YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 3

3
မောရှေနှင့်မီးလောင်နေသာချုံပုတ်
1မောရှေ​သည် မိမိ​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​နေ​စဉ် သူ​သည် သိုးဆိတ်​တို့​ကို တောကန္တာရ​အနောက်ဘက်​သို့​နှင်​သွား​ရာ ဟောရပ် ဟု​ခေါ်​သော​ဘုရားသခင်​၏​တောင်​သို့ ရောက်​လေ​၏​။ 2ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် မောရှေ​အား ချုံပုတ်​အလယ် မီး​လျှံ​ထဲမှ ကိုယ်​ထင်ရှားပြ​လေ​၏​။ မောရှေ​ကြည့်​လိုက်​သောအခါ ချုံပုတ်​သည် မီး​တောက်လောင်​နေ​သော်လည်း ကျွမ်းသွား​ခြင်း​မ​ရှိ​သည်​ကို မြင်​လျှင် 3မောရှေ​က “​အဘယ်ကြောင့် ချုံပုတ်​ကျွမ်းသွား​ခြင်း​မ​ရှိ​သနည်း​။ ဤ​ထူးဆန်း​သော​အရာ​ကို ငါ​သွား​ကြည့်​မည်​”​ဟု ဆို​၏​။
4ချုံပုတ်​ကို​ကြည့်​ရန် မောရှေ​သွား​သည်​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ ဘုရားသခင်​က “​မောရှေ​၊ မောရှေ​”​ဟု ချုံပုတ်​ထဲ​မှ​ခေါ်​လျှင် မောရှေ​က “​အကျွန်ုပ်​ရှိ​ပါ​သည်​”​ဟု ထူး​လေ​၏​။
5ဘုရားသခင်​က “​ဤ​နေရာ​သို့​မ​ချဉ်းကပ်​နှင့်​။ သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့​”#တ 7:33။​ဟု မိန့်​တော်မူ​၏​။ 6တစ်ဖန် ဘုရားသခင်​က “​ငါ​သည် သင့်​ဖခင်​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏​”#ထွ 3:16၊ မ 22:32၊ လု 20:37။​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည် ဘုရားသခင်​ကို​မကြည့်ဝံ့​သဖြင့် မိမိ​မျက်နှာ​ကို ဖုံးကွယ်​ထား​လေ​၏​။
7ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။#တ 7:34။ 8ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​လက်​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး ယေဗုသိ​လူမျိုး တို့​နေထိုင်​ရာ​အရပ်​ဖြစ်​သည့် ကောင်းမွန်​ကျယ်ဝန်း​သော​ပြည်​၊ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​ရန် ငါ​ကြွလာ​ပြီ​။ 9ယခု အစ္စရေး​အမျိုးသား​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်​၍ သူ​တို့​အား အီဂျစ်​လူမျိုး​တို့​ဖိနှိပ်​ညှဉ်းဆဲ​ကြ​သည်​ကို​လည်း ငါ​မြင်​ပြီ​။ 10ထို့ကြောင့် သင့်​ကို ဖာရော​မင်းကြီး​ထံသို့ ငါ​စေလွှတ်​၏​။ သင်​သွား​၍ ငါ​၏​လူမျိုး​တော် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။
11သို့သော် မောရှေ​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် မည်သို့​သော​သူ​ဖြစ်၍ ဖာရော​မင်းကြီး​ထံ​သွား​ပြီး အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ရ​မည်နည်း​”​ဟု လျှောက်​လေ​၏​။
12ဘုရားသခင်​က “​အကယ်စင်စစ် သင်​နှင့်အတူ​ငါ​ရှိ​မည်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ပြီးလျှင် ဤ​တောင်​ပေါ်၌ သင်​တို့​သည် ဘုရားသခင်​ကို ဝတ်ပြု​ရ​ကြ​လိမ့်မည်​။ ဤသည်ကား သင့်​ကို ငါ​စေလွှတ်​ကြောင်း လက္ခဏာသက်သေ​ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။
13ထိုအခါ မောရှေ​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် အစ္စရေး​အမျိုးသား​တို့​ထံသို့​သွား​၍ ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​သည် ငါ့​ကို သင်​တို့​ထံသို့​စေလွှတ်​တော်မူ​၏​’​ဟု ဆို​၍ သူ​တို့​က​လည်း ‘​ထို​ဘုရား​၏​နာမ​တော်​ကား မည်သို့​နည်း​’​ဟု ပြန်မေး​လျှင် အကျွန်ုပ်​သည် သူ​တို့​ကို မည်သို့​ပြန်ဖြေ​ရ​မည်နည်း​”​ဟု လျှောက်​လေ​၏​။
14ဘုရားသခင်​က မောရှေ​အား “​ငါ​သည် ငါ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ ထို့ပြင် ကိုယ်တော်​က “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​ဖြစ်​၏​ဟု​ဆို​သော​သူ​က သင်​တို့​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​သည်​’​ဟူ၍ ပြော​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ 15တစ်ဖန် ဘုရားသခင်​က မောရှေ​အား “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် ငါ့​ကို သင်​တို့​ထံသို့ စေလွှတ်​တော်မူ​ပြီ​။ ဤ​နာမ​သည် ငါ​၏​ထာဝရ​နာမ​ဖြစ်​၏​။ မျိုးဆက်​အစဉ်အဆက် သိမှတ်​ရ​မည့် ငါ​၏​နာမ​ဖြစ်​၏​ဟု ပြော​ရ​မည်​။
16သင်​သည် သွား​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို​စုဝေး​စေ​ပြီးလျှင် သူ​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​၏​ဘုရား#ထွ 3:6၊ မ 22:32၊ လု 20:37။​တည်းဟူသော ထာဝရဘုရား​သည် ငါ့​အား ကိုယ်​ထင်ရှားပြ​တော်မူ​လျက် “​ငါ​သည် သင်​တို့​ကို​လည်းကောင်း​၊ အီဂျစ်​ပြည်​တွင် သင်​တို့​၌​ဖြစ်ပျက်​သော​အရာ​ကို​လည်းကောင်း အမှန်ပင် အကြည့်အရှု​ကြွလာ​ပြီ​။ 17ငါ​သည် သင်​တို့​ကို သင်​တို့​ဖိစီးနှိပ်စက်​ခံရ​သော​အီဂျစ်​ပြည်​ထဲမှ ထုတ်ဆောင်​၍ ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ပြည်​ဖြစ်​သော နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​မည်​”​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု ပြော​ရ​မည်​။ 18ထိုအခါ သူ​တို့​သည် သင်​၏​စကား​ကို နားထောင်​ကြ​လိမ့်မည်​။ သင်​နှင့်​အစ္စရေး​သက်ကြီးဝါကြီး​တို့​သည်​လည်း အီဂျစ်​ဘုရင်​ထံသို့​ဝင်​၍ သူ့​အား ‘​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​’​ဟု လျှောက်ထား​လော့​။
19သို့သော် အီဂျစ်​ဘုရင်​သည် အားကြီး​သော​လက်​တော်​ကြောင့်​မ​ဟုတ်​လျှင် သင်​တို့​အား သွား​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏​။ 20ထို့ကြောင့် ငါ​၏​လက်​ကို​ဆန့်​၍ အီဂျစ်​ပြည်​ထဲ​၌ ငါ​ပြု​မည့် အံ့ဖွယ်​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် ထို​ပြည်​ကို​ဒဏ်ခတ်​မည်​။ ထို့နောက်မှ သူ​သည် သင်​တို့​ကို​လွှတ်​လိမ့်မည်​။ 21ငါ​သည် ဤ​လူမျိုး​ကို အီဂျစ်​လူမျိုး​တို့​၏​ရှေ့​တွင် မျက်နှာရ​စေ​သဖြင့် သင်​တို့​ထွက်သွား​သောအခါ လက်ချည်းသက်သက်​မ​ထွက်သွား​ရ​။ 22မိန်းမ​တို့​သည် မိမိ​၏​အိမ်နီးချင်း​ထံမှ​လည်းကောင်း​၊ မိမိ​အိမ်​၌​တည်းခိုနေထိုင်​သော​သူ​ထံမှ​လည်းကောင်း ငွေ​ထည်​များ​၊ ရွှေ​ထည်​များ​နှင့် အဝတ်အစား​များ​ကို တောင်း​၍ သင်​တို့​သည် သင်​တို့​၏​သား​သမီး​များ​ကို ဝတ်ဆင်​စေ​ရ​မည်​။ ဤသို့ဖြင့် သင်​တို့​သည် အီဂျစ်​လူမျိုး​တို့​၏​ဥစ္စာပစ္စည်း​များ​ကို သိမ်းယူ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။