YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလအနာဂတ္တိကျမ်း 29

29
အီဂျစ်ပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခြင်း
1ဒသမ​နှစ်​၊ ဒသမ​လ​၊ တစ်ဆယ့်​နှစ်​ရက်​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 2“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​ဘက်​သို့​မျက်နှာမူ​ပြီး အီဂျစ်​ပြည်​တစ်ပြည်လုံး​ကို ဆန့်ကျင်​၍ ပရောဖက်ပြု​ဟောပြော​လော့​။ 3ဘုရားရှင်​ထာဝရဘုရား​က ‘​အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၊ နိုင်း​မြစ်​ကို​ငါ​ပိုင်​၏​၊ ငါ့​အဖို့ ငါ​ဖန်ဆင်း​ပြီ​ဟု ဆို​လျက် မြစ်ချောင်း​ထဲ​တွင် လဲလျောင်း​နေ​သော​သတ္တဝါကြီး​၊ သင့်​ကို ငါ​ဆန့်ကျင်​မည်​။ 4ငါ​သည် သင့်​မေးရိုး​ကို ချိတ်​များ​နှင့်​ချိတ်​မည်​။ မြစ်ချောင်း​ထဲရှိ​ငါး​များ​ကို သင့်​အကြေးခွံ​၌ ကပ်​နေ​စေ​မည်​။ သင့်​ကို မြစ်ချောင်း​ထဲ​မှ ဆွဲထုတ်​သောအခါ မြစ်ချောင်း​ထဲရှိ​ငါး​အားလုံး သင့်​အကြေးခွံ​၌ ကပ်ပါ​လာ​လိမ့်မည်​။ 5သင်​နှင့်တကွ မြစ်ချောင်း​ထဲရှိ​ငါး​များ​ကို တောကန္တာရ​တွင် ပစ်​ထား​မည်​။ ကွင်းပြင်​မှာ​ကျသွား​သော​သင့်​ကို ကောက်ယူ​မည့်​သူ​ရှိ​မည်​မ​ဟုတ်​။ ငါ​သည် သင့်​ကို တောရိုင်းတိရစ္ဆာန်​၊ မိုးကောင်းကင်​ငှက်​တို့​အဖို့ အစာ​ဖြစ်​စေ​မည်​။ 6သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း အစ္စရေး​လူမျိုး​တို့​အဖို့ ကျူ​တောင်ဝှေး​ဖြစ်​ခဲ့​ဖူး​သော အီဂျစ်​ပြည်သား​တို့ သိ​ကြ​လိမ့်မည်​။ 7သူ​တို့​က သင့်​ကို​ကိုင်ဆွဲ​လိုက်​သောအခါ သင်​ကျိုးသွား​သဖြင့် သူ​တို့​၏​ပခုံး​များ​လည်း အနာရ​သွား​၏​။ သင့်​ကို​မှီလိုက်​သောအခါ သင်​ကျိုးသွား​သဖြင့် သူ​တို့​၏​ခါး​လည်း ယိမ်းယိုင်​သွား​ရ​၏’​ဟု မိန့်​တော်မူ​၏​။ 8ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် အီဂျစ်​ပြည်​သို့ ဓား​ကို​ယူဆောင်​လာ​မည်​။ သင့်​အထဲ​မှ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်​ပစ်​မည်​။ 9အီဂျစ်​ပြည်​သည် လူဆိတ်ညံ​ရာ​၊ ပြိုပျက်​ရာ ဖြစ်​သောအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။ သင်​က နိုင်း​မြစ်​ကို ငါ​ပိုင်​၏​၊ ငါ့​အဖို့ ငါ​ဖန်ဆင်း​ပြီ​ဟု ဆို​ခဲ့​သောကြောင့် 10ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့် မြစ်ချောင်း​တို့​ကို ဖျက်ဆီး​မည်​။ မိဂဒေါလ​ပြည်​၊ သုဏေ​ပြည်​မှ အီသီယိုးပီးယား​ပြည်​၏​နယ်နိမိတ်​တိုင်အောင် အီဂျစ်​ပြည်​ကို ပြိုပျက်​ရာ​၊ တိတ်ဆိတ်​ခြောက်ကပ်​ရာ ဖြစ်​စေ​မည်​။ 11မည်သူ​မျှ​၊ မည်သည့်​တိရစ္ဆာန်​မျှ ဖြတ်သန်း​သွားလာ​တော့​မည်​မ​ဟုတ်​။ အနှစ်​လေးဆယ်​ပတ်လုံး နေထိုင်​မည့်​သူ ရှိ​တော့​မည်​မ​ဟုတ်​။ 12ငါ​သည် အီဂျစ်​ပြည်​ကို လူသူကင်းမဲ့​သော​ပြည်​တကာ​ထက် လူသူအကင်းမဲ့ဆုံး​ပြည် ဖြစ်​စေ​မည်​။ ပြိုပျက်​ရာ​မြို့​များ​ကြား​တွင် အီဂျစ်​မြို့​များ​သည်​လည်း အနှစ်​လေးဆယ်​ပတ်လုံး ပြိုပျက်​နေ​လိမ့်မည်​။ ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ အတိုင်းတိုင်း​အပြည်ပြည်​သို့ တကွဲတပြား​ဖြစ်စေ​မည်’​ဟု မိန့်​တော်မူ​၏​။
13သို့သော် ဘုရားရှင်​ထာဝရဘုရား​က ‘အနှစ်​လေးဆယ်​ပြည့်​သောအခါ ငါ​သည် အီဂျစ်​ပြည်သား​တို့​ကို ကွဲလွင့်​ရာ​အရပ်ရပ် လူမျိုးတကာ​တို့​ထံမှ ပြန်​စုဝေး​စေ​မည်​။ 14ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော အီဂျစ်​ပြည်သား​တို့​ကို ပြန်ခေါ်လာ​၍ သူ​တို့​ဇာတိ​မြေ ပါသရု​ပြည်​သို့​ပြန်လာ​စေ​မည်​။ ထို​ပြည်​ကို သိမ်ငယ်​သော​ပြည်​ဖြစ်စေ​မည်​။ 15ပြည်​တကာ​တို့​တွင် အနိမ့်ကျဆုံး​ပြည်​ဖြစ်​မည်​။ အခြား​လူမျိုး​တို့​ကို လွှမ်းမိုး​နိုင်​တော့​မည်​မ​ဟုတ်​။ အခြား​တိုင်းပြည်​တို့​ကို မ​အုပ်စိုး​နိုင်​အောင် ငါ​အားလျော့​စေ​မည်​။ 16အီဂျစ်​ပြည်​သည် အစ္စရေး​အမျိုးအနွယ်​တို့​အတွက် အားကိုးစရာ​ဖြစ်​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် အီဂျစ်​ပြည်​ကို အားကိုး​မိ​ခြင်း​အတွက် မိမိ​တို့​မှား​ကြောင်း​ကို သိ​ရ​ကြ​လိမ့်မည်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။
ဘေဘီလုံဘုရင်က အီဂျစ်ပြည်ကို အဖိုးအခအဖြစ်ရရှိခြင်း
17အနှစ်​နှစ်ဆယ့်​ခုနစ်​နှစ်​မြောက်​၊ ပထမ​လ​၊ ပထမ​နေ့​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍ 18“​အချင်း​လူသား​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​သည် သူ​၏​စစ်သည်​များ​အား တိုင်ရာ​မြို့​ကို ပြင်းပြင်းထန်ထန်​တိုက်ခိုက်​စေ​ခဲ့​သည်​။ စစ်သည်​တို့​လည်း ပခုံး​အဆစ်​ပြုတ်မတတ် ဦးဆွေးဆံမြည့်​တိုက်​ကြ​၏​။ ထိုသို့ အားသွန်ခွန်စိုက်​တိုက်ခိုက်​သော်လည်း ဘုရင်​အပါအဝင်​စစ်သည်​တို့​သည် တိုင်ရာ​မြို့​မှ မည်သည့်​အကျိုးကျေးဇူး​ကို​မျှ မ​ခံစား​ရ​ကြ​။ 19ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ကြည့်ရှု​လော့​။ အီဂျစ်​ပြည်​ကို ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​လက်​သို့ ငါ​အပ်​မည်​။ သူ​သည် ထို​ပြည်​၏​စည်းစိမ်ဘဏ္ဍာ​ကို သိမ်းယူ​၍ တိုက်ခိုက်​လုယူ​သော​ပစ္စည်း​များ​သည်​လည်း သူ​၏​စစ်သည်​များ​အတွက် အဖိုးအခ​ဖြစ်​လိမ့်မည်​။ 20သူ​သည် ငါ့​အဖို့ အမှု​ကို​ဆောင်​လေ​ပြီ​။ ထို့ကြောင့် သူ​လုပ်ဆောင်​ခဲ့​သော​အမှု​အတွက် အဖိုးအခ​အဖြစ် အီဂျစ်​ပြည်​ကို သူ့​အား​ပေး​မည်’​ဟု မိန့်​တော်မူ​၏​။ 21ဘုရားရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် အစ္စရေး​အမျိုးအနွယ်​၏​ဦးချို​ကို ငါ​ပေါက်​စေ​မည်​။ သူ​တို့​အလယ်​တွင် သင့်​ကို ငါ​ဟောပြော​ခွင့်​ပေး​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလအနာဂတ္တိကျမ်း 29: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ