YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 32

32
အီဂျစ်ဘုရင်ဖာရောအတွက် ငိုကြွေးမြည်တမ်းခြင်း
1တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ တစ်ဆယ့်​နှစ်​လ​ပိုင်း​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အတွက် ငိုကြွေးမြည်တမ်း​လျက် ‘​သင်​သည် လူမျိုးတကာ​တို့​တွင် ခြင်္သေ့ပျို​နှင့်​တူ​၏​။ မြစ်ချောင်း​တို့​တွင် ကူးခတ်​သွားလာ​ပြီး ထို​မြစ်ချောင်း​တို့​ကို ခြေ​ဖြင့်​မွှေနှောက်​ကာ နောက်ကျိ​စေ​သော ပင်လယ်​မြွေနဂါး​နှင့်​တူ​၏’​ဟု သူ့​အား ဆင့်ဆို​လော့​။ 3ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် များစွာ​သော​လူ​အလုံးအရင်း​နှင့်အတူ သင့်​ကို ငါ့​ပိုက်ကွန်​ဖြင့် အုပ်​မည်​။ သူ​တို့​သည် ထို​ပိုက်ကွန်​ဖြင့် သင့်​ကို​ဆွဲယူ​ကြ​လိမ့်မည်​။ 4ထို့နောက် သင့်​ကို ကုန်း​ပေါ်​ကွင်းပြင်​တွင် ပစ်​ထား​မည်​။ သင့်​အပေါ် မိုးကောင်းကင်​ငှက်​အပေါင်း​တို့​ကို လာနား​စေ​မည်​။ မြေ​တစ်ပြင်လုံး​ရှိ တောရိုင်းတိရစ္ဆာန်​တို့ ဝလင်​စွာ​စား​ရန် ပေး​ပစ်​မည်​။ 5တောင်​ပေါ်တွင် သင့်​အသား​ကို ဖြန့်​ထား​မည်​။ ချိုင့်ဝှမ်း​များ​ကို​လည်း သင့်​အလောင်း​ဖြင့် ပြည့်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။ 6‘သင့်​ကိုယ်​မှ​စီးကျ​သော​သွေး​များ​ဖြင့် တောင်​များ​ပါ​မကျန် မြေ​ကို​စိုစွတ်​စေ​မည်​။ မြစ်​များ​သည်​လည်း သင်​၏​သွေး​များ​နှင့် ပြည့်​နေ​လိမ့်မည်​။ 7သင့်​ဘဝ​ကို နိဂုံးချုပ်​စေ​သော​အချိန်​တွင် မိုးကောင်းကင်​ကို ဖုံး​ထား​မည်​။ ကြယ်​တို့​ကို​လည်း အမှောင်ကျ​စေ​မည်​။ နေ​ကို တိမ်​ဖြင့်​ကာ​ထား​မည်​။ လ​သည် အလင်းရောင်​ကို ပေး​မည်​မ​ဟုတ်​။#ဟေရှာ 13:10၊ ယောလ 2:10,31၊ 3:15၊ ဗျာ 8:12၊ 9:2။ 8မိုးကောင်းကင်​ရှိ​အလင်းအိမ်​ကို မှောင်မည်း​စေ​မည်​။ သင့်​ပြည်​ကို အမှောင်​ဖုံးလွှမ်း​စေ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ 9သင်​မ​သိ​သော​လူမျိုး​တို့​နေရာ​အရပ်ရပ်​သို့ သင်​ပျက်စီး​သော​သတင်း​ကို ငါ​လွှင့်​သောအခါ လူ​အမြောက်အမြား စိတ်ပျက်​အားလျော့​ကြ​လိမ့်မည်​။ 10သင့်​ကြောင့် လူ​အမြောက်အမြား တုန်လှုပ်ချောက်ချား​ရ​လိမ့်မည်​။ သူ​တို့​၏​ဘုရင်​များ​ရှေ့​တွင် ဓား​ကို​ရွယ်လိုက်​သောအခါ ရှင်ဘုရင်​တို့​သည် ထိတ်လန့်​ကြောက်ရွံ့​ကြ​လိမ့်မည်​။ သင်​လဲကျ​သွား​သော​နေ့​၌ လူ​တို့​သည် တစ်ခဏချင်း​တွင်ပင် သူ​တို့​၏​အသက်​အန္တရာယ်​အတွက် စိုးရိမ်ပူပန်​ကြ​လိမ့်မည်​။ 11အကြောင်းမူကား ဘုရားရှင်​ထာဝရဘုရား​က ‘ဘေဘီလုံ​ဘုရင်​၏​ဓား​သည် သင့်​ထံ​ရောက်လာ​လိမ့်မည်​။ 12သင်​၏​လူအလုံးအရင်း​ကို ခွန်အားကြီး​သော​စစ်သူရဲ​တို့​၏​ဓား​ဖြင့် ကျဆုံး​စေ​မည်​။ အကြမ်းကြုတ်ဆုံး​လူမျိုး​အပေါင်း​တို့​သည် အီဂျစ်​ပြည်​၏​မာန​ကို ချိုး​ပစ်​လိမ့်မည်​။ သူ​၏​လူအလုံးအရင်း​တို့​သည် ပျက်စီး​သွား​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။ 13‘ရေ​ပေါများ​ရာ​အရပ်​တွင်​ကျက်စား​သော တိရစ္ဆာန်​တို့​ကို သုတ်သင်​ပစ်​မည်​။ ထို​ရေ​ကို မည်သူ​က​မျှ ခြေ​ဖြင့်​မ​မွှေနှောက်​ရ​။ မည်သည့်​တိရစ္ဆာန်​က​မျှ ခွာ​ဖြင့်​မ​မွှေနှောက်​ရ​။ 14ငါ​သည် ရေ​ကို​ကြည်လင်​စေ​မည်​၊ မြစ်​တို့​ကို ဆီ​ကဲ့သို့ စီး​စေ​မည်​’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ 15‘ငါ​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို သုတ်သင်ရှင်းလင်း​ပစ်​မည်​၊ လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​၊ သက်ရှိ​မှန်သမျှ​ကို ဒဏ်ခတ်​မည်​။ ထိုအခါမှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။ 16လူမျိုးတကာ​တို့​မှ ငိုချင်းသည်​မိန်းမ​တို့​က ငိုချင်းဆို​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်​နှင့် သူ​၏​လူအလုံးအရင်း​တို့​ကြောင့် ငိုချင်းဆို​ကြ​လိမ့်မည်​။ ဤသည်ကား အီဂျစ်​ပြည်​အတွက် ငိုချင်း​ဖြစ်​၏’​ဟူ၍ ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
မရဏာနိုင်ငံရောက် အီဂျစ်ပြည်
17တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ ပထမ​လ​၊ တစ်ဆယ့်​ငါး​ရက်​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 18“​အချင်း​လူသား​၊ အီဂျစ်​လူအုပ်ကြီး​အတွက် ငိုကြွေးမြည်တမ်း​လော့​။ အီဂျစ်​ပြည်​နှင့် အင်အားကြီး​သော​လူမျိုး​တို့​၏​သမီးပျို​တို့​ကို တွင်း​ထဲ​ကျသွား​သော​သူ​တို့​နှင့်အတူ မြေကြီး​အောက်​တွင်းနက်​ထဲသို့ ပစ်ချ​လျက်
19‘သင်​သည် မည်သူ​ထက်​သာ၍ ချစ်ဖွယ်​ကောင်း​သနည်း​။ အရေဖျားလှီး​ခြင်း​ကို​မခံ​သော​သူ​တို့​ရှိ​ရာ​သို့ ဆင်းသွား​၍ သူ​တို့​နှင့်အတူ လဲလျောင်း​လော့’​ဟု ဆင့်ဆို​လော့​။ 20အီဂျစ်​ပြည်​နှင့် သူ​၏​လူအလုံးအရင်း​ကို ဓားဘေး​သို့ အပ်လိုက်​ပြီ​။ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော​သူ​တို့​နှင့်အတူ သေ​ရ​မည်​ဖြစ်၍ သူ​တို့​ကို ဆွဲထုတ်​သွား​လော့​။ 21မရဏာနိုင်ငံ​သို့​ရောက်​နှင့်​နေ​သော အားကြီး​သော​သူရဲကောင်း​တို့​သည် အီဂျစ်​နှင့်​သူ​၏​မဟာမိတ်​တို့​အား ‘​သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​ရှိ​ရာ​သို့ ဆင်း​၍ သူ​တို့​နှင့်အတူ လဲလျောင်း​ရ​ပါ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။ 22ထို​အရပ်​တွင် အဆီးရီးယား​ဘုရင်​နှင့် သူ​၏​ပြည်သူပြည်သား​အားလုံး​ရှိ​၏​။ ဘုရင်​၏​ပတ်ပတ်လည်​တွင် သူ့​လူ​တို့​၏​သင်္ချိုင်းဂူ​များ ဝိုင်းရံ​ထား​လျက်​ရှိ​၏​။ သူ​တို့​အားလုံး ဓား​ဖြင့်​အသတ်ခံရ​၍ သေဆုံး​သွား​သော​သူ​များ​ဖြစ်​၏​။ 23သူ​တို့​သည် အသက်ရှင်​စဉ် လောက​လူသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​၏​။ ယခုမူ ဓား​ဖြင့်​အသတ်ခံရ​၍ သေဆုံး​ကြ​သဖြင့် သင်္ချိုင်း​တွင်းနက်​ထဲတွင် သူ​၏​လူ​များ​က သူ့​ကို​ဝိုင်းရံ​လျက် သင်္ဂြိုဟ်​ခံရ​လေ​ပြီ​တကား​။ 24ထို​အရပ်​တွင် ဧလံ​ဘုရင်​ရှိ​၏​။ သူ့​လူအလုံးအရင်း​တို့​သည် သူ​၏​သင်္ချိုင်း​ပတ်ပတ်လည်​တွင်​ရှိ​၏​။ သူ​တို့​သည် အသက်ရှင်​စဉ် လောက​လူသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​၍ ဓား​ဖြင့်​အသတ်ခံရ​သူ​များ ဖြစ်​ကြ​၏​။ ယခုမူ မြေကြီး​အောက်​ရောက်သွား​သော အရေဖျားလှီး​ခြင်း​မခံ​သော​သူ​တို့​နှင့်အတူ သူ​တို့​သည် အသရေပျက်​လျက် တွင်းနက်​ထဲသို့​ကျသွား​ကြ​လေ​ပြီ​။ 25အသတ်ခံရ​သူ​တို့​အလယ်​တွင် ဧလံ​ဘုရင်​နှင့်​သူ့​လူစု​အတွက် အိပ်ရာ​ပြင်ပေး​ထား​၏​။ သူ့​ပတ်ပတ်လည်​တွင် သူ့​လူ​၏​သင်္ချိုင်းဂူ​များ ဝိုင်းရံ​လျက်​ရှိ​၍ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​များ​ဖြစ်​၏​။ သူ​တို့​သည် အသက်ရှင်​စဉ် လောက​လူသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​၏​။ ယခုမူ မြေ​အောက်​တွင်းနက်​ထဲရှိ အသတ်ခံရ​သော​သူ​တို့​အလယ်​ရောက်သွား​သော​သူ​တို့​နှင့်အတူ အသရေပျက်​လျက် တွင်းနက်​ထဲသို့​ကျသွား​ကြ​လေ​ပြီ​။ 26ထို​အရပ်​တွင် မေရှက်​အမျိုးသား​၊ တုဗလ​အမျိုးသား​နှင့် သူ​တို့​၏​ပြည်သူပြည်သား​အားလုံး​တို့​လည်း ရှိ​ကြ​၏​။ သူ​တို့​ပတ်ပတ်လည်​တွင် သင်္ချိုင်းဂူ​များ ဝိုင်းရံ​လျက်​ရှိ​၏​။ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် မြေကြီးသား​တို့​အား ထိတ်လန့်​တုန်လှုပ်​စေ​ခဲ့​သူ​များ ဖြစ်​ကြ​၏​။ 27သူ​တို့​သည် အရေဖျားလှီး​ခြင်း​မခံ​သော​၊ ဓား​ကို​ခေါင်းအုံး​သဖွယ်​အုံး​ရ​သော​၊ စစ်လက်နက်​များ​နှင့်တကွ မရဏာနိုင်ငံ​သို့​ဆင်းသွား​ရ​သော စစ်သူရဲ​တို့​နှင့်အတူ လဲလျောင်း​ရ​မည်​မ​ဟုတ်​။ ထို​သူ​တို့​သည် မြေကြီးသား​တို့​ကို ထိတ်လန့်တုန်လှုပ်​စေ​ခဲ့​သည်​ဖြစ်၍ အရိုး​ထိ​အပြစ်​စွဲ​သော​သူ​များ ဖြစ်​ကြ​၏​။ 28သင်​သည်​လည်း အရေးဖျားလှီး​ခြင်း​မခံ​သော​သူ​တို့​နှင့်အတူ ဖျက်ဆီး​ခံရ​မည်​။ ဓား​ဖြင့်​အသတ်ခံရ​သော​သူ​တို့​နှင့်အတူ လဲလျောင်း​ရ​လိမ့်မည်​။ 29ထို​နေရာ​တွင် ဧဒုံ​ပြည်​နှင့်တကွ သူ​၏​ဘုရင်​များ​၊ သူ​၏​ခေါင်းဆောင်​များ အားလုံး​ရှိ​၏​။ သူ​တို့​သည် အရှိန်အဝါကြီး​ခဲ့​သော်လည်း ဓား​ဖြင့်​အသတ်ခံရ​သော​သူ​တို့​နှင့်အတူ သေ​ရ​၏​။ တွင်းနက်​ထဲသို့​ရောက်သွား​သော အရေဖျားလှီး​ခြင်း​မခံ​သော​သူ​တို့​နှင့်အတူ လဲလျောင်း​ရ​ကြ​၏​။ 30ထို​နေရာ​တွင် မြောက်အရပ်​မှ​မင်းညီမင်းသား​များ​နှင့် ဆီဒုန်​လူမျိုး​အားလုံး​လည်း ရှိ​ကြ​၏​။ သူ​တို့​သည် အရှိန်အဝါကြီး​၍ ကြောက်ရွံ့​ခန့်ညား​ရ​သော​လူ​များ​ဖြစ်​ခဲ့​သော်လည်း အသတ်ခံရ​သော​သူ​တို့​နှင့်အတူ အရှက်တကွဲ တွင်း​ထဲသို့​ကျ​ကြ​ရ​၏​။ ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​နှင့်အတူ လဲလျောင်း​ရ​၍ တွင်း​ထဲ​ရောက်သွား​သူ​တို့​နှင့်အတူ အသရေပျက်​ခြင်း​ကို ခံရ​လေ​ပြီ​တကား​။ 31အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် ထို​သူ​တို့​ကို​မြင်​သောအခါ ဓား​ဖြင့်​အသတ်ခံရ​သော မိမိ​လူ​အားလုံး​တို့​အတွက်​၊ မိမိ​နှင့်တကွ မိမိ​စစ်သည်​အားလုံး​အတွက် စိတ်သက်သာ​ရာ​ရ​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 32“ငါ​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​ပြည်သူပြည်သား​အပေါင်း​တို့​ကို မြေကြီးသား​တို့ ကြောက်ရွံ့​အောင်​ပြု​ခဲ့​သော်လည်း နောက်ဆုံး​မှာ သူ​တို့​သည် ဓား​ဖြင့်​အသတ်ခံရ​သော အရေဖျားလှီး​ခြင်း​မခံ​သူ​တို့​နှင့်အတူ လဲလျောင်း​နေ​ရ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 32: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ