YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 32

32
မောရှေသီချင်း
1မောရှေ​မြွက်ဆို​သည်​မှာ “​အို ကောင်းကင်​၊ စူးစိုက်​နားထောင်​လော့​။ ငါ​ပြော​မည်​။ အို မြေကြီး​၊ ငါ့​နှုတ်ထွက်​စကား​များ​ကို နားထောင်​လော့​။ 2ငါ့​သွန်သင်ချက်​သည် မိုးစက်​လေး​လို​တစက်စက်ကျ​ပါစေ​။ ငါ့​စကား​သည် နှင်းစက်​လေး​လို တဖွဲဖွဲ​ကျ​ပါစေ​။ မြက်နု​ပေါ်​ကျ​သော​မိုးဖွဲ​လေး​များ​လို​၊ မြက်ပင်​ပေါ်​ကျ​သော​မိုးပေါက်​လေး​များ​လို ဖြစ်​ပါစေ​။ 3ထာဝရဘုရား​၏​နာမ​တော်​ကို ငါ​ကြေညာ​မည်​ဖြစ်၍ ငါ​တို့​၏​ဘုရားသခင် ကြီးမြတ်​တော်မူ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။ 4အို ကျောက်ဆောင်​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​သည် ပြီးပြည့်စုံ​ပါ​၏​။ မှန်ပေ၏​။ ကိုယ်တော်​၏​နည်းလမ်း​တော်​ရှိသမျှ​တို့​သည် တရားမျှတ​ပါ​၏​။ ကိုယ်တော်​သည် မတရားမှု​ကို​မ​ပြု​၊ သစ္စာရှိ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ ဖြောင့်မတ်​မှန်ကန်​သော​ဘုရား​ဖြစ်​တော်မူ​၏​။ 5သူ​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ ကိုယ်တော်​၏​သားသမီး​များ​မ​ဟုတ်​တော့​ပါ​။ အနာအဆာ​ရှိ​သော​သူ​များ ဖြစ်​ကြ​၏​။ ကောက်ကျစ်​၍​မရိုးဖြောင့်​သော​မျိုးဆက်​ဖြစ်​၏​။ 6အို မိုက်မဲ​သော​လူမျိုး​၊ ပညာမဲ့​သော​လူမျိုး​၊ ဤနည်းဖြင့် ထာဝရဘုရား​ကို ကျေးဇူးဆပ်​ရ​သလော​။ ကိုယ်တော်​သည် သင်​၏​ဖခင်​၊ သင့်​ကို​ဖန်ဆင်း​သော​အရှင် ဖြစ်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် သင့်​ကို​ဖန်ဆင်း​၍ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သည်​မ​ဟုတ်​လော​။ 7လွန်လေပြီး​သော​နေ့ရက်​များ​ကို အောက်မေ့​လော့​။ လွန်လေပြီး​သော​နှစ်​များ​ကို ဆင်ခြင်သုံးသပ်​လော့​။ သင့်​ဖခင်​ကို မေး​လော့​။ သင့်​ကို ရှင်းပြ​လိမ့်မည်​။ သက်ကြီးဝါကြီး​တို့​ကို မေး​လော့​။ သင့်​ကို ပြောပြ​လိမ့်မည်​။ 8အမြင့်ဆုံး​သော​အရှင်​သည် လူ​တို့​ကို အမွေခွဲဝေ​ပေး​သောအခါ​၊ လူသား​တို့​ကို နေရာ​ပိုင်းခြား​သောအခါ အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​အတိုင်း နယ်နိမိတ်​များ​ကို သတ်မှတ်​ပေး​တော်မူ​၏​။ 9ထာဝရဘုရား​၏​ဝေစု​ကား မိမိ​လူမျိုး​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​အမွေ​ဝေစု​ကား ယာကုပ်​ဖြစ်​၏​။ 10ကိုယ်တော်​သည် သူ့​ကို တောကန္တာရ​အရပ်​၊ လေထန်​သော​ကန္တာရ​လွင်တီးခေါင်အရပ်​၌​တွေ့​သောအခါ သူ့​ကို​ကာကွယ်​စောင်မ​လျက် မျက်စိ​သူငယ်အိမ်​ကဲ့သို့​စောင့်ရှောက်​တော်မူ​ခဲ့​၏​။ 11လင်းယုန်​သည် မိမိ​အသိုက်​ကို​လှုပ်ခါ​၍ မိမိ​သားငယ်​တို့​အပေါ်​ပျံဝဲ​လျက်​၊ မိမိ​တောင်ပံ​ကို​ဖြန့်​လျက်​၊ သားငယ်​တို့​ကို​ချီယူ​ပြီး မိမိ​တောင်ပံ​ပေါ်တွင်​သယ်ဆောင်​သွား​သကဲ့သို့ 12သူ့​ကို​ပို့ဆောင်​ပေး​သူ​မှာ တိုင်းတစ်ပါးသား​၏​ဘုရား​မ​ဟုတ်​၊ ထာဝရဘုရား​တစ်ပါးတည်း​သာလျှင် ဖြစ်​၏​။ 13ကိုယ်တော်​သည် သူ့​ကို မြေကြီး​ပေါ်ရှိ မြင့်ရာအရပ်​တို့​၌​နေရာ​ချထား​၍#32:13 တိုက်ရိုက်ပြန်ဆိုလျှင် “မြင့်ရာအရပ်တို့ကိုစီးစေ၍”။ သူ​သည် လယ်ယာ​သီးနှံ​ကို​စား​ရ​၏​။ ကိုယ်တော်​သည် သူ့​ကို ကျောက်တောင်​ထဲမှ​ပျားရည်​ဖြင့်​လည်းကောင်း​၊ မီးခတ်​ကျောက်ဆောင်​ထဲမှ​ဆီ​ဖြင့်​လည်းကောင်း​၊ 14နွား​မှ​ရ​သော​ထောပတ်​၊ သိုး​မှ​ရ​သော​သိုး​နို့​၊ သိုးသငယ်​အဆီ#32:14 သို့မဟုတ် “အကောင်းဆုံးသိုး”။​၊ ဗာရှန်​ပြည်​သိုးထီး​၊ ဆိတ်ထီး​နှင့်တကွ အကောင်းဆုံး​ဂျုံ​ဖြင့်​လည်းကောင်း ကျွေးမွေး​တော်မူ​၏​။ စပျစ်​သွေး​တည်းဟူသော​ဝိုင်နီ​ကို​လည်း သောက်​ရ​၏​။ 15အို ယေရှုရုန်​၊ သင်​သည် ဝဖြိုး​လာ​သဖြင့် ခြေစုံကန်​လေ​ပြီ​။ ဝဖြိုး​တုတ်ခဲ​ပြီး ဖောင်းကား​လာ​သောအခါ မိမိ​ကို​ဖန်ဆင်း​တော်မူ​သော​ဘုရားသခင်​ကို ပစ်ပယ်​လေ​ပြီ​။ မိမိ​၏​ကယ်တင်​ရာ​ကျောက်ဆောင်​ကို မထီမဲ့မြင်ပြု​လေ​ပြီ​။ 16အခြား​သော​ဘုရား​များ​ဖြင့် ကိုယ်တော်​ကို သဝန်တို​စေ​ပြီ​၊ စက်ဆုပ်ရွံရှာဖွယ်​ရာ​များ​ဖြင့် ကိုယ်တော်​ကို အမျက်ထွက်​စေ​ပြီ​။ 17ဘုရားသခင် မ​ဟုတ်​သော နတ်ဆိုး​များ​ကို ပူဇော်​ကြ​ပြီ​။ သူ​တို့​မ​သိ​သော​ဘုရား​၊ နောက်​မှ​ပေါ်လာ​သော​ဘုရား​အသစ်​၊ ဘိုးဘေး​တို့​မ​ကြောက်​သော​ဘုရား တို့​ကို ပူဇော်​ကြ​ပြီ​။#၁ကော 10:20။ 18သင်​၏​မွေးသဖခင်​ကျောက်ဆောင်#32:18 တိုက်ရိုက်ပြန်ဆိုလျှင် “သင့်ကိုမွေးသောကျောက်ဆောင်”။​ကို သင်​သတိမရ​၊ သင့်​ကို​မွေးဖွား​တော်မူ​သော​ဘုရားသခင်​ကို သင်​မေ့လျော့​လေ​ပြီ​။ 19ထာဝရဘုရား မြင်​တော်မူ​လျှင် မိမိ​သား​သမီး​တို့​ကို အမျက်ထွက်​၍ ပစ်ပယ်​တော်မူ​၏​။ 20‘​သူ​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သူ​တို့​၏​နိဂုံး​သည် မည်သို့​ဖြစ်​မည်​ကို ငါ​စောင့်ကြည့်​မည်​။ သူ​တို့​သည် ဖောက်ပြန်​တတ်​သော​မျိုးဆက်​၊ သစ္စာ​မ​ရှိ​သော​သားသမီး​များ ဖြစ်​ကြ​၏​။ 21သူ​တို့​သည် ဘုရား​မ​ဟုတ်​သော​အရာ​များ​ဖြင့် ငါ့​ကို သဝန်တို​စေ​ကြ​ပြီ​။ အချည်းနှီး​သော​အရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​ပြီ​။ သို့ဖြစ်၍ ငါ​သည် မ​ပြောပလောက်​သော​လူမျိုး​ဖြင့် သူ​တို့​ကို သဝန်တို​စေ​မည်​။ မိုက်မဲ​သော​လူမျိုး​ဖြင့် သူ​တို့​ကို အမျက်ထွက်​စေ​မည်​။#ရော 10:19။ 22ငါ့​အမျက်​မီး​သည် စွဲ​၍ မရဏာနိုင်ငံ​အောက်ဆုံး​ထိ​တိုင်အောင် တောက်လောင်​လိမ့်မည်​။ မြေကြီး​နှင့် မြေကြီး​အသီးအနှံ​တို့​ကို ဝါးမျို​၍ တောင်​များ​၏​အခြေအမြစ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။ 23သူ​တို့​အပေါ် ဘေးအန္တရာယ်​များ​ကို စုပြုံကျရောက်​စေ​မည်​။ ငါ့​မြား​တို့​ကို သူ​တို့​ထံ အကုန်​ပစ်လွှတ်​မည်#32:23 တိုက်ရိုက်ပြန်ဆိုလျှင် “သူတို့အပေါ်၌ အသုံးပြုမည်”။​။ 24သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​၍​ပိန်ချုံး​သွား​မည်​။ ပူလောင်​ခြင်း​၊ ဆိုးရွား​သော​ဘေးဥပဒ်​တို့​၏​ဝါးမျို​ခြင်း​ခံရ​မည်​။ သားရဲ​အစွယ်​၊ မြေ​ပေါ်​တွားသွား​သော​သတ္တဝါ​အဆိပ်​ကို သူ​တို့​ထံ ငါ​စေလွှတ်​မည်​။ 25အိမ်ပြင်​၌ ဆွေမျိုးရင်းချာ​တို့​သည် ဓား​ဖြင့်​ဆုံး​လိမ့်မည်​။ အိမ်တွင်း​၌ ဆံပင်ဖြူ​သူ​မှစ၍ နို့စို့ကလေးငယ်​၊ လူပျို​၊ အပျို​တို့​သည် ကြောက်ရွံ့ထိတ်လန့်​ကြ​လိမ့်မည်​။ 26“ငါ​သည် သူ​တို့​ကို​ကွဲလွင့်​စေ​မည်​။ သူ​တို့​၏​အမှတ်ရစရာ​ကို လူ​တို့​ကြားမှ ကွယ်ပျောက်​စေ​မည်”​ဟု ငါ​မိန့်ဆို​၏​။ 27သို့သော် သူ​တို့​ကို​ရန်ပြု​သော​သူ​တို့​၏​ရန်သူ​တို့​သည် ထောင်လွှား​လာ​ပြီး “ဤ​အမှု​အလုံးစုံ​ကို ထာဝရဘုရား​ပြု​တော်မူ​သည်​မ​ဟုတ်​၊ ငါ​တို့​လက်​ဖြင့် အောင်မြင်​ခဲ့​သည်”​ဟု အထင်လွဲ​၍ ဆို​လာ​မည်​ကို စိုးရိမ်​၏’​ဟု မိန့်​တော်မူ​၏​။ 28အကယ်စင်စစ် သူ​တို့​သည် အကြံဉာဏ်​မ​ရှိ​သော​လူမျိုး​၊ ထိုးထွင်းဉာဏ်​လည်း​မ​ရှိ​သော​လူမျိုး​ဖြစ်​၏​။ 29သူ​တို့​သည် ဉာဏ်ပညာရှိ​လျှင် ဤ​အမှု​ကို​နားလည်​ကြ​လိမ့်မည်​။ သူ​တို့​၏​နိဂုံး​ကို​ဆင်ခြင်​မိ​ကြ​လိမ့်မည်​။ 30သူ​တို့​၏​ကျောက်ဆောင်​သည် သူ​တို့​ကို​ရောင်း​ပစ်​တော်​မ​မူ​လျှင်​၊ ထာဝရဘုရား​သည် သူ​တို့​ကို​စွန့်ပစ်​တော်​မ​မူ​လျှင် လူ​တစ်​ယောက်​သည် လူ​တစ်ထောင်​ကို မည်သို့​လိုက်​နိုင်​မည်နည်း​။ လူ​နှစ်​ယောက်​သည် လူ​တစ်သောင်း​ကို မည်သို့​ထွက်ပြေး​စေ​နိုင်​မည်နည်း​။ 31ငါ​တို့​၏​ကျောက်ဆောင်​သည် သူ​တို့​၏​ကျောက်ဆောင်​နှင့်​မ​တူ​ကြောင်း​ကို ငါ​တို့​၏​ရန်သူ​တို့​ပင် အသိအမှတ်​ပြု​ကြ​၏​။ 32သူ​တို့​၏​စပျစ်​မျိုး​သည် သောဒုံ​စပျစ်​မျိုး​၊ ဂေါမောရ​ခြံ​မှ​စပျစ်​မျိုး​ဖြစ်​၏​။ သူ​တို့​၏​စပျစ်သီး​သည် အဆိပ်​ရှိ​သော​စပျစ်သီး​ဖြစ်​၏​။ သူ​တို့​၏​စပျစ်ခိုင်​သည် ခါး​၏​။ 33သူ​တို့​၏​စပျစ်ဝိုင်​သည် မြွေနဂါး​၏​အဆိပ်​၊ မြွေဟောက်​၏​ပြင်းထန်​သော​အဆိပ်​ဖြစ်​၏​။ 34ဤ​အမှု​ကို ငါ့​ထံ၌​သိမ်းဆည်း​ထား​၏​။ တံဆိပ်ခတ်​ပြီး သိုလှောင်ခန်း​၌​သို​ထား​၏​။ 35လက်စားချေ​ခြင်း​၊ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်​ဆိုင်​၏​။ သူ​တို့​သည် အချိန်တန်​လျှင် ခြေ​ချော်​လိမ့်မည်​။ သူ​တို့​၏​ဘေးဒုက္ခ​နေ့ရက်​သည်​နီး​ပြီ​။ သူ​တို့​ကြုံ​ရ​မည့်​အမှု​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်​။ 36ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​တို့ ခွန်အား​ကုန်ခန်း​၍ အချုပ်အနှောင်​ခံရ​သော​သူ​နှင့် လွတ်လပ်​သော​သူ​ပါ တစ်ယောက်​မျှ​မ​ကျန်​တော့​သည်​ကို မြင်​သောအခါ မိမိ​လူမျိုး​တော်​အတွက် တရားစီရင်​တော်မူ​မည်​။ မိမိ​အစေအပါး​တို့​ကို သနား​တော်မူ​မည်​။ 37ကိုယ်တော်​က ‘​သူ​တို့​ခိုလှုံ​ရာ​ကျောက်ဆောင်​ဖြစ်​သော သူ​တို့​ဘုရား​များ​ကား အဘယ်မှာ​ရှိ​သနည်း​။ 38ထို​ဘုရား​တို့​သည် သူ​တို့​ပူဇော်​သော​ယဇ်ကောင်​၏​အဆီ​ကို​စား​၍ သူ​တို့​၏​သွန်းလောင်းရာပူဇော်သက္ကာ​စပျစ်ဝိုင်​ကို​သောက်​ကြ​၏​။ ထို​ဘုရား​တို့​သည် သင်​တို့​ကို ထ​၍​ကူညီမစ​ပါလေစေ​။ သင်​တို့​ကို ကွယ်ကာ​ပါလေစေ​။ 39ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။ 40ငါ့​လက်​ကို​ကောင်းကင်​သို့​မြှောက်​လျက် “ငါ​သည် ထာဝရ​အသက်ရှင်​တော်မူ​သည်​နှင့်အညီ 41လင်းလက်​သော​ငါ့​ဓား​ကို ငါ​သွေး​မည်​။ ထို​ဓား​ကို​ကိုင်​၍ တရားစီရင်​မည်​။ ငါ့​ကို​ရန်ပြုသောသူ​တို့​ကို​လက်စားချေ​မည်​။ ငါ့​ကို​မုန်းတီး​သော​သူ​တို့​ကို လက်တုံ့ပြန်​မည်​။ 42ငါ့​မြား​တို့​ကို သွေး​ဖြင့်​ယစ်မူး​စေ​မည်​။ ငါ့​ဓား​သည် အသား​ကို​စား​မည်​။ အသတ်ခံရ​သူ​၊ အဖမ်းဆီးခံရသူ​တို့​၏​သွေး​ကို​သောက်​မည်​။ ရန်သူ့​ခေါင်းဆောင်​တို့​၏​ဦးခေါင်း​ကို​လည်း စား​မည်”​ဟူ၍ ငါ​ကျိန်ဆို​သည်’​ဟု မိန့်​တော်မူ​၏​။ 43အို လူမျိုး​အပေါင်း​တို့​၊ လူမျိုး​တော်​နှင့်အတူ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။#ရော 15:10။ ကိုယ်တော်​သည် မိမိ​အစေအပါး​တို့​၏​သွေး​အတွက်​လက်တုံ့ပြန်​မည်​။ မိမိ​ကို​ရန်ပြုသောသူ​တို့​အား လက်စားချေ​တော်မူ​မည်​။ ပြည်​တော်​၊ လူမျိုး​တော်​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​မည်​”​ဟူ၍ ဖြစ်​၏​။ 44ထို့နောက် မောရှေ​သည် နုန်​၏​သား ယောရှု​နှင့်အတူ လာ​၍ ဤ​သီချင်း​စာသား​ရှိသမျှ​တို့​ကို လူ​တို့​ကြား​အောင် ရွတ်ဆို​ပြ​၏​။ 45မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား ဤ​သီချင်း​စာသား​ရှိသမျှ​တို့​ကို မြွက်ဆို​ပြ​ပြီး​နောက် 46“​ယနေ့ သင်​တို့​အား ငါ​သတိပေး​သော​စကား​ရှိသမျှ​တို့​ကို နှလုံးသွင်း​ကြ​လော့​။ ဤ​တရား​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​မည့်​အကြောင်း သင်​တို့​၏​သားသမီး​တို့​ကို မှာကြား​ကြ​လော့​။ 47ဤ​တရားစကား​သည် သင်​တို့​အဖို့ အချည်းနှီး​စကား​မ​ဟုတ်​။ သင်​တို့​၏​အသက်​ဖြစ်​၏​။ ဤ​တရားစကား​ကို စောင့်ထိန်း​ခြင်း​ဖြင့် သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ သိမ်းပိုက်​မည့်​ပြည်​၌ အသက်​ရှည်ရှည်​နေထိုင်​ရ​မည်​ဖြစ်​၏​”​ဟု ဆို​လေ​၏​။
သေဆုံးရတော့မည့်မောရှေ
48ထို​နေ့​၌​ပင် ထာဝရဘုရား​က မောရှေ​အား 49“​ဂျေရိခေါ​မြို့​တစ်ဖက်​၊ မောဘ​ပြည်​အာဗရိမ်​တောင်တန်း​ရှိ နေဗော​တောင်​သို့ တက်သွား​၍ အစ္စရေး​အမျိုးသား​တို့​အား ငါ​အပိုင်​ပေး​သော ခါနာန်​ပြည်​ကို ကြည့်ရှု​လော့​။ 50သင့်​အစ်ကို​အာရုန်​သည် ဟောရ​တောင်​ပေါ်၌​သေဆုံး​၍ မိမိ​လူမျိုး​စုစည်း​ရာ​သို့​သွား​ရ​သည့်​နည်းတူ သင်​သည်​လည်း ဤ​တောင်​ပေါ်၌ သေဆုံး​ရ​မည်​။ သင့်​လူမျိုး​စုစည်း​ရာ​သို့​သွား​ရ​မည်​။ 51အကြောင်းမှာ သင်​တို့​သည် ဇိန​တောကန္တာရ​၊ ကာဒေရှ​အရပ်​ရှိ မေရိဘ​စမ်းရေ​နား အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​တွင် ငါ့​ကို​ပြစ်မှား​၍ ငါ​သန့်ရှင်း​ကြောင်း​ကို အစ္စရေး​အမျိုးသား​တို့​အလယ်​၌ အသိအမှတ်​မ​ပြု​ကြ​သောကြောင့် ဖြစ်​၏​။ 52ထို့ကြောင့် သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ငါ​ပေး​သော​ပြည်​ထဲသို့ ဝင်​ရ​မည်​မ​ဟုတ်​၊ အဝေး​မှသာ​တွေ့မြင်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 32: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။