YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 5

5
ဖာရောမင်းကြီးကို မောရှေထိပ်တိုက်တွေ့ခြင်း
1ထို့နောက်တွင် မောရှေ​နှင့်​အာရုန်​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​တောကန္တာရ​၌ ငါ့​အဖို့ ပွဲတော်​ကျင်းပ​ရန် ငါ​၏​လူမျိုး​တော်​ကို လွှတ်​လော့​’​ဟူ၍ မိန့်​တော်မူ​၏​”​ဟု လျှောက်​ကြ​၏​။
2သို့သော် ဖာရော​မင်းကြီး​က “​ထာဝရဘုရား​၏​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့​ကို ငါ​လွှတ်​ရ​မည့်​အကြောင်း ထာဝရဘုရား​ကား မည်သူ​နည်း​။ ထာဝရဘုရား​ကို ငါ​မ​သိ​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း ငါ​မ​လွှတ်​”​ဟု ဆို​လေ​၏​။ 3ထိုအခါ သူ​တို့​က “​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​။ သို့မဟုတ်လျှင် ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ကပ်ရောဂါ​ဘေး​၊ သို့မဟုတ် ဓားဘေး​ဖြင့် ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု ပြန်လျှောက်​ကြ​၏​။ 4သို့သော် အီဂျစ်​ဘုရင်​က သူ​တို့​အား “​မောရှေ​နှင့်​အာရုန်​၊ သင်​တို့​သည် ဤ​လူ​တို့​ကို အလုပ်​ပျက်​အောင် အဘယ်ကြောင့် ပြု​ကြ​သနည်း​။ သင်​တို့​၏​အလုပ်​ထဲသို့ ပြန်သွား​ကြ​”​ဟု ဆို​၏​။ 5တစ်ဖန် ဖာရော​မင်းကြီး​က “​ကြည့်​လော့​။ ယခု ဤ​ပြည်​၌ ဤ​လူမျိုး​အများအပြား​ရှိ​၏​။ သူ​တို့​အလုပ်​ရပ်သွား​အောင် သင်​တို့​ပြု​ကြ​ပြီ​တကား​”​ဟု ဆို​၏​။
အစ္စရေးအမျိုးသားတို့ ပို၍နှိပ်စက်ခံရခြင်း
6ထို​နေ့ချင်း​တွင် ဖာရော​မင်းကြီး​သည် လူ​တို့​ကို​အဓမ္မ​စေခိုင်း​သူ​များ​နှင့် အလုပ်ကြီးကြပ်သူ​တို့​အား 7“​ထို​လူ​တို့ အုတ်​လုပ်​ဖို့​ကောက်ရိုး​ကို​ယခင်က​ကဲ့သို့ ဆက်၍​မ​ပေး​ကြ​နှင့်​။ သူ​တို့​ကိုယ်တိုင် ကောက်ရိုး​ကို သွား​ရှာ​ကြ​ပါစေ​။ 8သို့ရာတွင် ယခင် သူ​တို့​ပြုလုပ်​သော​အုတ်​အရေအတွက်​အတိုင်း သူ​တို့​ကို​လုပ်​စေ​ရ​မည်​။ အရေအတွက်​ကို မ​လျော့​စေ​နှင့်​။ အကြောင်းမူကား သူ​တို့​သည် ပျင်းရိ​ကြ​၏​။ ထို့ကြောင့် သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​အား သွား​၍​ယဇ်ပူဇော်​ကြ​စို့​’​ဟု အော်ဟစ်​ပြောဆို​ကြ​၏​။ 9သူ​တို့​အား ပို၍​ပင်ပန်း​သော​အလုပ်​ကို​လုပ်​စေ​ပါ​။ အလုပ်​ကို​သာ​လုပ်​စေ​ပြီး လှည့်ဖြား​သော​စကား​တို့​ကို နား​မ​ယောင်​စေ​နှင့်​”​ဟု အမိန့်ပေး​လေ​၏​။
10ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​ကို အဓမ္မ​စေခိုင်း​သူ​များ​နှင့် အလုပ်ကြီးကြပ်သူ​များ​သည် ထွက်သွား​၍ သူ​တို့​အား “​ဖာရော​မင်းကြီး​က ‘​ငါ​သည် သင်​တို့​ကို ကောက်ရိုး​မ​ပေး​။ 11သင်​တို့​ကိုယ်တိုင် ကောက်ရိုး​ကို​တွေ့​နိုင်​သည့်​နေရာ​မှ သွား​ယူ​ကြ​လော့​။ သို့သော် သင်​တို့​၏​အလုပ်​အနည်းငယ်​မျှ မ​လျော့​ရ​’​ဟူ၍ မိန့်ဆို​၏​”​ဟု ပြော​လေ​၏​။ 12သို့ဖြစ်၍ ထို​သူ​တို့​သည် ကောက်ရိုး​အစား ရိုးပြတ်​ကို​ရှာယူ​ရန် အီဂျစ်​ပြည်​တစ်ပြည်လုံး​သို့ ကွဲလွင့်​သွား​ကြ​လေ​၏​။ 13အဓမ္မ​စေခိုင်း​သူ​များ​က​လည်း “​သင်​တို့​၏​အလုပ်​ကို ကောက်ရိုး​ရရှိ​စဉ်က​အတိုင်း တစ်နေ့​အလုပ်​ကို တစ်နေ့​အတွင်း ပြီးစီး​စေ​ကြ​လော့​”​ဟု ဖိအား​ပေး​ပြောဆို​လေ​၏​။ 14ဖာရော​မင်းကြီး​၏​အဓမ္မ​စေခိုင်း​သူ​များ​သည် မိမိ​တို့​ခန့်ထား​သော​အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​များ​ကို​လည်း ရိုက်နှက်​ကာ “​သင်​တို့​သည် ယခင်​က​ကဲ့သို့ သင်​တို့​လုပ်​ရ​မည့်​အုတ်​ကို သတ်မှတ်ချက်​အတိုင်း မနေ့​ရော​ယနေ့​ပါ အဘယ်ကြောင့် မ​ပြီးစီး​ကြ​သနည်း​”​ဟု ဆို​ကြ​၏​။
15ထိုအခါ အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​များ​သည် ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​အရှင်မင်းကြီး​၏​အစေအပါး​တို့​အား အဘယ်ကြောင့် ဤသို့​ပြု​ပါ​သနည်း​။ 16အရှင်မင်းကြီး​၏​အစေအပါး​တို့​အား ကောက်ရိုး​ကို​မ​ပေး​ကြ​ပါ​။ သို့သော် ‘​အုတ်​များ​ကို​လုပ်​ကြ​လော့​’​ဟု အကျွန်ုပ်​တို့​အား​ဆို​ကြ​ပါ​၏​။ ကြည့်​ပါ​လော့​။ အရှင်မင်းကြီး​၏​အစေအပါး​တို့​သည် ရိုက်နှက်​ခံရ​ပါ​၏​။ အရှင်မင်းကြီး​၏​လူ​တို့​၌​သာ အပြစ်ရှိ​ပါ​၏​”​ဟု အော်ဟစ်​ပြောဆို​ကြ​၏​။
17ဖာရော​မင်းကြီး​က​လည်း “​သင်​တို့​သည် ပျင်းရိ​သော​သူ​များ​ဖြစ်​ကြ​၏​။ ပျင်းရိ​သောကြောင့် သင်​တို့​က ‘​ထာဝရဘုရား​အား သွား​၍​ယဇ်ပူဇော်​ကြ​စို့​’​ဟု ဆို​ကြ​၏​။ 18ယခု​သွား​၍ အလုပ်​လုပ်​ကြ​လော့​။ သင်​တို့​အား ကောက်ရိုး​ကို​ပေး​မည်​မ​ဟုတ်​။ သို့သော် သတ်မှတ်​ထား​သော​အုတ်​ပမာဏ​အတိုင်း သင်​တို့​လုပ်ပေး​ရ​မည်​”​ဟု ဆို​လေ​၏​။
19ထိုသို့ “​နေ့စဉ်​လုပ်​ရ​မည့်​အုတ် မ​လျော့​ရ​”​ဟု မိန့်ဆို​သဖြင့် အစ္စရေး​အမျိုးသား​အလုပ်ကြီးကြပ်သူ​တို့​သည် မိမိ​တို့​ဒုက္ခ​ရောက်​နေ​ပြီ​ဖြစ်ကြောင်း သိမြင်​လေ​၏​။ 20ဖာရော​မင်းကြီး​ထံမှ သူ​တို့​ထွက်သွား​သောအခါ သူ​တို့​နှင့်​တွေ့ဆုံ​ရန် စောင့်​နေ​ကြ​သော အာရုန်​နှင့်​မောရှေ​ကို တွေ့​လျှင်
21“​သင်​တို့​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​တွင် ငါ​တို့​ကို စက်ဆုပ်ရွံရှာဖွယ်​အပုပ်ကောင်#5:21 တိုက်ရိုက်ပြန်ဆိုလျှင် “စက်ဆုပ်ရွံရှာဖွယ်အနံ့”။​ဖြစ်​စေ​ပြီး ငါ​တို့​ကို​သတ်​ရန် သူ​တို့​လက်​ထဲသို့ ဓား​ထည့်ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​ကြည့်​၍ တရားစီရင်​တော်မူ​ပါစေသော​”​ဟု သူ​တို့​အား ဆို​၏​။
22မောရှေ​သည် ထာဝရဘုရား​ထံသို့​ပြန်လာ​၍ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဤ​လူမျိုး​ကို အဘယ်ကြောင့် ဒုက္ခရောက်​စေ​တော်မူ​သနည်း​။ အကျွန်ုပ်​ကို အဘယ်ကြောင့် စေလွှတ်​တော်မူ​သနည်း​။ 23အကျွန်ုပ်​သည် ကိုယ်တော်​၏​နာမ​တော်​ကို​အမှီပြု​ပြီး​ပြောဆို​ရန် ဖာရော​မင်းကြီး​ထံ​ဝင်​သည့်​အချိန်​မှစ၍ သူ​သည် ဤ​လူမျိုး​ကို​ဒုက္ခရောက်​စေ​ပါ​ပြီ​။ ကိုယ်တော်​သည် ကိုယ်တော်​၏​လူမျိုး​တော်​ကို အလျှင်း​ကယ်နုတ်​တော်​မ​မူ​ပါ​”​ဟု လျှောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။