YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာဝတ္ထု 4

4
ဧသတာအား မော်ဒကဲမှာကြားလိုက်ခြင်း
1ထို​အကြောင်းအရာ​အလုံးစုံ​ကို မော်ဒကဲ ကြားသိ​သောအခါ မိမိ​အဝတ်​တို့​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီးလျှင် ပြာ​၌​လူး​လေ​၏​။ ထို့နောက် မြို့​လယ်ခေါင်​သို့​သွား​ကာ ကျယ်လောင်​စွာ ခါးခါးသီးသီး အော်ဟစ်​ငိုကြွေး​လေ​၏​။ 2လျှော်တေ​အဝတ်​ဖြင့် ဘုရင့်​နန်းတော်​တံခါး​သို့ ဝင်​ခွင့်​မ​ရှိ​သောကြောင့် သူ​သည် ဘုရင့်​နန်းတော်​တံခါး​နား​တွင် ရပ်​နေ​၏​။ 3ဘုရင့်​အမိန့်​စာ​ရောက်ရှိ​သည့် နယ်မြေဒေသ​အသီးသီး​တို့​မှ ဂျူး​လူမျိုး​တို့​သည် အကြီးအကျယ်​ငိုကြွေးမြည်တမ်း​ကြ​လေ​၏​။ အစာရှောင်​လျက်​၊ ငိုကြွေး​လျက်​၊ မြည်တမ်း​လျက် လူ​အများ​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​၍ ပြာ​၌​လူး​ကြ​လေ​၏​။ 4ဧသတာ​၏​အစေခံ​မိန်းကလေး​များ​နှင့် မိန်းမစိုး​တို့​သည်​လာ​၍ မော်ဒကဲ​အကြောင်း​ကို လျှောက်ထား​ကြ​သောအခါ မိဖုရား​သည် အလွန်ပင်​စိတ်မကောင်း​ဖြစ်​လေ​၏​။ လျှော်တေအဝတ်​ကို​လဲ​ဝတ်​ရန် အဝတ်​များ​ကို​ပေးလိုက်​သော်လည်း မော်ဒကဲ​သည် လက်​မ​ခံ​။ 5ထိုအခါ ဧသတာ​သည် မိမိ​အဖို့ ရှင်ဘုရင်​ခန့်ထား​ပေး​သော​မိန်းမစိုး​ဟာတက်​ကို ဆင့်ခေါ်​၍ မော်ဒကဲ​သည် မည်သည့်​အကြောင်း​ကြောင့်​၊ မည်သည့်​အတွက်​ကြောင့် ဤသို့​ပြုမူ​နေ​သည်​ကို စုံစမ်း​ကြည့်​ရန် စေလွှတ်​လိုက်​၏​။ 6ဟာတက်​သည်​လည်း မော်ဒကဲ​ရှိ​ရာ ဘုရင့်​နန်းတော်​တံခါး​ရှေ့ မြို့​တော်​ရင်ပြင်​သို့ သွား​လေ​၏​။ 7မော်ဒကဲ​သည်​လည်း သူ​ကြုံတွေ့​နေ​ရ​သော​အဖြစ်အပျက်​အားလုံး​နှင့် ဟာမန်​က ဂျူး​လူမျိုး​တို့​ကို​သုတ်သင်​ပစ်​ရန် ဘုရင့်​ဘဏ္ဍာတိုက်​ထဲသို့​သွင်း​မည်​ဟု ကတိပြု​သည့်​ငွေသား​ပမာဏအတိအကျ​ကို​ပါ ဟာတက်​အား ပြောပြ​၏​။ 8ထို့ပြင် ဂျူး​လူမျိုး​တို့​ကို​ဖျက်ဆီး​မည့်​အကြောင်း ရှုရှန်​မြို့​တွင် ကြေညာ​သည့် အမိန့်​စာ​မိတ္တူ​ကို​လည်း ပေး​လိုက်​၏​။ ဤ​စာ​ကို ဧသတာ​အား​ပြ​၍ သူ့​ကို​ရှင်းပြ​ရန်​နှင့် ဧသတာ​အား ရှင်ဘုရင်​ထံသို့​ဝင်​၍ ကိုယ့်​လူမျိုး​တို့​အတွက် မင်းကြီး​ထံ​အသနားခံ​တောင်းလျှောက်​ရန် မှာလိုက်​လေ​၏​။ 9ဟာတက်​သည်​လည်း ပြန်လာ​၍ မော်ဒကဲ​၏​စကား​ကို ဧသတာ​အား ပြောပြ​လေ​၏​။
10ထိုအခါ ဧသတာ​က မော်ဒကဲ​အား
11“​ရှင်ဘုရင်​က ဆင့်ခေါ်​ခြင်း​မ​ရှိ​ဘဲ နန်းတွင်းဆောင်​ရှိ ရှင်ဘုရင်​ထံသို့ ဝင်လာ​သော​သူ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ထို​သူ​အတွက် တစ်ခုတည်း​သော​အမိန့်​မှာ သေဒဏ်​ဖြစ်​၏​။ ရှင်ဘုရင်​၏​ရွှေ​ရာဇလှံတံ​ကမ်းလှမ်း​ခြင်း​ခံရ​သော​သူ​သာ အသက်ချမ်းသာ​ခွင့်​ရ​၏​။ ဤ​အမိန့်​ကို ရှင်ဘုရင်​၏​အမှုထမ်း​အားလုံး​မှစ၍ ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အသီးသီး​မှ​လူ​တို့ သိ​ကြ​၏​။ အကျွန်ုပ်​သည်​လည်း ရှင်ဘုရင်​ထံသို့​ဝင်​ရန်​ဆင့်ခေါ်​ခြင်း​မ​ခံရ​သည်​မှာ ရက်​ပေါင်း​သုံးဆယ်​ရှိ​ပြီ​”​ဟု ဟာတက်​မှတစ်ဆင့် အကြောင်းပြန်​လိုက်​၏​။ 12ဧသတာ​ပြော​သော​စကား​တို့​ကို မော်ဒကဲ​အား ပြန်​ပြောပြ​သောအခါ
13မော်ဒကဲ​က ဧသတာ​အား “​ဂျူး​လူမျိုး​အပေါင်း​တို့ မ​လွတ်မြောက်​လျှင် ဘုရင့်​နန်းတော်​ထဲ၌ နေ​သော​သင်​သည်​လည်း လွတ်မြောက်​မည်​ဟု မ​ထင်​နှင့်​။ 14ဤ​အချိန်​တွင် သင်​နှုတ်ဆိတ်​နေ​မည်​ဆိုပါက ဂျူး​လူမျိုး​တို့​ကို လွတ်မြောက်​အောင် ကယ်တင်​ပေး​မည့်​သူ​သည် အခြား​တစ်နေရာ​မှ​ပေါ်လာ​လိမ့်မည်​။ သင်​နှင့်​သင့်​ဖခင်​အမျိုးအနွယ်​မူကား ပျက်စီး​ရ​လိမ့်မည်​။ ဤ​အချိန်​ကာလ​အတွက် သင်​သည် မိဖုရား​ဖြစ်လာ​ခဲ့​သလော​ဟု အဘယ်သူ သိ​နိုင်​မည်နည်း​”​ဟု မှာကြား​လိုက်​၏​။
15ဧသတာ​က​လည်း မော်ဒကဲ​အား 16“​ရှုရှန်​မြို့​တွင် ရှိသမျှ​သော​ဂျူး​လူမျိုး​တို့​ကို သွား​၍​စုစည်း​ပြီး နေ့​ရော​ည​ပါ သုံး​ရက်​ပတ်လုံး မ​စား​မ​သောက်​ဘဲ အကျွန်ုပ်​အတွက် အစာရှောင်​ဆုတောင်း​ကြ​ပါ​။ အကျွန်ုပ်​နှင့် အစေခံ​မိန်းကလေး​များ​သည်​လည်း ထိုနည်းတူ အစာရှောင်​ဆုတောင်း​ကြ​ပါ​မည်​။ ထို့နောက် ဥပဒေ​နှင့်​ဆန့်ကျင်​သော်လည်း ရှင်ဘုရင်​ထံ​အခစား​ဝင်​မည်​။ သေ​ရ​မည်​ဆိုလျှင်​လည်း အသေ​ခံ​ပါ​မည်​”​ဟု ပြန်ပြော​လိုက်​၏​။ 17မော်ဒကဲ​သည်​လည်း ဧသတာ​မှာကြား​သမျှ​အတိုင်း သွား​၍​လုပ်ဆောင်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဧသတာဝတ္ထု 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ