြုခဲ့သောဆိုးယုတ်မှုသည် သူ့အား ပြိုလဲစေမည်မဟုတ်။ ဖြောင့်မတ်သောသူ အပြစ်ပြုသောအခါ အသက်ရှင်ခွင့်ရမည်မဟုတ်’ဟု ပြောကြားလော့။ 13ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရမည်ဟု ငါဆိုသော်လည်း သူသည် ဖြောင့်မတ်ခြင်းကိုမှီ၍ မကောင်းမှုကိုပြုလျှင် သူဖြောင့်မတ်ခဲ့သမျှကို ပြန်လည်အမှတ်ရမည်မဟုတ်။ သူပြုခဲ့သောမကောင်းမှုကြောင့် သေရလိမ့်မည်။
14ဆိုးယုတ်သောသူအားလည်း ‘သင်မုချသေရမည်’ဟု ငါဆိုသော်လည်း သူသည် အပြစ်ကိုစွန့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင်၊ 15ဆိုးယုတ်သောသူသည် အပေါင်ပစ္စည်းကို ပြန်ပေးမည်၊ လုယူပစ္စည်းတို့ကို ပြန်လျော်ပေးမည်၊ မကောင်းမှုကိုရှောင်၍ အသက်ချမ်းသာရာရစေသောပြဋ္ဌာန်းချက်တို့ကို လိုက်နာမည်ဆိုလျှင် သူသည် မသေ၊ စင်စစ်အသက်ချမ်းသာရာရလိမ့်မည်။ 16သူကျူးလွန်ခဲ့သောအပြစ်အားလုံးကို အမှတ်ရတော့မည်မဟုတ်။ သူသည် တရားသောအမှု၊ ဖြောင့်မတ်သောအမှုတို့ကိုပြုသောကြောင့် စင်စစ်အသက်ရှင်ရမည်။
17သင့်အမျိုးသားချင်းတို့က ‘ဘုရားရှင်၏နည်းလမ်းတော်သည် တရားမျှတမှုမရှိ’ဟု ဆိုတတ်ကြ၏။ စင်စစ် သူတို့၏နည်းလမ်းကသာ တရားမျှတမှုမရှိ။ 18ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုအမှုကြောင့် သူသေရမည်။ 19ဆိုးယုတ်သောသူသည်လည်း ဆိုးယုတ်မှုမှပြန်လှည့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင် ထိုအမှုကြောင့် သူအသက်ရှင်ရမည်။ 20သင်တို့က ‘ထာဝရဘုရား၏နည်းလမ်းတော်သည် မတရား’ဟု ဆိုတတ်ကြပါသည်တကား။ အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့လျှောက်သည့်လမ်းများအတိုင်း သင်တို့အသီးသီးကို ငါစီရင်မည်”ဟု မိန့်ဆို၏။
ဂျေရုဆလင်မြို့ ကျဆုံးသည့်သတင်း
21ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး တစ်ဆယ့်နှစ်နှစ်မြောက်၊ ဒသမလ၊ ငါးရက်နေ့တွင် ဂျေရုဆလင်မြို့မှ ထွတ်ပြေးလွတ်မြောက်လာသူတစ်ဦး ငါ့ထံသို့ရောက်လာ၍ “မြို့တော်ကြီးတိုက်ခိုက်ခံရလေပြီ”ဟု ကြားပြောလေ၏။ 22ထိုသူမရောက်လာမီ နေဝင်ချိန်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်တည်လျက် ငါ့နှုတ်ကိုဖွင့်တော်မူ၏။ နံနက်အချိန် ထိုသူရောက်လာသောအခါ ငါသည် ဆွံ့အမနေတော့ဘဲ နှုတ်ကိုဖွင့်၍ဟောပြော၏။
အစ္စရေးအမျိုးတို့ ဆက်လက်ပုန်ကန်ကြခြင်း
23ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ 24“အချင်းလူသား၊ ပြိုပျက်နေသောအစ္စရေးပြည်တွင် နေထိုင်သူတို့က ‘အာဗြဟံတစ်ဦးတည်းပင် ထိုပြည်ကို အပိုင်ရသေးလျှင် လူအများဖြစ်သောငါတို့ကို သာ၍အပိုင်ပေးနိုင်၏’ဟု ဆိုတတ်ကြ၏။ 25ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့သည် အသွေးကိုစားလျက်၊ ရုပ်တုကိုမျှော်ကြည့်လျက်၊ အသက်ကိုသတ်လျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလော။ 26ဓားကိုအားကိုးလျက်၊ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလျက်၊ အိမ်နီးချင်းမယားကိုပြစ်မှားလျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလောဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
27ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါအသက်ရှင်သည်နှင့်အညီ စင်စစ် မြို့ပျက်များ၌နေသောသူတို့သည် ဓားဖြင့် လဲကျသေဆုံးရလိမ့်မည်။ မြို့ပြင်၌နေသောသူတို့သည် သားရဲတိရစ္ဆာန်၏ဝါးမျိုခြင်းကို ခံရမည်။ ရဲတိုက်များ၊ လိုဏ်ဂူများ၌ခိုလှုံသောသူတို့သည် ကပ်ရောဂါဘေးဖြင့် သေရလိမ့်မည်။ 28ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေမည်။ သူဂုဏ်ယူအားထားရာ သူ၏ခွန်အားကိုလည်း ကွယ်ပျောက်စေမည်။ အစ္စရေးတောင်တို့သည် ဖြတ်သန်းသွားလာမည့်သူမရှိ။ လူသူကင်းမဲ့ရာဖြစ်သွားမည်။ 29သူတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာဖြစ်စေသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏’ဟု ဆင့်ဆိုလော့။
30အချင်းလူသား၊ သင့်အမျိုးသားချင်းတို့က နံရံများ၊ အိမ်တံခါးများအနီးတွင် သင့်ကိုရည်မှတ်၍ ‘ထာဝရဘုရားထံမှ မည်သည့်သတင်းကြားရမည်ကို သွား၍နားထောင်ကြစို့’ဟု အချင်းချင်းပြောဆိုတတ်ကြ၏။ 31သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။ 32သင့်စကားသည် သူတို့အတွက် ကျွမ်းကျင်စွာတီးမှုတ်၍ ချိုသာသောအသံဖြင့်သီဆိုသော သာယာနာပျော်ဖွယ်သီချင်းနှင့်တူ၏။ သူတို့သည် သင့်စကားကို နားထောင်သော်လည်း မလိုက်နာကြ။ 33သို့သော် ထိုစကားတို့ အမှန်ဖြစ်လာသောအခါမှ သူတို့တွင် ပရောဖက်ရှိကြောင်းကို သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။
လက်ရှိရွေးချယ်ထားမှု
ယေဇကျေလအနာဂတ္တိကျမ်း 33: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative