YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 33

33
မောရှေပေးသောကောင်းချီးမင်္ဂလာ
1ဘုရားသခင်​၏​လူ​မောရှေ မ​ကွယ်လွန်​မီ အစ္စရေး​အမျိုးသား​တို့​အား ပေး​ခဲ့​သော ကောင်းချီးမင်္ဂလာ​ကား ဤသို့​ဖြစ်​၏​။ 2မောရှေ​က “​ထာဝရဘုရား​သည် သိနာ​တောင်​မှ ကြွလာ​တော်မူ​၏​။ စိရ​တောင်​မှ ထွန်းလင်း​တော်မူ​၏​။ ပါရန်​တောင်​မှ ရောင်ခြည်လွှတ်​တော်မူ​၏​။ လက်ယာ​လက်​တော်​၌ ဥပဒေသမီး​ပါ​လျက် သန့်ရှင်း​သူ​အထောင်အသောင်း​တို့​နှင့် ကြွလာ​တော်မူ​၏​။ 3အကယ်စင်စစ် လူမျိုး​တော်​ကို​ချစ်​တော်မူ​၏​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​အပေါင်း​တို့​သည် ကိုယ်တော့်​လက်​တော်​၌​ရှိ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​ခြေ​တော်​ရင်း​၌ ထိုင်​လျက် ကိုယ်တော်​၏​စကား​တော်​တို့​ကို ခံယူ​ကြ​ပါ​၏​။ 4မောရှေ​သည် ယာကုပ်​အမျိုး​တို့​ပိုင်ဆိုင်​ရာ​ပညတ်တရား​ကို ငါ​တို့​အား ပေး​ထား​၏​။ 5လူမျိုး​တော်​အကြီးအမှူး​တို့​သည် အစ္စရေး​မျိုးနွယ်​တို့​နှင့်အတူ စုဝေး​ကြ​သောအခါ ကိုယ်တော်​သည် ယေရှုရုန်​အမျိုး​၌ ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ 6ရုဗင်​အမျိုး​သည် အသက်ချမ်းသာ​ရာ​ရ​ပါစေသော​။ မ​သေ​ပါစေ​နှင့်​။ သူ​၏​လူ​ဦးရေ​များ​ပါစေ​။
7ယုဒ​အမျိုး​ကို​ကား​၊ အို ထာဝရဘုရား​၊ ယုဒ​တောင်းလျှောက်သံ​ကို နားညောင်း​တော်မူ​၍ သူ့​လူမျိုး​တို့​ထံသို့ သူ့​ကို ပို့ဆောင်​တော်မူ​ပါ​။ သူ​သည် သူ့ကိုယ်သူ ခုခံကာကွယ်​ရ​ပါ​၏​။ သူ့​ကို​ရန်ပြုသောသူ​တို့​လက်​မှ ကိုယ်တော်​သည် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​ပါစေသော​။
8လေဝိ​အမျိုး​ကို​ကား​၊ ကိုယ်တော်​၏​သုမိမ်​နှင့်​ဥရိမ်​သည် မဿာ​အရပ်​၌ ကိုယ်တော်​စမ်းသပ်​သော​၊ မေရိဘ​စမ်းရေ​နား​၌ ကိုယ်တော်​ရန်တွေ့​သော ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​နှင့်အတူ​ရှိ​ပါစေသော​။ 9သူ​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကို​လိုက်နာ​၍ ကိုယ်တော်​၏​ပဋိညာဉ်​ကို​စောင့်ထိန်း​သောကြောင့် ကိုယ့်​မိဘ​ကို​ပင်လျှင် ‘သူ​တို့​ကို ငါ​ဂရု​မ​စိုက်’​ဟု ဆို​၏​။ မိမိ​ညီအစ်ကို​ကို​လည်း အသိအမှတ်​မ​ပြု​၊ မိမိ​သားသမီး​တို့​ကို​လည်း မသိကျိုးကျွန်​ပြု​၏​။ 10သူ​တို့​သည် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​များ​ကို ယာကုပ်​အမျိုး​အား​လည်းကောင်း​၊ ကိုယ်တော်​၏​တရားတော်​ကို အစ္စရေး​လူမျိုး​အား​လည်းကောင်း သွန်သင်ပြသ​ပေး​လိမ့်မည်​။ သူ​တို့​သည် နံ့သာပေါင်း​ကို ရှေ့​တော်​၌​လည်းကောင်း​၊ တစ်ကောင်လုံး​ရှို့​ရ​သော​ယဇ်​ကို ယဇ်ပလ္လင်​တော်​ပေါ်၌​လည်းကောင်း ပူဇော်​ကြ​လိမ့်မည်​။ 11အို ထာဝရဘုရား​၊ သူ​၏​ဥစ္စာပစ္စည်း​ကို​ကောင်းချီးပေး​တော်မူ​၍ သူ​လုပ်ဆောင်​သော​အမှု​ကို​လက်ခံ​တော်မူ​ပါ​။ သူ့​ကို​ဆန့်ကျင်​သော​သူ​၊ သူ့​ကို​မုန်း​သော​သူ​တို့ ပြန်၍​မ​ထ​နိုင်​အောင် သူ​တို့​ခါး​ကို ချိုး​တော်မူ​ပါ​။
12ဗင်္ယာမိန်​အမျိုး​ကို​ကား​၊ ထာဝရဘုရား​ချစ်​တော်မူ​သော​ဗင်္ယာမိန်​သည် အထံ​တော်​၌ လုံခြုံ​စွာ​နေ​ရ​ပါစေသော​။ ကိုယ်တော်​သည် သူ့​ကို​အစဉ်အမြဲ​ကွယ်ကာ​တော်မူ​၍ သူ​၏​ပခုံး​ပေါ်တွင် ကိန်းဝပ်​တော်မူ​ပါစေသော​။
13ယောသပ်​အမျိုး​ကို​ကား​၊ သူ​၏​ပြည်​သည် ကောင်းကင်​ရတနာ​ဖြစ်​သော​နှင်း​အားဖြင့်​လည်းကောင်း​၊ အောက်​အရပ်​၌​ဝပ်​နေ​သည့်​နက်ရှိုင်း​သော​ရေထု​အားဖြင့်​လည်းကောင်း​၊ 14နေ​ရတနာ​၏​အကျိုးကျေးဇူး​အားဖြင့်​လည်းကောင်း​၊ လ​ရတနာ​၏​အသီးအပွင့်​အားဖြင့်​လည်းကောင်း​၊ 15ရှေးကတည်းက​တည်ရှိ​သော​တောင်တန်း​တို့​၏​အကောင်းဆုံးအရာ​အားဖြင့်​လည်းကောင်း​၊ ထာဝရ​တည်​သော​တောင်ကုန်း​တို့​၏​ရတနာ​အားဖြင့်​လည်းကောင်း​၊ 16မြေကြီး​ရတနာ​၊ မြေကြီး​၏​ကြွယ်ဝ​ခြင်း​အားဖြင့်​လည်းကောင်း​၊ မီးတောက်​နေ​သော​ချုံပုတ်​၌​ကိန်းဝပ်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​အားဖြင့်​လည်းကောင်း ယောသပ်​၏​ဦးခေါင်း​၊ ညီအစ်ကို​တို့​တွင် အကြီးအကဲ​ဖြစ်​သော​ယောသပ်​၏​ဦးထိပ်​ပေါ်၌ ထာဝရဘုရား​ထံ​တော်​မှ​ကောင်းချီး​သက်ရောက်​ပါစေသော​။ 17သူ​၏​နွား​သားဦး​သည် သူ​၏​ဂုဏ်ကျက်သရေ​ဖြစ်​၏​။ သူ​၏​ဦးချို​သည် နွားရိုင်း​ဦးချို​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ထို​ဦးချို​ဖြင့် လူမျိုးတကာ​တို့​ကို မြေကြီး​စွန်း​တိုင်အောင် တစ်ချက်တည်း​ဝှေ့​ပစ်​မည်​။ ထို​ဦးချို​များ​သည် သောင်းပေါင်း​များစွာ​သော​ဧဖရိမ်​အမျိုး​၊ ထောင်ပေါင်း​များစွာ​သော​မနာရှေ​အမျိုး ဖြစ်​၏​။
18ဇာဗုလုန်​အမျိုး​ကို​ကား​၊ အို ဇာဗုလုန်​အမျိုး​၊ သင်​ကုန်သွယ်သွား​ရာ​၌ ဝမ်းမြောက်​လော့​။ အို ဣသခါ​အမျိုး​၊ တဲ​၌​နေ​လျက် ဝမ်းမြောက်​လော့​။ 19သူ​တို့​သည် ပင်လယ်​၏​ကြွယ်ဝခြင်း​ကို​လည်းကောင်း​၊ သဲ​ထဲ၌​မြုပ်​နေ​သည့်​ရတနာ​ကို​လည်းကောင်း စုပ်ယူ​ရရှိ​သည်​ဖြစ်၍ လူမျိုးတကာ​တို့​ကို တောင်​ပေါ်သို့​ခေါ်သွား​ပြီး ထို​အရပ်​၌ ဖြောင့်မတ်​ခြင်း​ယဇ်​ကို ပူဇော်​ကြ​လိမ့်မည်​။
20ဂဒ်​အမျိုး​ကို​ကား​၊ ဂဒ်​အမျိုး​၏​နယ်မြေ​ကို​ကျယ်ဝန်း​စေ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​ပါစေသော​။ ဂဒ်​အမျိုး​သည် ခြင်္သေ့​ကဲ့သို့​အောင်း​၍ လက်မောင်း​နှင့် ဦးခေါင်း​တို့​ကို ကိုက်ဖြဲ​တတ်​၏​။ 21သူ​သည် မိမိ​အဖို့​အကောင်းဆုံး​ကို​ရွေးချယ်​၏​။ ခေါင်းဆောင်​ဝေစု​ကို​ရယူ​ထား​၏​။ လူမျိုး​၏​အကြီးအမှူး​ထံသို့​လာ​၍ အစ္စရေး​လူမျိုး​တို့​နှင့်အတူ ထာဝရဘုရား​၏​ဖြောင့်မတ်​ခြင်း​တရား​နှင့်​စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​ဆောင်ရွက်​၏​။
22ဒန်​အမျိုး​ကို​ကား​၊ ဒန်​အမျိုး​သည် ဗာရှန်​ပြည်​မှ​ခုန်​ထွက်လာ​သည့် ခြင်္သေ့​သားပေါက်​ဖြစ်​၏​။
23နဿလိ​အမျိုး​ကို​ကား​၊ အို နဿလိ​အမျိုး​၊ ကျေးဇူး​တော်​နှင့်​ကြွယ်ဝ​လျက်​၊ ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​နှင့်​ပြည့်စုံ​လျက် အနောက်ဘက်​၊ တောင်ဘက် နယ်မြေ​တို့​ကို​သိမ်းပိုက်​လော့​။
24အာရှာ​အမျိုး​ကို​ကား​၊ အာရှာ​အမျိုး​သည် သားသမီး​များစွာ​ထွန်းကား​သော​ကောင်းချီး​ကို​ခံစား​ရ​၏​။ သူ​၏​ညီအစ်ကို​တို့​သည် သူ့​ကို ချစ်မြတ်နိုး​ပါစေ​။ သူ​သည် ခြေ​ကို​ဆီ​၌​နှစ်​ရ​ပါစေ​။ 25သင်​၏​တံခါးကျင်​တို့​သည် သံ​နှင့်​ကြေးနီ​ဖြစ်​မည်​။ သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး လုံခြုံ​စွာ​နေ​ရ​မည်​။ 26အို ယေရှုရုန်​၊ သင်​၏​ဘုရား​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​သည် သင့်​ကို​ကူညီမစ​ရန် မိုးကောင်းကင်​ကို​စီးနင်း​တော်မူ​၏​၊ မိမိ​အာနုဘော်​တော်​ဖြင့်​မိုးတိမ်​ကို စီးနင်း​တော်မူ​၏​။ 27ထာဝရအရှင် ဘုရားသခင်​သည် သင်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။ ထာဝရ​လက်ရုံး​တော်​ဖြင့် သင့်​ကို​ထောက်မ​တော်မူ​၏​။ ရန်သူ​ကို သင့်​မျက်စိ​ရှေ့​မှ​နှင်ထုတ်​တော်မူ​၍ ‘​ဖျက်ဆီး​လော့​’​ဟု မိန့်​တော်မူ​မည်​။ 28အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​ဖြင့် တသီးတခြား​နေထိုင်​ရ​မည်​။ ယာကုပ်​အမျိုးအနွယ်​သည် ကောက်ပဲသီးနှံ​နှင့် စပျစ်ဝိုင်​အသစ်​ပေါများ​ရာ​အရပ်​၊ ကောင်းကင်​မှ နှင်း​တဖွဲဖွဲကျ​ရာ​အရပ်​၌ နေထိုင်​ရ​မည်​။ 29အို အစ္စရေး​လူမျိုး​၊ သင်​သည် မင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​ကယ်တင်​တော်မူ​သော​လူမျိုး​၊ သင်​နှင့်​မည်သူ​တူ​သနည်း​။ ကိုယ်တော်​သည် သင့်​ကို​ကူညီမစ​သော​ဒိုင်းလွှား​၊ သင်​ဂုဏ်ယူဝါကြွား​ရာ​ဓား ဖြစ်​တော်မူ​၏​။ သင်​၏​ရန်သူ​တို့​သည် သင့်​ရှေ့​၌​ခယဝပ်တွား​ကြ​ရ​လိမ့်မည်​။ သင်​သည် သူ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို နင်း​လိမ့်မည်​”​ဟု ကောင်းချီးပေး​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 33: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။