ဧသတာဝတ္ထု 5
5
ရှင်ဘုရင်ထံ ဧသတာဝင်ရောက်ခြင်း
1ထို့နောက် သုံးရက်မြောက်နေ့တွင် ဧသတာသည် နန်းဝတ်နန်းစားကိုဝတ်ဆင်၍ ဘုရင့်ခန်းမဆောင်နှင့်မျက်နှာချင်းဆိုင် နန်းတွင်းဆောင်တွင် ရပ်နေ၏။ ရှင်ဘုရင်သည်လည်း ဘုရင့်ခန်းမဆောင်အဝင်ဝသို့မျက်နှာမူလျက် ခန်းမတွင်းရှိရာဇပလ္လင်ပေါ်တွင် စံမြန်းနေ၏။ 2ရှင်ဘုရင်သည် နန်းတော်ဝင်းအတွင်း၌ရပ်နေသော မိဖုရားဧသတာကို မြင်လျှင် ချစ်ကြင်နာစိတ်ဖြစ်၍ ရှင်ဘုရင်သည်လည်း လက်ထဲရှိရွှေရာဇလှံတံကို ဧသတာအားကမ်းပေးလေ၏။ ဧသတာလည်း အနီးသို့လာ၍ ရာဇလှံတံ၏ထိပ်ဖျားကို တို့လေ၏။
3ထိုအခါ ရှင်ဘုရင်က “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းဆိုသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆိုလေ၏။
4ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် အရှင်မင်းကြီးအတွက် ယနေ့ ကျွန်တော်မျိုးမ ပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်နှင့်အတူ ကြွရောက်တော်မူပါ”ဟု လျှောက်လေ၏။
5ထိုအခါ ရှင်ဘုရင်က “ဧသတာတောင်းဆိုသည့်အတိုင်း ပြုနိုင်ရန် ဟာမန်ကိုအလျင်အမြန်ခေါ်ခဲ့လော့”ဟု အမိန့်ပေး၏။ ထို့နောက် ရှင်ဘုရင်သည် ဟာမန်နှင့်အတူ ဧသတာပြင်ဆင်ထားသောစားသောက်ပွဲသို့ ကြွလေ၏။
6စပျစ်ဝိုင်သောက်ချိန်တွင် ရှင်ဘုရင်က ဧသတာအား “သင်ဘာအလိုရှိသနည်း။ သင့်အားငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ နိုင်ငံတော်တစ်ဝက်ကိုပင် သင့်အား ငါပေးမည်”ဟု ဆို၏။
7ဧသတာကလည်း “ကျွန်တော်မျိုးမ အလိုရှိသောအရာ၊ တောင်းဆိုလိုသောအရာမှာ 8အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။
9ထိုနေ့၌ ဟာမန်သည် စိတ်နှလုံးဝမ်းမြောက်ရွှင်မြူးလျက် ပြန်လာ၏။ သို့သော် ဘုရင့်နန်းတော်တံခါးသို့ရောက်လျှင် မော်ဒကဲသည် မတ်တတ်မရပ်၊ သူ့အား မကြောက်ရွံ့ မရိုသေသည်ကို မြင်သောအခါ ဟာမန်သည် မော်ဒကဲအား ပြင်းစွာအမျက်ထွက်လေ၏။ 10သို့သော် ဟာမန်သည် စိတ်ကိုထိန်း၍ အိမ်သို့ရောက်ပြီးမှ မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေတို့ကို လူလွှတ်ခေါ်စေ၏။ 11ဟာမန်က သူတို့အား မိမိမည်မျှ ဓနဥစ္စာဂုဏ်ရှိန်ကြီးကြောင်း၊ သားသမီးများပြားကြောင်း၊ ရှင်ဘုရင်သည်လည်း မိမိအား မည်မျှချီးမြှင့်မြှောက်စားကြောင်း၊ အခြားမှူးမတ်များနှင့် မင်းမှုထမ်းများထက် ရာထူးတိုးမြှင့်ပေးကြောင်းတို့ကို ဝါကြွားပြောဆိုလေ၏။ 12တစ်ဖန် ဟာမန်က “ထိုမျှမက မိဖုရားဧသတာသည် သူတည်ခင်းသောစားသောက်ပွဲသို့ ရှင်ဘုရင်နှင့်အတူ ငါမှလွဲ၍ အခြားသူကို မဖိတ်ခေါ်ပါ။ နက်ဖြန်နေ့တွင်လည်း ရှင်ဘုရင်နှင့်အတူ ငါ့ကိုဖိတ်ခေါ်ထား၏။ 13သို့သော် ဘုရင့်နန်းတော်တံခါးတွင် ဂျူးလူမျိုးမော်ဒကဲထိုင်နေသည်ကို ငါမြင်နေရသရွေ့ ဤအရာအားလုံးသည် ငါ့အတွက် ဘာမျှအကျိုးမရှိ”ဟု ဆိုလေ၏။
14ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်#5:14 “900 လက်မ သို့မဟုတ် 2250 စင်တီမီတာ”။မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။
လက်ရှိရွေးချယ်ထားမှု
ဧသတာဝတ္ထု 5: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative