YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာဝတ္ထု 6

6
မော်ဒကဲကို ရှင်ဘုရင်ဂုဏ်ပြုခြင်း
1ထို​ည​တွင် ရှင်ဘုရင်​သည် အိပ်မပျော်​သဖြင့် ရာဇဝင်မှတ်တမ်း​စာလိပ်​ကို ယူလာ​ရန် အမိန့်ပေး​၏​။ သူ​တို့​သည်​လည်း​ယူလာ​၍ ဘုရင့်​ရှေ့မှောက်​၌ ဖတ်ပြ​ကြ​၏​။ 2ထို​မှတ်တမ်း​ထဲတွင် ဘုရင့်​မိန်းမစိုး​နှစ်​ဦး​ဖြစ်​သော တံခါးစောင့်​ဗိဂသန်​နှင့်​တေရက်​တို့​သည် အာရွှေရု​မင်းကြီး​ကို​လုပ်ကြံ​ရန် အခွင့်ကောင်း​ရှာ​သည့်​အကြောင်း​ကို မော်ဒကဲ​ထုတ်ဖော်​ပြောကြား​ခဲ့​ကြောင်း ရေးမှတ်​ထား​သည်​ကို​တွေ့ရှိ​ရ​၏​။ 3ထို့ကြောင့် ရှင်ဘုရင်​က “​မော်ဒကဲ ဤသို့​ပြု​ပေး​သည်​ကို သူ့​အား မည်သည့်​ဘွဲ့ထူး​ဖြင့် ဂုဏ်​ပြု​ခဲ့​သနည်း​”​ဟု မေး​ရာ မိမိ​ထံပါး​၌​ခစား​သော​မင်းလုလင်​တို့​က “​သူ့​ကို မည်သည့်​အရာ​မျှ မ​ပြု​ပေး​ခဲ့​ပါ​”​ဟု ပြန်လျှောက်​ကြ​၏​။
4ထိုအခါ ရှင်ဘုရင်​က “​နန်းတော်​ဝင်း​ထဲတွင် မည်သူ​ရှိ​သနည်း​”​ဟု မေး​၏​။ ထို​အချိန်​တွင် ဟာမန်​သည် သူ​လုပ်​ထား​သော​သစ်တိုင်​တွင် မော်ဒကဲ​ကို​ချိတ်ဆွဲ​မည့်​အကြောင်း ရှင်ဘုရင်​ထံ​ခွင့်ပန်​ရန် ဘုရင့်​နန်းတော်​ဝင်း​အပြင်ဘက်​တွင် ရောက်​နေ​၏​။
5မင်းလုလင်​တို့​က “​ကြည့်ရှု​တော်မူ​ပါ​။ နန်းတော်​ဝင်း​ထဲတွင် ဟာမန်​ရပ်​လျက်​နေ​ပါ​၏​”​ဟု လျှောက်​လျှင် ရှင်ဘုရင်​က “​အထဲ​သို့​ဝင်​စေ​”​ဟု မိန့်ဆို​၏​။
6ဟာမန်​ဝင်လာ​လျှင် ရှင်ဘုရင်​က “​ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို မည်သို့​ဂုဏ်ပြု​သင့်​သနည်း​”​ဟု မေး​၏​။ ဟာမန်​က​လည်း “​ငါ​မှတစ်ပါး ရှင်ဘုရင်​ဂုဏ်​ပြု​လို​သော​သူ​ရှိ​မည်​မ​ဟုတ်​”​ဟု အတွေး​ဝင်​၍ 7ဟာမန်​က ရှင်ဘုရင်​အား “​အရှင်မင်းကြီး​ဂုဏ်ပြု​လို​သော​သူ​အတွက် 8အရှင်မင်းကြီး​ဆင်မြန်း​သော​မင်းဝတ်တန်ဆာ​၊ ခေါင်း​ပေါ်တွင် တော်ဝင်​သရဖူ​ဆင်မြန်း​ပေး​ထား​သော​အရှင်မင်းကြီး​၏​စီး​တော်​မြင်း​ကို​ယူလာ​စေ​၍ 9ထို​မင်းဝတ်တန်ဆာ​နှင့်​စီးတော်မြင်း​ကို ဘုရင့်​မှူးကြီးမတ်ရာ​တစ်ပါးပါး​လက်​သို့​ပေးအပ်​ပြီး အရှင်မင်းကြီး​ဂုဏ်ပြု​လို​သော​သူ​အား ဆင်ယင်​ပေး​စေ​ပါ​။ ထို့နောက် စီးတော်မြင်း​ကို​စီး​စေ​၍ မြို့​လမ်းမ​တစ်လျှောက်​လှည့်လည်​စေ​ပြီးလျှင် ‘​ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို ဤသို့​ဂုဏ်ပြု​ပေး​ရ​သည်​’​ဟူ၍ ရှေ့​မှ ကြွေးကြော်​သွား​စေ​ရ​မည်​”​ဟု လျှောက်​လေ​၏​။
10ထိုအခါ ရှင်ဘုရင်​က ဟာမန်​အား “​သင်​ဆို​သည့်​အတိုင်း မင်းဝတ်တန်ဆာ​နှင့်​စီးတော်မြင်း​ကို ယခု​ချက်ချင်း​သွား​ယူ​၍ ဘုရင့်​နန်းတော်​တံခါး​၌​ထိုင်​နေ​သော​ဂျူး​လူမျိုး​မော်ဒကဲ​အား ပြု​လော့​။ သင်​ပြော​ခဲ့​သမျှ တစ်​ခု​မျှ မ​ကျန်​စေ​နှင့်​”​ဟု မိန့်ဆို​၏​။ 11ဟာမန်​သည်​လည်း မင်းဝတ်တန်ဆာ​နှင့်​စီးတော်မြင်း​ကို​ယူ​၍ မော်ဒကဲ​အား မင်းဝတ်တန်ဆာ​ကို​ဝတ်ဆင်​စေ​ပြီး စီးတော်မြင်း​ကို​စီး​စေ​လျက် မြို့​လမ်းမ​တစ်လျှောက် “ရှင်ဘုရင်​ဂုဏ်ပြု​လို​သော​သူ​ကို ဤသို့​ဂုဏ်ပြု​ရ​သည်”​ဟု ရှေ့​မှ ကြွေးကြော်​သွား​လေ​၏​။
12ထို့နောက် မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တံခါး​သို့ ပြန်လာ​၏​။ ဟာမန်​မူကား စိတ်မသာမယာ​ဖြင့် ခေါင်း​ကို​အုပ်​လျက် မိမိ​အိမ်​သို့​အလျင်အမြန်​ပြန်သွား​လေ​၏​။ 13ထို့နောက် ဟာမန်​သည် မိမိ​ဇနီး​ဇေရက်​နှင့် မိမိ​မိတ်ဆွေ​အပေါင်း​တို့​အား ဖြစ်ပျက်​ခဲ့​သမျှ​တို့​ကို ပြောပြ​ရာ သူ့​ဇနီး​ဇေရက်​နှင့် သူ့​ကို အကြံပေးသူ​တို့​က “​ယခု သင်​သည် မော်ဒကဲ​ကို စတင်​ပြီး​ရှုံးနိမ့်​လေ​ပြီ​။ သူ​သည် ဂျူး​လူမျိုး​မှန်​လျှင် သူ့​ကို သင်​အနိုင်ရ​လိမ့်မည်​မ​ဟုတ်​။ သူ့​ကို သင်​မုချ​ရှုံး​လိမ့်မည်​”​ဟု ပြန်ပြော​ကြ​၏​။ 14ထိုသို့ ပြောဆို​နေ​ကြ​စဉ်​တွင်ပင် မိန်းမစိုး​တို့​ရောက်လာ​၍ ဧသတာ​ပြင်ဆင်​ထား​သော​စားသောက်ပွဲ​သို့ ဟာမန်​ကို အလျင်အမြန်​ခေါ်သွား​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဧသတာဝတ္ထု 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။