YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 2

2
မောရှေမွေးဖွားလာခြင်း၊ မွေးစားခံရခြင်း
1လေဝိ​အမျိုးသား​ထဲမှ ယောက်ျား​တစ်​ဦး​သည် လေဝိ​အမျိုးသမီး​နှင့် စုံဖက်​ရာ 2ထို​မိန်းမ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​၏​။ ထို​သား​သည် အဆင်းလှ​ကြောင်း​ကို မိခင်​သိမြင်​လျှင် သူ့​ကို​သုံး​လ​ပတ်လုံး​ဝှက်​ထား​၏​။ 3ထို့နောက်တွင် မိခင်​သည် သူ့​ကို​ဝှက်​မ​ထား​နိုင်​တော့​သဖြင့် ကျူရိုး​ဖြင့်​ရက်လုပ်​ထား​သော​ဖာတောင်း​ကို​ယူ​၍ ကတ္တရာစေး​နှင့်​သစ်စေး​တို့​ဖြင့် သုတ်လိမ်း​ပြီးလျှင် သူငယ်​ကို ထို​ဖာတောင်း​ထဲ၌​ထည့်​ပြီး နိုင်း​မြစ်​ကမ်းစပ်​တွင်​ရှိ​သော ကျူတော​ထဲ၌​ထား​လေ​၏​။ 4သူငယ်​၏​အစ်မ​သည်​လည်း သူငယ်​၌ မည်သို့​ဖြစ်​မည်​ကို​သိမြင်​နိုင်​ရန် အဝေး​မှ​ရပ်ကြည့်​နေ​၏​။
5ထိုစဉ် ဖာရော​မင်းကြီး​၏​သမီး​တော်​သည် ရေချိုး​ရန် နိုင်း​မြစ်​ထဲသို့​ဆင်းလာ​၏​။ သူ​၏​အပျိုတော်​များ​ကား မြစ်​ကမ်းနား​၌ လမ်းလျှောက်​နေ​ကြ​၏​။ ထိုအခါ သူ​သည် ကျူတော​ထဲမှ ဖာတောင်း​ကို​တွေ့​လျှင် ကျွန်မ​တစ်​ယောက်​ကို လွှတ်​၍​ယူ​စေ​၏​။ 6ဖာတောင်း​ကို​ဖွင့်​သောအခါ ငို​နေ​သော​ကလေး​သူငယ်​ကို​မြင်​လျှင် သူ့​ကို​သနား​လျက် “​ဤ​သူငယ်​သည် ဟေဗြဲ​ကလေး​ဖြစ်​၏​”​ဟု ဆို​၏​။
7ထိုအခါ သူငယ်​၏​အစ်မ​က ဖာရော​မင်းကြီး​၏​သမီး​တော်​အား “​သူငယ်​ကို ကြည့်ရှု​စောင့်ရှောက်​ရန် ဟေဗြဲ​အမျိုးသမီး​ထဲမှ နို့ထိန်း​တစ်​ဦး​ကို သခင်မ​အတွက် သွား​ခေါ်ပေး​ရ​မည်လော​”​ဟု မေးလျှောက်​၏​။
8ဖာရော​မင်းကြီး​၏​သမီး​တော်​က​လည်း “​သွားခေါ်​လော့​”​ဟု ဆို​သဖြင့် မိန်းမငယ်​သည် သွား​၍ သူငယ်​၏​မိခင်​ကို ခေါ်လာ​၏​။ 9ဖာရော​မင်းကြီး​၏​သမီး​တော်​က “​ဤ​သူငယ်​ကို​ခေါ်သွား​၍ ငါ့​အတွက် ကြည့်ရှု​စောင့်ရှောက်​ပေး​လော့​။ သင့်​ကို ငါ​လုပ်အားခ​ပေး​မည်​”​ဟု ဆို​သဖြင့် ထို​မိန်းမ​သည် သူငယ်​ကို ခေါ်သွား​၍ ကြည့်ရှု​စောင့်ရှောက်​လေ​၏​။ 10သူငယ်​ကြီးပြင်း​လာ​သောအခါ မိခင်​သည် ဖာရော​မင်းကြီး​၏​သမီး​တော်​ထံသို့ သူငယ်​ကို ခေါ်ဆောင်​လာ​၍ သူ​သည် မင်းသမီး​၏​သား​ဖြစ်လာ​၏​။ မင်းသမီး​က “​သူ့​ကို​ရေ​ထဲမှ​ငါ​ဆယ်ယူ​ခဲ့​၏​”​ဟု ဆို​ပြီး သူ​၏​အမည်​ကို မောရှေ#2:10 “ရေထဲမှဆယ်ယူခဲ့သူ”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​မှည့်ခေါ်​လေ​၏​။
မိဒျန်ပြည်ရောက်မောရှေ
11မောရှေ​အရွယ်​ရောက်​ပြီးနောက် တစ်နေ့သောအခါ သူ​သည် မိမိအမျိုးသားချင်း​များ​ထံသို့​သွား​ရာ သူ​တို့​သည် ကြမ်းတမ်း​သော​အလုပ်​များ လုပ်​ရ​သည်​ကို​မြင်​လေ​၏​။ ထို​အချိန်​၌ မိမိ​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​တစ်​ဦး​ကို အီဂျစ်​အမျိုးသား​တစ်​ဦး​က ရိုက်နှက်​နေ​သည်​ကို​မြင်​လျှင် 12သူ​သည် ဟိုဟိုသည်သည်​ကြည့်​၍ လူ​တစ်ဦး​မျှ​မ​ရှိ​သည်​ကို​သိမြင်​သောအခါ အီဂျစ်​အမျိုးသား​ကို ရိုက်သတ်​၍ သဲ​ထဲ၌ မြှုပ်​လိုက်​လေ​၏​။ 13နောက်တစ်နေ့​တွင်​လည်း သူ​သည်​ထပ်၍​သွား​ပြန်​ရာ ဟေဗြဲ​အမျိုးသား​နှစ်​ဦး ရန်ဖြစ်​နေ​ကြ​သည်​ကို​မြင်​လျှင် မတရား​သော​သူ​အား “​သင်​သည် သင်​၏​အပေါင်းအဖော်​ကို အဘယ်ကြောင့် ရိုက်နှက်​ရ​သနည်း​”​ဟု ဆို​သော်
14ထို​သူ​က “​မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​၊ ငါ​တို့​ကို​တရားစီရင်​သူ​အဖြစ် ခန့်ထား​သနည်း​။#တ 7:35။ သင်​သည် အီဂျစ်​အမျိုးသား​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​ရန်​ကြံရွယ်​သလော​”​ဟု ပြန်ပြော​၏​။ ထိုအခါ မောရှေ​သည် ကြောက်ရွံ့​လျက် “​အကယ်စင်စစ် ဤ​အမှု​ကို သိ​ကြ​ကုန်​ပြီ​တကား​”​ဟု ဆို​လေ​၏​။ 15ထို​အမှု​ကို ဖာရော​မင်းကြီး​ကြားသိ​သောအခါ မောရှေ​ကို​သတ်​ရန်​ရှာကြံ​သဖြင့် မောရှေ​သည် ဖာရော​မင်းကြီး​ထံမှ ထွက်ပြေး​၍ မိဒျန်​ပြည်​၌​နေထိုင်​လေ​၏​။ သူ​သည် ရေတွင်း​နား​မှာ ထိုင်​နေ​စဉ်
16မိဒျန်​ယဇ်ပုရောဟိတ်​၏​သမီး​ခုနစ်​ယောက်​သည် ရောက်လာ​၍ မိမိ​တို့​ဖခင်​၏​သိုးဆိတ်​တို့​ကို ရေတိုက်​ရန် ရေခပ်​ကြ​ပြီး ရေစားကျင်း​များ​ကို​ဖြည့်​ကြ​၏​။ 17ထိုအခါ သိုးထိန်း​တို့​သည်​ရောက်လာ​၍ သူ​တို့​ကို​နှင်ထုတ်​ကြ​သဖြင့် မောရှေ​သည် ထ​၍ ထို​မိန်းမ​တို့​ကို​ကာကွယ်​ပေး​ပြီး သူ​တို့​၏​သိုးဆိတ်​တို့​ကို ရေတိုက်​လေ​၏​။ 18သူ​တို့​သည် ဖခင်​ရွေလ​ထံသို့ ပြန်ရောက်​သော် ဖခင်​က “​ယနေ့ သင်​တို့ အဘယ်ကြောင့် စောစော​ပြန်ရောက်​ကြ​သနည်း​”​ဟု မေး​လေ​၏​။ 19သူ​တို့​က​လည်း “​အီဂျစ်​အမျိုးသား​တစ်​ဦး​သည် ကျွန်မ​တို့​ကို သိုးထိန်း​တို့​လက်​မှ ကယ်နုတ်​၍ ရေ​လိုသမျှ​ခပ်​ပေး​ပါ​၏​။ သိုးဆိတ်​တို့​ကို​လည်း ရေတိုက်​ပေး​ပါ​၏​”​ဟု ပြန်ပြော​ကြ​၏​။ 20ထိုအခါ ဖခင်​က မိမိ​သမီး​တို့​အား “​ထို​သူ အဘယ်မှာ​ရှိ​သနည်း​။ သူ့​ကို အဘယ်ကြောင့် ထားခဲ့​သနည်း​။ အစားအစာ​စားသောက်​ရန် သူ့​ကို​သွားခေါ်​လော့​”​ဟု ဆို​၏​။ 21မောရှေ​သည် ရွေလ​နှင့်အတူ​နေထိုင်​ရန် သဘောတူ​၍ ရွေလ​သည် သူ​၏​သမီး​ဇိပေါရ​ကို မောရှေ​နှင့်​ပေးစား​လေ​၏​။ 22ဇိပေါရ​သည် သား​ကို​မွေးဖွား​လျှင် မောရှေ​က “​ငါ​သည် တစ်ပါးအမျိုးသား​ပြည်​၌ ဧည့်သည်​ဖြစ်​ရ​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ဂေရရှုံ ဟု​မှည့်ခေါ်​၏​။
23ကာလ​အတန်ကြာ​ပြီးနောက် အီဂျစ်​ဘုရင်​သည်​လည်း အနိစ္စရောက်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း ကျွန်ပြု​ခံရ​သောကြောင့် ညည်းတွား​၍ အော်ဟစ်​ကြ​၏​။ ထိုသို့ ကျွန်ပြု​ခံရ​သောကြောင့် အော်ဟစ်​သော​သူ​တို့​၏​အသံ​သည် ဘုရားသခင်​အထံ​တော်​သို့ ရောက်​လေ​၏​။ 24ဘုရားသခင်​သည် သူ​တို့​၏​ညည်းတွား​မြည်တမ်း​သံ​ကို​ကြား​တော်မူ​လျှင် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့် ပြု​ခဲ့​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​၏​။ 25ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​၍ သူ​တို့​ကို သိမှတ်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။