YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 30

30
ထာဝရဘုရားထံသို့ ပြန်လာခြင်း
1သင့်​ရှေ့​၌ ငါ​ချထား​သည့် ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ရှိသမျှ​တို့​သည် သင့်​အပေါ်​သို့​ကျရောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ကို​နှင်ထုတ်​တော်မူ​ရာ​အရပ်ရပ်​ရှိ လူမျိုး​တကာ​တို့​အလယ်​တွင် ထို​အရာ​တို့​ကို သင်​ပြန်​၍​နှလုံးသွင်း​လျှင်​၊ 2သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံသို့ ပြန်လာ​၍ သင်​နှင့်​သင်​၏​သားသမီး​တို့​သည် ယနေ့ သင့်​အား ငါ​မိန့်မှာ​သမျှ​အတိုင်း စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ စကား​တော်​ကို နားထောင်​လျှင် 3သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သင့်​ကို ပြန်လာ​စေ​၍ သင့်​ကို သနားစုံမက်​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ကို ကွဲလွင့်​စေ​တော်မူ​ရာ​အရပ်ရပ်​ရှိ လူမျိုး​တကာ​တို့​ထံမှ ပြန်​၍​စုစည်း​စေ​တော်မူ​မည်​။ 4သင်​သည် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​လျှင်ပင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ထို​အရပ်​မှ ပြန်လည်​စုစည်း​၍ ထို​အရပ်​မှ ပြန်လည်​ခေါ်ဆောင်​လာ​တော်မူ​မည်​။ 5သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ဘိုးဘေး​တို့​ပိုင်ဆိုင်​ခဲ့​သည့်​ပြည်​သို့ သင့်​ကို ပို့ဆောင်​တော်မူ​၍ သင်​သည် ထို​ပြည်​ကို ပိုင်ဆိုင်​ရ​မည်​။ သင့်​ကို​ကောင်းစား​စေ​၍ သင့်​ဘိုးဘေး​တို့​ထက် သင့်​ကို​တိုးပွား​စေ​တော်မူ​မည်​။ 6သင်​သည် အသက်ရှင်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ချစ်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​စိတ်နှလုံး​၊ သင့်​သားမြေး​တို့​၏​စိတ်နှလုံး​အရေဖျား​ကို လှီး​တော်မူ​မည်​။ 7သင့်​ရန်သူ​တို့​အပေါ်​၊ သင့်​ကို​မုန်းတီး​၍ ညှဉ်းဆဲ​သော​သူ​တို့​အပေါ် ထို​ကျိန်​ခြင်း​ရှိသမျှ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား ကျရောက်​စေ​တော်မူ​မည်​။ 8သင်​မူကား ပြန်လာ​၍ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​လိမ့်မည်​။ 9သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​လုပ်ဆောင်​လေရာရာ​၌​အောင်မြင်​စေ​တော်မူ​မည့်​အကြောင်း​၊ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ကို​လည်း တိုးပွား​စေ​တော်မူ​မည့်​အကြောင်း​၊ ထာဝရဘုရား​သည် သင်​၏​ဘိုးဘေး​တို့​ကို​ကောင်းစား​စေ​တော်မူ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင်​၌​လည်း နှစ်သက်အားရ​တော်မူ​မည့်​အကြောင်း 10သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ဤ​ပညတ်တရား​ကျမ်း​၌ ရေးသား​ထား​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို စောင့်ထိန်း​ရ​မည်​။ သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်လာ​ရ​မည်​။
အသက်ရှင်ခြင်းကို ရွေးချယ်လော့
11ယနေ့ သင့်​အား ငါ​မိန့်မှာ​သော​ပညတ်တော်​သည် သင့်​အတွက် ခက်ခဲ​လွန်း​သော​အရာ​၊ အလှမ်းဝေး​သော​အရာ မ​ဟုတ်​။ 12‘​အကျွန်ုပ်​တို့ လိုက်နာ​နိုင်​မည့်​အကြောင်း မည်သူ​သည်​ကောင်းကင်​သို့​တက်​ပြီး အကျွန်ုပ်​တို့​ထံ ယူဆောင်​လာ​၍ ပြောကြား​ပေး​မည်နည်း​’​ဟု သင်​တို့​ဆို​ရ​အောင် ကောင်းကင်​၌ ရှိ​သည်​မ​ဟုတ်​။#ရော 10:6။ 13‘​အကျွန်ုပ်​တို့ လိုက်နာ​နိုင်​မည့်​အကြောင်း မည်သူ​သည် ပင်လယ်​တစ်ဖက်​သို့​ကူး​ပြီး အကျွန်ုပ်​တို့​ထံ ယူဆောင်​လာ​၍ ပြောကြား​ပေး​မည်နည်း​’​ဟု သင်​တို့​ဆို​ရ​အောင် ပင်လယ်​တစ်ဖက်ကမ်း​၌ ရှိ​သည်​မ​ဟုတ်​။ 14သင်​လိုက်နာ​နိုင်​ရန် ထို​စကား​တော်​သည် သင်​၏​အနီး​၌​ရှိ​၏​။ သင်​၏​နှုတ်​၊ သင်​၏​စိတ်နှလုံး​ထဲ၌​ရှိ​၏​။#ရော 10:8။ 15အသက်ရှင်​၍​ကောင်းစား​ခြင်း​နှင့် သေဆုံး​၍​ပျက်စီး​ခြင်း​ကို ယနေ့ သင့်​ရှေ့​၌ ငါ​ချထား​၏​။ 16သင်​သည် အသက်ရှင်​၍​တိုးပွား​မည့်​အကြောင်း​၊ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ လမ်း​တော်​သို့​လိုက်​လျက် ကိုယ်တော်​၏​ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ရ​မည်​ဟု ယနေ့ သင့်​အား ငါ​မှာကြား​၏​။ 17သင်​သည် နာခံ​ခြင်း​မ​ရှိ​ဘဲ သွေးဆောင်​ခြင်း​ခံရ​၍ သင်​၏​စိတ်နှလုံး​သည်​လမ်းလွဲ​လျက် အခြား​ဘုရား​များ​ကို ပျပ်ဝပ်​ကိုးကွယ်​လျှင် 18ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​သည် အသက်​မ​ရှည်​၊ မုချ​ဖျက်ဆီး​ခြင်း​ခံရ​မည်​ဖြစ်ကြောင်း ယနေ့ သင့်​အား​ငါ​ပြောကြား​ပြီ​။ 19ယနေ့ ငါ​သည် ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ အသက်ရှင်​ခြင်း​နှင့်​သေ​ခြင်း​၊ ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ကို သင့်​ရှေ့​၌ ငါ​ချထား​၏​။ သို့ဖြစ်၍ သင်​နှင့်​သင်​၏​သားမြေး​တို့​အသက်ရှင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​ကို​ရွေးချယ်​လော့​။ 20ထို​ပြည်​ကို သင်​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ပေး​မည်​ဟု ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင်​နေထိုင်​နိုင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​နှင့်တကွ အသက်တာ​ရှည်​ခြင်း​ကို​ပေး​တော်မူ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စကား​တော်​ကို​နားထောင်​လော့​၊ ကိုယ်တော်​၌​ဆည်းကပ်​လော့​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 30: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။