YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 28

28
တိုင်ရာဘုရင်ကျဆုံးခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ တိုင်ရာ​မင်းကြီး​အား ဤသို့​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် ဘဝင်မြင့်​၍ ငါ​သည် ဘုရား​ဖြစ်​၏​။ သမုဒ္ဒရာ​အလယ် ဘုရား​တို့​၏​ပလ္လင်​တော်​၌ စံမြန်း​၏​ဟု သင်​ဆို​၏​။ သင်​သည် ဘုရား​မ​ဟုတ် လူသား​ဖြစ်​လျက်​နှင့် သင့်​စိတ်​ထဲ​တွင် သင့်ကိုယ်သင် ဘုရား​ဟု​ထင်မှတ်​၏​။ 3မှန်​ပါ​ပေ​၏​။ သင်​သည် ဒံယေလ​ထက်​သာ၍​ပညာရှိ​၏​။ သင့်​ရှေ့​တွင် မည်သည့်​အရာ​မျှ​ဖုံးကွယ်​၍​မ​ရ​။ 4သင့်​ဉာဏ်ပညာ​၊ သင့်​ထိုးထွင်းဉာဏ်​ဖြင့် ဥစ္စာပစ္စည်း​၊ ရွှေ​ငွေ​ရတနာ​တို့​ကို ရှာဖွေသိုမှီး​နိုင်​ပြီ​။ 5သင်​သည် ကုန်သွယ်​ရာ​၌ ကျွမ်းကျင်​လွန်း​၍ ဥစ္စာပစ္စည်း​တိုးပွား​လာ​၏​။ သင်​၏​ဥစ္စာပစ္စည်း​ကြောင့် ဘဝင်မြင့်​၏’​ဟု မိန့်​တော်မူ​၏​။ 6ဤသို့ သင့်ကိုယ်သင် ဘုရား​ဟု​ထင်မှတ်​သောကြောင့် 7‘ငါ​သည် ကြမ်းကြုတ်​သော လူမျိုးခြား​တိုင်းတစ်ပါးသား​တို့​ကို သင့်​ထံသို့​ခေါ်လာ​မည်​။ သူ​တို့​သည် ဓား​ကို​ထုတ်​၍ သင်​၏​ပညာ​ဂုဏ်​ကို ဖျက်ဆီး​မည်​။ သင်​၏​ခန့်ညားထည်ဝါမှု​ကို ဖျောက်ဖျက်​ပစ်​မည်​။ 8သင့်​ကို တွင်း​ထဲသို့ ဆွဲချ​ပစ်​မည်​။ သင်​သည် ပင်လယ်ပြင်​တွင် အသေဆိုး​နှင့်​သေ​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ 9‘သင်​သည် သင့်​ကို​သတ်​သော​သူ​၏​ရှေ့မှောက်​တွင် ငါ​သည် ဘုရား​ဖြစ်​၏​ဟု ဆို​နိုင်​ဦး​မည်လော​။ စင်စစ် လူသတ်သမား​တို့​အဖို့ သင်​သည် ဘုရား​မ​ဟုတ်​။ လူသား​သာ​ဖြစ်​၏​။ 10အရေဖျားလှီး​ခြင်း​မ​ခံ​သော​သူ​တို့​ကဲ့သို့ သင်​သည် တစ်ပါးအမျိုးသား​တို့​လက်​တွင် သေ​ရ​မည်’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။
တိုင်ရာဘုရင်နှင့်ပတ်သက်၍ ငိုချင်းဖွဲ့ဆိုခြင်း
11တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 12“​အချင်း​လူသား​၊ တိုင်ရာ​ဘုရင်​နှင့်​ပတ်သက်၍ ငိုချင်း​ချ​လျက် သူ့​အား ဤသို့ ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် စံတင်လောက်အောင် ပြီးပြည့်စုံ​သော​သူ​၊ ဉာဏ်ပညာ​ပြည့်ဝ​သူ​၊ အပြစ်​ပြောစရာ​မ​ရှိ​အောင်​လှ​သူ ဖြစ်​၏​။ 13ဘုရားသခင်​၏​ဥယျာဉ်​တော်​ဧဒင်​ထဲတွင် သင်​နေ​ရ​၏​။ သင့်​ကို ပတ္တမြား​၊ ဥဿဖရား​၊ စိန်​၊ ကျောက်မျက်ရွဲ​၊ မဟူရာကြောင်ဝင်​၊ နဂါးသွဲ့​၊ နီလာ​၊ မြ​၊ ဂေါ်မုတ်နီ စသော အဖိုးတန်​ကျောက်မျက်​အမျိုးမျိုး​တို့​ဖြင့် ဆင်ယင်​ထား​၏​။ သင်​၏​ပတ်သာ​နှင့် ပလွေ​ကို ရွှေ​ဖြင့်​လုပ်​ထား​၏​။ သင့်​ကို ဖန်ဆင်း​ခဲ့​သော​နေ့​တွင် ထိုသို့ ငါ​ပြင်ဆင်​ခဲ့​ပြီ​။ 14ငါ​သည် သင့်​ကို အတောင်​ဖြန့်မိုး​သော​ခေရုဗိမ်#28:14 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​တစ်ပါး​အဖြစ် ဘိသိက်ပေး​ပြီး ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်၌ နေရာချ​ထား​၏​။ သင်​သည် မီးတောက်​နေ​သော​ကျောက်တုံး​များ​အလယ်​တွင် သွားလာ​၏​။ 15သင့်​ကို​ဖန်ဆင်း​သည့်​နေ့​မှစ၍ သင်​ပြု​ခဲ့​သော​မတရားမှု​ပေါ်လာ​သည့်​နေ့​တိုင်အောင် အပြစ်တင်စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ခဲ့​။ 16သင်​၌ ကုန်သွယ်ရေးလုပ်ငန်း​များ များပြား​လာ​သည်​နှင့်အမျှ မတရားမှု​များ​လည်း များပြား​လာ​၏​။ ထိုသို့ သင်​အပြစ်ပြု​၍ ညစ်ညူး​သွား​သောကြောင့် ဘုရားသခင်​၏​သန့်ရှင်း​သော​တောင်​ပေါ်မှ သင့်​ကို ငါ​နှင်ထုတ်​ပစ်​၏​။ အတောင်​ဖြန့်မိုး​သော အို ခေရုဗိမ်#28:16 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​၊ သင့်​ကို တောက်ထိန်​နေ​သော​ကျောက်တုံး​များ​အလယ်​မှ ငါ​ဖယ်ထုတ်​ပစ်​ပြီ​။ 17သင့်​အလှ​ကြောင့် သင်​ဘဝင်မြင့်​လေ​ပြီ​။ သင့်​ခန့်ညားထည်ဝါမှု​ကြောင့် ပညာမဲ့​ဖြစ်​လေ​ပြီ​။ ငါ​သည် သင့်​ကို​မြေ​ပေါ်သို့​ပစ်ချ​မည်​။ ရှင်ဘုရင်​တို့​သည် သင့်​ကို​ကြည့်​၍ လှောင်ပြောင်​ကြ​လိမ့်မည်​။ 18သင်​၏​ကြီးလေး​သော​အပြစ်​၊ မတရား​ကုန်သွယ်​သော​အပြစ်​တို့​ကြောင့် သန့်ရှင်းရာဌာန ညစ်ညူး​လေ​ပြီ​။ ထို့ကြောင့် သင့်​အထဲ​မှ မီး​ထတောက်​၍ သင့်​ကို လောင်ကျွမ်း​စေ​မည်​။ ကြည့်ရှု​သူ​တို့​ရှေ့မှောက် မြေ​ပေါ်တွင် သင့်​ကို ပြာပုံ​ဖြစ်​စေ​မည်​။ 19သင်​နှင့်​သိကျွမ်း​ခဲ့​သော​လူမျိုး​အပေါင်း​တို့​သည် သင့်​ကို​အံ့အားသင့်​ကြ​လေ​ပြီ​။ သင်​သည်​လည်း ထိတ်လန့်ဖွယ်​ဖြစ်ရပ်​များ​နှင့်​ကြုံ​ရ​ပြီးမှ လုံးဝ​ပျောက်ကွယ်​သွား​လေ​ပြီ’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
ဆီဒုန်မြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
20တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 21“​အချင်း​လူသား​၊ ဆီဒုန်​မြို့​ဘက်​သို့ မျက်နှာမူ​ပြီး သူ​တို့​ကို​ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ 22ဘုရားရှင်​ထာဝရဘုရား​က ‘အို ဆီဒုန်​မြို့​၊ ကြည့်ရှု​လော့​။ သင့်​ကို​ငါ​ဆန့်ကျင်​၍ မြို့​ထဲ​တွင် ငါ့​ဘုန်း​ကို ငါ​ထင်ရှား​စေ​မည်​။ သင့်​ကို ငါ​ဒဏ်ခတ်​၍ ငါ​သန့်ရှင်း​ကြောင်း​ကို မြို့​ထဲတွင် ပြ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။ 23ထို​မြို့​ပေါ်သို့ ကပ်ရောဂါ​ဘေး​ကျရောက်​စေ​မည်​။ လမ်း​များ​ပေါ်တွင် သွေးချောင်း​စီး​စေ​မည်​။ နေရာတိုင်း​တွင် ဓား​ဖြင့်​အသတ်ခံရ​သူ​တို့ လဲကျ​သေဆုံး​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။
24အစ္စရေး​လူမျိုး​တို့​ကို စူး​သော​ဆူး​၊ နာကျင်​စေ​သော​ဆူး​နှင့်​တူ​သော​ဝန်းကျင်​မှ မကောင်းပြော​သူ​များ ရှိ​တော့​မည်​မ​ဟုတ်​။ နောက်မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။
25တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​လူမျိုး​တို့​ကို ကွဲလွင့်ရာ​အရပ်ရပ် လူမျိုး​တကာ​တို့​ထံမှ ပြန်လည်​စုဝေး​စေ​မည်​။ ငါ​သည် သန့်ရှင်း​သော​ဘုရား​ဖြစ်ကြောင်း​ကို လူမျိုးတကာ​တို့​အား သိ​စေ​မည်​။ ငါ့​အစေအပါး​ယာကုပ်​အား ငါ​ပေး​ခဲ့​သော​ပြည်​တွင် အစ္စရေး​လူမျိုး​တို့ နေထိုင်​ရ​ကြ​မည်​။ 26ထို​ပြည်​တွင် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။ အိမ်​များ​ကို ဆောက်​ကြ​လိမ့်မည်​။ စပျစ်ခြံ​များ စိုက်ပျိုး​ကြ​လိမ့်မည်​။ သူ​တို့​ဝန်းကျင်​တွင်​နေထိုင်​၍ သူ​တို့​ကို မထီမဲ့မြင်ပြု​ခဲ့​သော​လူ​များ​ကို ငါ​ဒဏ်ခတ်​သောအခါ သူ​တို့​သည် စိတ်အေးလက်အေး နေထိုင်​ရ​လိမ့်မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 28: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ