YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 31

31
မောရှေတာဝန်ကို ယောရှုဆက်ခံခြင်း
1တစ်ဖန် မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား 2“​ယနေ့ ငါ​သည် အသက်​တစ်ရာ့​နှစ်ဆယ်​ရှိ​ပြီ​။ မ​သွား​မ​လာ​နိုင်​တော့​ပါ​။ ထာဝရဘုရား​က​လည်း ‘​သင်​သည် ဤ​ဂျော်ဒန်​မြစ်​ကို​မ​ကူး​ရ​’​ဟု ငါ့​အား​မိန့်​တော်မူ​ပြီ​။ 3သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ရှေ့​မှ​ကူးသွား​တော်မူ​မည်​။ ထို​လူမျိုး​တို့​ကို သင့်​ရှေ့​မှ ဖျက်ဆီး​တော်မူ​သဖြင့် သင်​သည် သူ​တို့​ကို​နှင်ထုတ်​လိမ့်မည်​။ ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ယောရှု​သည်​လည်း သင်​တို့​ရှေ့​မှ​ကူးသွား​မည်​။ 4ထာဝရဘုရား​သည် အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​၊ ဩဃ​မင်းကြီး​နှင့် သူ​တို့​၏​ပြည်​ကို ဖျက်ဆီး​တော်မူ​သကဲ့သို့ ထို​လူမျိုး​တို့​ကို ပြု​တော်မူ​မည်​။ 5ထာဝရဘုရား​သည် သူ​တို့​ကို သင်​တို့​၌​အပ်​တော်မူ​မည်​ဖြစ်၍ ငါ​မှာကြား​သော​ပညတ်တော်​ရှိသမျှ​အတိုင်း သူ​တို့​ကို​ပြု​ရ​မည်​။ 6အားယူ​၍​ရဲရင့်​ခြင်း​ရှိ​ကြ​လော့​။ မ​ကြောက်​ကြ​နှင့်​။ သူ​တို့​ကြောင့် မ​ထိတ်လန့်​ကြ​နှင့်​။ အကြောင်းမူကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ကြွ​တော်မူ​မည်​။ သင်​တို့​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​”#တရား 31:8၊ ဟေဗြဲ 13:5။​ဟု ဆို​လေ​၏​။ 7ထို့နောက် မောရှေ​သည် ယောရှု​ကို​ခေါ်​၍ အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​ရှေ့​၌ သူ့​အား “​အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ အကြောင်းမူကား ထို​ပြည်​ကို ဤ​လူမျိုး​တို့​အား​ပေး​မည်​ဟု သူ​တို့​၏​ဘိုးဘေး​တို့​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့ သင်​သည် သူ​တို့​နှင့်အတူ​ဝင်ရောက်​၍ ထို​ပြည်​ကို သူ​တို့​၏ အမွေ​ဖြစ်စေ​ရ​မည်​။ 8ထာဝရဘုရား ကိုယ်တော်တိုင် သင့်​ရှေ့​မှ ကြွ​တော်မူ​မည်​။ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို ပစ်ထား​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​”#တရား 31:6၊ ဟေဗြဲ 13:5။​ဟု ပြောကြား​၏​။ 9မောရှေ​သည် ဤ​ပညတ်တရားတော်​ကို ရေးသား​၍ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​သယ်ဆောင်​သော လေဝိ​အမျိုးသား​ယဇ်ပုရောဟိတ်​တို့​နှင့် အစ္စရေး​လူမျိုး​သက်ကြီးဝါကြီး​အပေါင်း​တို့​အား ပေးအပ်​လေ​၏​။ 10ထို့နောက် မောရှေ​က သူ​တို့​အား “​အကြွေးလျှော်ပစ်​ရန်​သတ်မှတ်​ထား​သော​နှစ်​ဖြစ်​သည့် ခုနစ်​နှစ်​ပြည့်​သော​နှစ်​၊ ယာယီတဲစု​ပွဲတော်​အချိန်​ရောက်​တိုင်း 11အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ထာဝရဘုရား​၏​ရှေ့​တော်​၌ မျက်နှာ​လာ​ပြ​သောအခါ သင်​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ရှေ့​၌ ဤ​ပညတ်တရား​ကို သူ​တို့​ကြား​အောင် ဖတ်ကြား​ရ​မည်​။ 12ယောက်ျား​၊ မိန်းမ​၊ ကလေး​မှစ၍ သင်​တို့​၏​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​သည် ပညတ်တရား​စကား​ရှိသမျှ​တို့​ကို ကြားနာ​၍​သင်ယူ​မည့်​အကြောင်း​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ကြောက်ရွံ့​၍ ပညတ်တရား​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​မည့်​အကြောင်း သူ​တို့​ကို စုရုံး​စေ​လော့​။ 13ထိုသို့အားဖြင့် ဤ​ပညတ်တရား​ကို​မ​သိ​သေး​သော သင်​တို့​၏​သားသမီး​တို့​ကို​လည်း ကြားနာ​စေ​ရ​မည်​။ သို့မှသာ ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​သိမ်းပိုက်​မည့်​ပြည်​၌ သင်​တို့​နေထိုင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​ရ​မည်​ကို သင်ယူ​နိုင်​ကြ​မည်​”​ဟု ဆို​လေ​၏​။ 14ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ကြည့်ရှု​လော့​။ သင်​သေ​ရ​မည့်​အချိန်​နီး​ပြီ​။ ယောရှု​အား ငါ​တာဝန်ပေးအပ်​မည်​ဖြစ်၍ သူ့​ကို​ခေါ်​ပြီး တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ရပ်​နေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​နှင့်​ယောရှု​တို့​သွား​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​ရပ်​နေ​ကြ​၏​။ 15ထိုအခါ ထာဝရဘုရား​သည် တဲ​တော်​တွင် မိုးတိမ်​တိုင်​အားဖြင့်​ထင်ရှား​တော်မူ​၍ မိုးတိမ်​တိုင်​သည် တဲ​တော်​အဝင်ဝ​အထက်​၌ တည်​နေ​လေ​၏​။ 16ထာဝရဘုရား​က မောရှေ​အား “​ကြည့်ရှု​လော့​။ သင်​၏​ဘိုးဘေး​တို့​နှင့်အတူ သင်​အိပ်ပျော်​ပြီး​နောက်တွင် ဤ​လူမျိုး​တို့​သည် သူ​တို့​ဝင်ရောက်​မည့်​ပြည်​ရှိ​တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​နှင့် ထ​၍​ဖောက်ပြန်မှားယွင်း​ကြ​မည်​။ ငါ​ကို​စွန့်ပယ်​ကြ​မည်​။ သူ​တို့​နှင့်​ငါ​ဖွဲ့​ခဲ့​သော ပဋိညာဉ်​ကို ချိုးဖောက်​ကြ​လိမ့်မည်​။ 17ထို​နေ့ရက်​၌ ငါ​သည် သူ​တို့​ကို​အမျက်ထွက်​၍ စွန့်ပစ်​မည်​။ သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် ဝါးမျို​ခြင်း​ခံရ​မည်​။ ဘေးအန္တရာယ်​နှင့်​ဆင်းရဲဒုက္ခ​များစွာ​တို့​နှင့် ကြုံတွေ့​ရ​မည်​။ သို့ဖြစ်၍ ထို​နေ့ရက်​၌ သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​မ​ရှိ​သောကြောင့် ဤ​ဘေးအန္တရာယ်​များ​နှင့် ငါ​တို့​ကြုံတွေ့​ရ​သည်​မ​ဟုတ်​လော​’​ဟု ဆို​ကြ​လိမ့်မည်​။ 18သူ​တို့​သည် အခြား​ဘုရား​များ​ထံသို့​လှည့်သွား​၍ သူ​တို့​ပြု​သော​မကောင်းမှု​အားလုံး​ကြောင့် ထို​နေ့ရက်​၌ စင်စစ်​ငါ​မျက်နှာ​လွှဲ​မည်​။ 19ယခု ဤ​သီချင်း​ကို​ရေး​ထား​၍ အစ္စရေး​အမျိုးသား​တို့​ကို​သင်ကြား​ပေး​လော့​။ ဤ​သီချင်း​သည် အစ္စရေး​အမျိုးသား​တို့​ကို ဆန့်ကျင်​သည့်​သက်သေ​ဖြစ်​သောကြောင့် သူ​တို့​ကို အလွတ်ရွတ်ဆို​စေ​လော့​။ 20အကြောင်းမူကား နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို သူ​တို့​၏​ဘိုးဘေး​တို့​အား ပေး​မည်​ဟု​ငါ​ကျိန်ဆို​ခဲ့​သည်​နှင့်အညီ သူ​တို့​ကို ထို​ပြည်​သို့ ငါ​ပို့ဆောင်​သဖြင့် သူ​တို့​သည် ဝလင်​စွာ​စား​ရ​၍ ကြွယ်ဝပြည့်စုံ​သောအခါ အခြား​ဘုရား​များ​ထံသို့​လှည့်သွား​၍ ဝတ်ပြု​ကြ​လိမ့်မည်​။ ငါ့​ကို​မထီလေးစား​ပြု​ကြ​လိမ့်မည်​။ ငါ​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​လိမ့်မည်​။ 21သူ​တို့​သည် ဘေးအန္တရာယ်​နှင့် ဆင်းရဲဒုက္ခ​များစွာ ကြုံတွေ့​ရ​သောအခါ ဤ​သီချင်း​သည် သူ​တို့​ကို ဆန့်ကျင်​သော သက်သေ​ဖြစ်​လိမ့်မည်​။ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် ဤ​သီချင်း​ကို​မ​မေ့လျော့​ဘဲ နှုတ်​၌​အစဉ်​ရှိ​နေ​မည်​။ သူ​တို့​အား ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော​ပြည်​သို့ သူ​တို့​ကို​မ​ပို့ဆောင်​မီ ယနေ့ သူ​တို့​ကြံစည်​နေ​သော​အကြံအစည်​ကို ငါ​သိ​၏​”​ဟု မိန့်​တော်မူ​၏​။ 22မောရှေ​သည် ထို​နေ့​၌ ဤ​သီချင်း​ကို​ရေး​ထား​၍ အစ္စရေး​အမျိုးသား​တို့​အား သင်ကြား​ပေး​လေ​၏​။ 23ထို့နောက် ထာဝရဘုရား​က နုန်​၏​သား ယောရှု​အား “​အားယူ​၍​ရဲရင့်​ခြင်း​ရှိ​လော့​။ ထို​ပြည်​ကို အစ္စရေး​အမျိုးသား​တို့​အား ပေး​မည်​ဟု​ငါ​ကျိန်ဆို​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့ သင်​သည် သူ​တို့​ကို​ပို့ဆောင်​ရ​မည်​။ ငါ​သည်​လည်း သင်​နှင့်အတူ​ရှိ​မည်​”​ဟု မိန့်မှာ​တော်မူ​၏​။
လူအပေါင်းတို့အား မောရှေသတိပေးခြင်း
24မောရှေ​သည် ဤ​တရား​စကား​များ​ကို စာအုပ်​ထဲ၌ အကုန်အစင် ရေးသား​ပြီးစီး​ပြီးမှ 25မောရှေ​က ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​သယ်ဆောင်​သော​လေဝိ​အမျိုး​တို့​အား 26“​ဤ​ပညတ်တရား​ကျမ်း​ကို​ယူ​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ဘေး​၌ ထား​ရ​မည်​။ သင်​တို့​ကို​ဆန့်ကျင်​သော​သက်သေ​အဖြစ် ရှိ​နေ​စေ​ရ​မည်​။ 27သင်​တို့​၏​ပုန်ကန်​တတ်​သော​သဘော​၊ ခေါင်းမာ#31:27 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​တတ်​သော​သဘော​ကို ငါ​သိ​၏​။ ယနေ့ ငါ​သည် သင်​တို့​နှင့်အတူ​အသက်ရှင်​နေ​စဉ်တွင်ပင် သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​ကြ​ပြီ​။ ငါ​သေ​ပြီးလျှင် ထိုထက်မက ပုန်ကန်​ကြ​လိမ့်မည်​။ 28ဤ​စကား​များ​ကို သူ​တို့​ကြား​အောင် ငါ​ပြောကြား​နိုင်​မည့်​အကြောင်း​၊ ကောင်းကင်​နှင့်​မြေကြီး​ကို​တိုင်တည်​ပြီး သူ​တို့​ကို​ဆန့်ကျင်​သည့်​သက်သေ​ကို​ထူ​နိုင်​မည့်​အကြောင်း သင်​တို့​မျိုးနွယ်​များ​၏​သက်ကြီးဝါကြီး​များ​၊ သင်​တို့​၏​ကြီးကြပ်အုပ်ချုပ်သူ​များ အားလုံး​ကို ငါ့​ထံ၌ စုရုံး​စေ​လော့​။ 29အကြောင်းမူကား ငါ​သေ​ပြီးလျှင် သင်​တို့​သည် လုံးလုံး​ဖောက်ပြန်​၍ ငါ​မှာကြား​ထား​သော​လမ်း​မှ​လွှဲသွား​ကြ​မည်​ကို​လည်းကောင်း​၊ နောင်​ကာလ​၌ သင်​တို့​သည် သင်​တို့​လက်​ဖြင့်​လုပ်​သော​အရာ​အားဖြင့် ထာဝရဘုရား​၏​အမျက်​တော်​ကို​နှိုးဆော်​၍ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ မကောင်း​သော​အမှု​ကို​ပြု​ကြ​သဖြင့် သင်​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​မည်​ကို​လည်းကောင်း ငါ​သိ​၏​”​ဟု ပြောကြား​လေ​၏​။ 30ထို့နောက် မောရှေ​သည် အစ္စရေး​လူ​အစုအဝေး​အပေါင်း​တို့​ကြားသိ​အောင် သီချင်း​စာသား​ကို အစအဆုံး​မြွက်ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 31: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။