YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 4

4
မောရှေကိုပြသောအံ့ဖွယ်နိမိတ်လက္ခဏာများ
1မောရှေ​က​လည်း “​သူ​တို့​သည် အကျွန်ုပ်​ကို​မ​ယုံ​၊ အကျွန်ုပ်​၏​စကား​ကို​လည်း​နား​မ​ထောင်​ဘဲ ‘​ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်​မ​မူ​’​ဟူ၍ ပြောဆို​ကြ​ပါ​လိမ့်မည်​”​ဟု ပြန်လျှောက်​လေ​၏​။ 2ထာဝရဘုရား​က “​သင့်​လက်​ထဲ၌ မည်သည့်​အရာ​ရှိ​သနည်း​”​ဟု သူ့​အား မေး​တော်မူ​လျှင် “​တောင်ဝှေး​ရှိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။
3ကိုယ်တော်​က​လည်း “​တောင်ဝှေး​ကို မြေ​ပေါ်သို့ ပစ်ချ​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မြေ​ပေါ်သို့ ပစ်ချ​၏​။ ထိုအခါ တောင်ဝှေး​သည် မြွေ​ဖြစ်​သွား​သဖြင့် မောရှေ​သည် ထို​မြွေ​ရှေ့​မှ ထွက်ပြေး​လေ​၏​။ 4ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​၏​လက်​ကို​ဆန့်​၍ မြွေ​၏​အမြီး​ကို ဖမ်းကိုင်​လော့​”​ဟု မိန့်​တော်မူ​သဖြင့် သူ​သည် မိမိ​၏​လက်​ကို​ဆန့်​၍ ဖမ်းဆွဲ​လိုက်​ရာ ထို​မြွေ​သည် သူ​၏​လက်​ထဲ၌ တောင်ဝှေး​ပြန်ဖြစ်​လေ​၏​။ 5ထာဝရဘုရား​က “ဤ​အမှု​ကို​ထောက်​၍ သူ​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် သင့်​အား ကိုယ်​ထင်ရှားပြ​တော်မူ​ကြောင်း သူ​တို့​ယုံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
6တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ယခု သင်​၏​လက်​ကို သင့်​ရင်ခွင်#4:6 သို့မဟုတ် “သင့်ဝတ်ရုံ”။​ထဲသို့​သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​၏​လက်​ကို ရင်ခွင်#4:6 သို့မဟုတ် “ဝတ်ရုံ”။​ထဲသို့​သွင်း​ပြီး ပြန်ထုတ်​သောအခါ သူ​၏​လက်​သည် အနာကြီးရောဂါစွဲ​၍ နှင်းပွင့်​ကဲ့သို့​ဖြစ်​လေ​၏​။ 7ထိုအခါ ကိုယ်တော်​က “​သင်​၏​လက်​ကို သင့်​ရင်ခွင်​ထဲသို့ ပြန်သွင်း​လော့​”​ဟု မိန့်​တော်မူ​လျှင် သူ​သည် မိမိ​လက်​ကို ရင်ခွင်​ထဲသို့ ပြန်သွင်း​ပြီး ပြန်ထုတ်​သောအခါ ပကတိ​အသားအရေ​အတိုင်း ပြန်ဖြစ်​လေ​၏​။ 8ထာဝရဘုရား​က “​အကယ်၍ သူ​တို့​သည် သင့်​ကို​မ​ယုံ​၊ ပထမ​နိမိတ်လက္ခဏာ​ကို​လည်း မ​ယုံ​လျှင် နောက်​နိမိတ်လက္ခဏာ​ကို​ကား ယုံ​ကြ​လိမ့်မည်​။ 9သူ​တို့​သည် ဤ​နိမိတ်လက္ခဏာ​နှစ်ခုစလုံး​ကို​လည်း​မ​ယုံ​၊ သင်​၏​စကား​ကို​လည်း နား​မ​ထောင်​လျှင် နိုင်း​မြစ်​မှ​ရေ​ကို​ယူ​၍ ကုန်းမြေ​ပေါ်တွင် လောင်းချ​လော့​။ ထိုအခါ နိုင်း​မြစ်​မှ​ယူလာ​သော​ရေ​သည် ကုန်းမြေ​ပေါ်တွင် သွေး​ဖြစ်သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
10မောရှေ​က ထာဝရဘုရား​အား “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အကျွန်ုပ်​သည် ယခင်က​ဖြစ်စေ​၊ မနေ့က​ဖြစ်စေ​၊ ကိုယ်တော်​၏​အစေအပါး​အား ကိုယ်တော်​မိန့်ဆို​တော်မူ​သော​အချိန်​၌ပင်​ဖြစ်စေ စကားပြော​ကောင်း​သူ​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် နှုတ်​လေး​လျှာ​လေး​သော​သူ​လည်း ဖြစ်​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။
11ထာဝရဘုရား​က မောရှေ​အား “​လူ​၏​နှုတ်​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ဆွံ့အ​သော​သူ​၊ နားမကြား​သော​သူ​၊ မျက်စိမြင်​သော​သူ​၊ မျက်စိမမြင်​သော​သူ​တို့​ကို မည်သူ​ဖန်ဆင်း​သနည်း​။ ငါ​ထာဝရဘုရား​ပင် မ​ဟုတ်​လော​။ 12ယခု သွား​လော့​။ ငါ​သည် သင့်​နှုတ်​နှင့်အတူ​ရှိ​မည်​။ သင်​ပြောဆို​ရ​မည့်​အရာ​ကို သင့်​အား ငါ​သွန်သင်​မည်​”​ဟု မိန့်​တော်မူ​၏​။
13မောရှေ​က “​အို အကျွန်ုပ်​၏​ဘုရားရှင်​၊ အခြား​တစ်ယောက်​ကို စေလွှတ်​တော်မူ​ပါ​”​ဟု ပြန်လျှောက်​လေ​၏​။
14ထိုအခါ ထာဝရဘုရား​သည် မောရှေ​ကို အမျက်ထွက်​၍ “​လေဝိ​အမျိုး​အာရုန်​သည် သင်​၏​အစ်ကို​မ​ဟုတ်​လော​။ သူ​သည် နှုတ်ရေး​ကျွမ်းကျင်​သည်​ကို ငါ​သိ​၏​။ သူ​သည် သင့်​ကို​ကြိုဆို​ရန် ထွက်လာ​ပြီ​။ သင်​နှင့်​တွေ့​သောအခါ သူ​သည် စိတ်​ထဲ၌ ဝမ်းမြောက်​လိမ့်မည်​။ 15သင်​သည် သူ​နှင့်​စကားပြော​၍ သူ့​နှုတ်​ထဲသို့ စကား​များ​ကို​ထည့်​ရ​မည်​။ သင်​၏​နှုတ်​နှင့်​လည်းကောင်း​၊ သူ​၏​နှုတ်​နှင့်​လည်းကောင်း ငါ​အတူ​ရှိ​မည်​။ သင်​တို့​ပြု​ရ​မည့်​အရာ​ကို သင်​တို့​အား ငါ​သွန်သင်​မည်​။ 16သူ​သည် သင့်​ကိုယ်စား လူ​တို့​အား စကားပြော​မည်​။ သူ​သည် သင်​၏​နှုတ်​ကဲ့သို့​ဖြစ်​၍ သင်​သည် သူ​၏​ဘုရား​ကဲ့သို့​ဖြစ်​မည်​။ 17သင်​သည် နိမိတ်လက္ခဏာ​များ​ကို​ပြ​ရန် ဤ​တောင်ဝှေး​ကို သင့်​လက်​၌​ယူဆောင်​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
မောရှေအီဂျစ်ပြည်သို့ပြန်သွားခြင်း
18ထို့နောက် မောရှေ​သည် မိမိ​ယောက္ခမ​ယေသရော​ထံသို့​ပြန်လာ​ပြီး “​အကျွန်ုပ်​သည် အီဂျစ်​ပြည်​၌​ရှိ​သော အကျွန်ုပ်​၏​အမျိုးသားချင်း​တို့ အသက်ရှင်​သေး​သလော​ဟု ကြည့်ရှု​ရန် သူ​တို့​ထံ ပြန်​သွား​ခွင့်​ပြု​ပါ​”​ဟု ဆို​၏​။ ယေသရော​က​လည်း မောရှေ​အား “​ငြိမ်းချမ်း​စွာ​သွား​လော့​”​ဟု ဆို​လေ​၏​။
19ထာဝရဘုရား​က “​အီဂျစ်​ပြည်​သို့​ပြန်သွား​လော့​။ အကြောင်းမူကား သင်​၏​အသက်​ကို​ရန်ရှာ​သော​သူ​အပေါင်း​တို့​သည် သေလွန်​ကြ​ပြီ​”​ဟု မောရှေ​အား မိဒျန်​ပြည်​၌ မိန့်​တော်မူ​၏​။ 20ထို့ကြောင့် မောရှေ​သည် မိမိ​မယား​နှင့်​သား​တို့​ကို​ခေါ်​၍ မြည်း​ပေါ်​တင်​ပြီးလျှင် အီဂျစ်​ပြည်​သို့​ပြန်သွား​လေ​၏​။ မောရှေ​သည် မိမိ​၏​လက်​ထဲ၌ ဘုရားသခင်​၏​တောင်ဝှေး​တော်​ကို ကိုင်ဆောင်​သွား​၏​။
21ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အီဂျစ်​ပြည်​သို့​ပြန်​ရောက်​သောအခါ သင်​၌ ငါ​အပ်ပေး​သော အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို ဖာရော​မင်းကြီး​ရှေ့​၌​ပြု​လော့​။ သို့ရာတွင် ငါ​သည် သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​မည်​ဖြစ်၍ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်မည်​။ 22ထိုအခါ သင်​သည် ဖာရော​မင်းကြီး​အား ‘​ထာဝရဘုရား​က အစ္စရေး​လူမျိုး​သည် ငါ့​သား​၊ ငါ​၏​သားဦး​ဖြစ်​၏​။ 23ငါ့​ကို​ဝတ်ပြု​ရန် ငါ့​သား​ကို​လွှတ်​လော့​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ သူ့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် သင့်​သား​၊ သင်​၏​သားဦး​ကို ငါ​ကွပ်မျက်​မည်​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
24မောရှေ​သည် ခရီး​သွား​စဉ်တွင် စခန်းချ​ရာ​နေရာ​၌ ထာဝရဘုရား​သည် သူ​နှင့်​တွေ့​၍ သူ့​ကို ကွပ်မျက်​ရန်​ရှာကြံ​လေ​၏​။ 25ထိုအခါ ဇိပေါရ​သည် ချွန်ထက်​သော​ကျောက်​ကို​ယူ​၍ မိမိ​သား​၏​ထိပ်ဖုံးအရေပြား​ကို​လှီး​ပြီး ၎င်း​ကို မောရှေ​၏​ခြေ​နှင့်​ထိ​စေ​လျက် “​အကယ်စင်စစ် သင်​သည် သွေး​နှင့်ဆိုင်သော ကျွန်မ​၏​လင်ယောက်ျား​ဖြစ်​ပါ​၏​”​ဟု ဆို​လျှင် 26ကိုယ်တော်​သည် မောရှေ​ထံမှ​ထွက်သွား​လေ​၏​။ ထိုအခါ ဇိပေါရ​က “​သင်​သည် အရေဖျားလှီး​ခြင်း​ကြောင့် သွေး​နှင့်ဆိုင်သော​လင်ယောက်ျား​ဖြစ်​ပါ​၏​”​ဟု ဆို​လေ​၏​။
မောရှေနှင့်အာရုန်တို့ပြန်ဆုံကြခြင်း
27ထာဝရဘုရား​က အာရုန်​အား “​မောရှေ​ကို​ကြိုဆို​ရန် တောကန္တာရ​သို့​သွား​လော့​”​ဟု မိန့်​တော်မူ​သဖြင့် အာရုန်​သည် သွား​၍ ဘုရားသခင်​၏​တောင်​တော်​၌ မောရှေ​နှင့်​တွေ့ဆုံ​လျှင် သူ့​ကို​နမ်း​လေ​၏​။ 28မောရှေ​သည် မိမိ​ကို​စေလွှတ်​တော်မူ​သော ထာဝရဘုရား​၏​စကား​တော်​အလုံးစုံ​နှင့် မိမိ​ပြု​ရန် မိန့်မှာ​တော်မူ​သော​နိမိတ်လက္ခဏာ​အလုံးစုံ​တို့​ကို အာရုန်​အား​ပြောကြား​လေ​၏​။ 29ထို့နောက် မောရှေ​နှင့်​အာရုန်​တို့​သည် သွား​၍ အစ္စရေး​အမျိုးသား​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို စုဝေး​စေ​ကြ​၏​။ 30မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​အားလုံး​ကို အာရုန်​သည် ထို​သူ​တို့​အား ပြောကြား​၍ အစ္စရေး​လူမျိုး​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​တို့​ကို​ပြ​လေ​၏​။ 31ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​ကြောင်း​၊ သူ​တို့​ခံရ​သည့်​ဖိစီးနှိပ်စက်မှု​ကို သိမြင်​တော်မူ​ကြောင်း အစ္စရေး​လူမျိုး​တို့ ကြားသိ​ရ​သောအခါ ယုံကြည်​၍ ဦးညွှတ်​လျက် ရှိခိုးကိုးကွယ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။