YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 27

27
တိုင်ရာမြို့ သမုဒ္ဒရာအောက်နစ်မြုပ်သွားခြင်း
1တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ တိုင်ရာ​မြို့​အတွက် ငိုချင်း​ချ​လော့​။ 3ပင်လယ်ဝ​၌ တည်​၍ ကမ်းရိုးတန်းဒေသ​တစ်လျှောက်​ရှိ​လူ​တို့​နှင့် ကုန်သွယ်​သော​တိုင်ရာ​မြို့​အား သင်​ဆင့်ဆို​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘အို တိုင်ရာ​မြို့​၊ သင်​က ငါ​သည် အလှတရား​နှင့်​ပြည့်စုံ​၏​ဟု ဆို​လေ​ပြီ​။ 4သင်​၏​နယ်နိမိတ်​သည် ပင်လယ်​ထဲ​၌​ရှိ​၏​။ ဗိသုကာပညာရှင်​တို့​သည် သင့်​ကို​လှပ​အောင် တည်ဆောက်​ထား​ပြီ​။ 5သင်္ဘောပျဉ်ပြား​ကို စနိရ​တောင်​ပေါ်မှ​လာ​သော​ထင်းရှူးသား​များ​နှင့် လုပ်​ထား​၏​။ ရွက်တိုင်​ကို လက်ဘနွန်​တောင်​မှ​လာ​သော​သစ်ကတိုးသား​များ​နှင့် လုပ်​ထား​၏​။ 6လှော်တက်​ကို ဗာရှန်​တောင်​မှ​လာ​သော​ဝက်သစ်ချသား​နှင့် လုပ်​ထား​၏​။ ကုန်းပတ်​ကို ဆိုက်ပရပ်​ကျွန်း​မှ​လာ​သော​ထင်းရှူးသား​ဖြင့်​လုပ်​၍ ဆင်စွယ်​ဖြင့် မွမ်းမံ​၏​။ 7အချက်ပြအလံ​သဖွယ်​ရွက်ထည်​ကို အီဂျစ်​ပြည်​မှ​လာ​သော​ရောင်စုံချည်​ဖြင့် ပုံဖော်​ထား​သော ပိတ်ချောထည်​ဖြင့် လုပ်​ထား​၏​။ ကုန်းပတ်အကာ​ကို ဧလိရှာ​ကျွန်း​မှ​လာ​သော အပြာရောင်​၊ ခရမ်းရောင်​အကောင်းစား​ချည်ထည်​တို့​နှင့် လုပ်​ထား​၏​။ 8ဆီဒုန်​မြို့သား​များ​နှင့်​အာဝဒ်​မြို့သား​တို့​သည် တက်ခတ်သမား​များ​ဖြစ်​ကြ​၏​။ အို တိုင်ရာ​မြို့​၊ သင်​၌ ကျွမ်းကျင်​သော​မာလိန်မှူး​များ​ရှိ​၏​။ 9အပျက်အစီး​ပြုပြင်ဖာထေး​ပေး​သော ဂေဗလ​မြို့သား ဝါရင့်​ပညာရှင်​များ​လည်း​ရှိ​၏​။ ပင်လယ်ကူးသင်္ဘော​များ​၊ သင်္ဘောသား​များ​သည် သင့်​ထံ​လာ​၍ ကုန်စည်​ရောင်းဝယ်​ဖောက်ကား​ကြ​၏​။ 10ပါးရှား​လူမျိုး​၊ လုဒ​လူမျိုး​၊ ဖုတ​လူမျိုး​တို့​သည် သင်​၏​စစ်တပ်​တွင် အမှုထမ်း​သော​စစ်သူရဲ​များ​ဖြစ်​ကြ​၏​။ ဒိုင်းလွှား​များ​၊ သံခမောက်လုံး​များ​လည်း သင်​၌ ချိတ်ဆွဲ​ထား​လျက် သင့်​ကို ခန့်ညားထည်ဝါ​စေ​ကြ​၏​။ 11အာဝဒ်​အမျိုးသား​တို့​နှင့် သင်​၏​စစ်သည်​တို့​သည် သင့်​မြို့ရိုး​များ​တွင် ပတ်လည်​ဝိုင်းထား​ကြ​၏​။ စစ်သူရဲ​တို့​သည် မျှော်စင်​များ​ပေါ်တွင် စောင့်ကြပ်​ပေး​နေ​၏​။ သူ​တို့​သည် ဒိုင်းလွှား​များ​ကို မြို့ရိုး​ပတ်ပတ်လည်​တွင် ချိတ်ဆွဲ​ထား​ကြ​၏​။ သူ​တို့​သည် သင်​၏​အလှတရား​ကို စုံလင်​စေ​ကြ​၏​။
12တာရှု​မြို့သား​တို့​သည် ကုန်စည်​မျိုးစုံ​ပေါများ​သော​သင်​နှင့် ကုန်သွယ်​ကြ​၏​။ ထို​ကုန်စည်​များ​ကို ငွေ​၊ သံ​၊ သံဖြူ​၊ ခဲ​တို့​နှင့် လဲလှယ်​ကြ​၏​။ 13ယာဝန်​အမျိုးသား​၊ တုဗလ​အမျိုးသား​၊ မေရှက်​အမျိုးသား​တို့​သည် သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင်​၏​ကုန်စည်​များ​ကို သက်ရှိ​လူ​များ​၊ ကြေးနီ​အသုံးအဆောင်​များ​နှင့် လဲလှယ်​ကြ​၏​။ 14သင်​၏​ကုန်စည်​များ​ကို တောဂါမ​မြို့​မှ မြင်း​များ​၊ စစ်မြင်း​များ​၊ လား​များ​နှင့် လဲလှယ်​ကြ​၏​။ 15ဒေဒန်​အမျိုးသား​တို့​သည် သင်​နှင့်​ကုန်သွယ်​ကြ​၏​။ ကမ်းရိုးတန်း​ရှိ​လူ​များစွာ​တို့​သည် သင့်​လက်စွဲ​ကုန်သည်​များ​ဖြစ်​ကြ​၏​။ သူ​တို့​သည် သင့်​ကို ဆင်စွယ်​၊ သစ်နက်​တို့​နှင့် ပေးချေ​ကြ​၏​။ 16ဆီးရီးယား​ပြည်​သည် ထွက်ကုန်ပစ္စည်း​များပြား​သော​သင်​နှင့် ကုန်သွယ်​၍ သင်​၏​ကုန်ပစ္စည်း​များ​ကို မြ​၊ ခရမ်းရောင်​ကျောက်​၊ ဇာပန်းထိုးထည်​၊ ပိတ်ချော​၊ သန္တာကျောက်​၊ ပတ္တမြား​များ​နှင့် လဲလှယ်​ကြ​၏​။ 17ယုဒ​ပြည်​၊ အစ္စရေး​ပြည်​တို့​သည်​လည်း သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင့်​ကုန်စည်​တို့​ကို မိန္နိတ်​မြို့​မှ​ထွက်​သော ဂျုံ​၊ မုန့်​၊ ပျားရည်​၊ ဆီ​၊ လိမ်းဆေး စသည်​တို့​နှင့် လဲလှယ်​ကြ​၏​။ 18ဒမတ်စကပ်​မြို့​သည် ကုန်စည်​မျိုးစုံ​ပေါများ​သော​၊ ထွက်ကုန်ပစ္စည်း​များပြား​သော​သင်​နှင့် ကုန်သွယ်​၏​။ ထို​ကုန်စည်​တို့​ကို ဟေလဖုန်​စပျစ်ဝိုင်​များ​၊ ဇောဟာ​သိုးမွေး​များ​နှင့် လဲလှယ်​၏​။ 19ဥဇလ​အရပ်​မှ ဝေဒန်​ပြည်သား​၊ ယာဝန်​ပြည်သား​တို့​သည်​လည်း သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သံထည်​၊ ကရဝေး​၊ ခါနဲ#27:19 ဟီဘရူးစကားလုံး “ကျူပင်နှင့်တူသောအမွှေးအကြိုင်ပင်တစ်မျိုး”။​များ​ကို သင်​၏​ကုန်ပစ္စည်း​များ​နှင့် လှဲလှယ်​ကြ​၏​။ 20ဒေဒန်​မြို့သား​တို့​သည် သင်​၏​ကုန်ပစ္စည်း​တို့​ကို မြင်းကုန်းနှီး​အဆင်တန်ဆာ​များ​နှင့် လဲလှယ်​ကြ​၏​။ 21အာရေဗျ​ပြည်​၊ ကေဒါ​ပြည်​တို့​မှ ခေါင်းဆောင်​တို့​သည် သင့်​လက်စွဲ​ကုန်သည်​များ​ဖြစ်​ကြ​၏​။ သင့်​ထံမှ​ထွက်​သော​ကုန်ပစ္စည်း​များ​ကို သိုးသငယ်​၊ သိုးထီး​၊ ဆိတ်ထီး​တို့​နှင့် လဲလှယ်​ကြ​၏​။ 22ရှေဘ​ပြည်​၊ ရာဂမ​ပြည်​မှ ကုန်သည်​တို့​သည်​လည်း သင်​နှင့်​ကုန်သွယ်​ကြ​၏​။ သင့်​ကုန်ပစ္စည်း​များ​ကို အကောင်းစား​အမွှေးနံ့သာ​အမျိုးမျိုး​၊ အဖိုးတန်​ကျောက်​အမျိုးမျိုး​၊ ရွှေ စသည်​တို့​နှင့် လဲလှယ်​ကြ​၏​။ 23ဟာရန်​မြို့​၊ ကန္နေ​မြို့​၊ ဧဒင်​မြို့​မှ​ကုန်သည်​များ​၊ ရှေဘ​ပြည်​၊ အဆီးရီးယား​ပြည်​၊ ခိလမဒ်​ပြည်​မှ​ကုန်သည်​များ​သည် သင်​နှင့်​ကုန်သွယ်​ကြ​၏​။ 24သူ​တို့​သည် လှပ​သော​အဝတ်အစား​များ​၊ အပြာရောင်​အထည်အလိပ်​များ​၊ ဇာပန်းထိုးထည်​များ​၊ ရောင်စုံ​ကော်ဇော​များ​၊ ခိုင်ခံ့​သော​ကျစ်ကြိုး​များ​ကို သင်​၏​ဈေး​ထဲတွင် လာရောက်​ရောင်းဝယ်ဖောက်ကား​ကြ​၏​။ 25တာရှု​သင်္ဘော​တို့​သည် သင့်​ကို ကုန်စည်​ကူးသန်း​ပေး​၏​။ သင်​သည် ကြွယ်ဝပြည့်စုံ​ပြီး ပင်လယ်ပြင်​တွင် အလွန်​ဂုဏ်ကျက်သရေ​ရှိ​၏​။ 26တက်ခတ်သမား​များ​သည် သင့်​ကို ကျယ်ပြန့်​သော​သမုဒ္ဒရာ​ထဲသို့ ဆောင်ယူ​သွား​၍ အရှေ့​လေ​သည် သင့်​ကို သမုဒ္ဒရာ​အလယ်​၌ ရိုက်ချိုး​ပစ်​လေ​ပြီ​။ 27သင်​ကျိုးပဲ့​သွား​သော​နေ့​တွင်ပင် သင်​၏​စည်းစိမ်​များ​၊ ကုန်စည်စလယ်​များ​၊ သင်္ဘောသား​များ​၊ မာလိန်မှူး​များ​၊ အပျက်အစီး​ပြုပြင်ဖာထေး​ပေး​သူ​များ​၊ ဖောက်သည်​များ​၊ စစ်သူရဲ​များ​နှင့်တကွ သင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် သမုဒ္ဒရာ​အောက်​သို့ နစ်မြုပ်​သွား​ကြ​လေ​ပြီ​။ 28မာလိန်မှူး​တို့​အော်ဟစ်သံ​ကြောင့် သင်​ကျင်လည်ကျက်စား​ခဲ့​သော​နယ်မြေ​များ တုန်လှုပ်​လေ​ပြီ​။ 29တက်ခတ်သမား​များ​၊ သင်္ဘောသား​များ​၊ မာလိန်မှူး​များ​သည် သင်္ဘော​ကို​စွန့်ခွာ​၍ ကမ်း​ပေါ်သို့​ပြေးတက်​ကြ​လေ​ပြီ​။ 30သူ​တို့​သည် သင့်​အတွက် ခါးသီး​စွာ​အော်ဟစ်​ငိုကြွေး​ကြ​လေ​ပြီ​။ မြေမှုန့်​ကို ခေါင်း​ပေါ်​ပစ်တင်​ကြ​လေ​ပြီ​။ ပြာ​၌ လူး​ကြ​လေ​ပြီ​။ 31ခေါင်းတုံးတုံး​၍ လျှော်တေအဝတ်​ကို ဝတ်​ကြ​လေ​ပြီ​။ ခါးခါးသီးသီး​ငိုကြွေး​မြည်တမ်း​ကြ​လေ​ပြီ​။ 32သူ​တို့​သည် သင့်​ကြောင့် ငိုကြွေး​မြည်တမ်း​လျက် သင်​နှင့်​ပတ်သက်၍ တိုင်ရာ​မြို့​ကဲ့သို့​ပင်လယ်ပြင်​၌ မည်သူ​အဖျက်ဆီး​ခံရ​ဖူး​သနည်း​ဟု ငိုချင်း​ဖွဲ့​လေ​ပြီ​။ 33ပင်လယ်​မှ​သင်​၏​ကုန်ပစ္စည်း​များ ရောက်လာ​သောအခါ လူ​တို့​နှစ်သက်​ကြ​၏​။ လောကီ​ဘုရင်​တို့​သည် သင်​၏​စည်းစိမ်ဥစ္စာ​များ​၊ သင်​၏​ကုန်ပစ္စည်း​များ​ကြောင့် ကြွယ်ဝ​ချမ်းသာ​ကြ​လေ​ပြီ​။ 34ယခုတွင် သမုဒ္ဒရာ​သည် သင့်​ကို​ရိုက်ချိုး​လေ​ပြီ​။ သင်​၏​ကုန်စည်​နှင့် သင်​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် နက်ရှိုင်း​သော​သမုဒ္ဒရာ​ထဲ​တွင် နစ်မြုပ်​သွား​ကြ​လေ​ပြီ​။#ဗျာ 18:19။ 35ကမ်းရိုးတန်းသား​အပေါင်း​တို့​သည် သင့်​ကို​အံ့အားသင့်​လျက် သူ​တို့​၏​ဘုရင်​တို့​သည်​လည်း ကြောက်လန့်​အားကြီး​၍ မျက်နှာ​ဖြူဖပ်ဖြူရော်​ဖြစ်​လေ​ပြီ​။ 36တိုင်းတစ်ပါး​မှ​ကုန်သည်​တို့​သည် သင့်​ကို ဟားတိုက်​ကြ​လိမ့်မည်​။#ဗျာ 18:15။ သင်​သည်​လည်း ထိတ်လန့်ဖွယ်​ဖြစ်ရပ်​များ​နှင့်​ကြုံ​ရ​ပြီးမှ လုံးဝ​ပျောက်ကွယ်​သွား​လေ​ပြီ​’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 27: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ