YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 29

29
ပဋိညာဉ်ထပ်ပြုခြင်း
1ဟောရပ်​တောင်​၌ အစ္စရေး​အမျိုးသား​တို့​နှင့် ထာဝရဘုရား​ဖွဲ့​တော်မူ​ခဲ့​သော​ပဋိညာဉ်​အပြင် မောဘ​ပြည်​၌ အစ္စရေး​အမျိုးသား​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​ရန် မောရှေ​အား မိန့်မှာ​တော်မူ​ခဲ့​သည့် ပဋိညာဉ်​ပါ​အချက်​များ​ကား ဤသို့​ဖြစ်​၏​။ 2မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​ခေါ်​၍ သူ​တို့​အား “​ထာဝရဘုရား​သည် အီဂျစ်​ပြည်​၌ ဖာရော​မင်းကြီး​မှစ၍ သူ​၏​အမှုထမ်း​အပေါင်း​တို့​နှင့်တကွ သူ​၏​ပြည်​တစ်ပြည်လုံး​ကို သင်​တို့​ရှေ့မှောက်​တွင် မည်သို့​ပြု​တော်မူ​ခဲ့​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ပြီ​။ 3ထိုသို့ ပြင်းထန်​သော​စုံစမ်းမှု​များ​၊ ထူးဆန်း​သော​နိမိတ်လက္ခဏာ​များ​နှင့် အံ့ဩဖွယ်အမှု​များ​ကို သင်​တို့​မျက်စိ​ဖြင့် တွေ့မြင်​ခဲ့​ပြီ​။ 4သို့သော် ယနေ့​ထိတိုင် ထာဝရဘုရား​သည် သင်​တို့​အား နားလည်​နိုင်​သော​စိတ်​၊ မြင်​နိုင်​သော​မျက်စိ​၊ ကြား​နိုင်​သော​နား​တို့​ကို ပေး​တော်​မ​မူ​။#ရော 11:8။ 5ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​သည်​ကို သင်​တို့​သိမြင်​မည့်​အကြောင်း သင်​တို့​ကို အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​ထဲ၌ ပို့ဆောင်​ခဲ့​၏​။ သင်​တို့​ကိုယ်​ပေါ်​မှ အဝတ်အစား မ​ဟောင်းနွမ်း​။ သင်​တို့​ခြေ​မှ​ဖိနပ်​သည်​လည်း မ​စုတ်​မ​ပြတ်​။ 6သင်​တို့​သည် မုန့်​မ​စား​ခဲ့​ရ​၊ စပျစ်ဝိုင်​နှင့်​သေရည်သေရက်​လည်း မ​သောက်​ခဲ့​ရ​ကြ​။ 7ဤ​အရပ်​သို့ သင်​တို့​ရောက်လာ​သောအခါ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​တို့​သည် ငါ​တို့​ကို​ဆီးတား​တိုက်ခိုက်​ရန် ထွက်လာ​ကြ​၏​။ သို့သော် ငါ​တို့​သည် သူ​တို့​ကို​လုပ်ကြံ​၍ 8သူ​တို့​၏​ပြည်​ကို သိမ်းယူ​ပြီး ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​၊ မနာရှေ​အမျိုး​တစ်ဝက်​တို့​အား အမွေ​အဖြစ်​ပေး​ခဲ့​၏​။ 9သင်​တို့​သည် ပြု​လေရာရာ​၌ အထမြောက်​မည့်​အကြောင်း ဤ​ပဋိညာဉ်​ပါ​အချက်​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ 10ယနေ့ သင်​တို့​အားလုံး​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် သင်​တို့​မျိုးနွယ်​များ​၏​အကြီးအမှူး​များ​၊ သက်ကြီးဝါကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​၊ အစ္စရေး​အမျိုးသား​အားလုံး​မှစ၍ 11သင်​တို့​၏​ကလေး​၊ သင်​တို့​၏​မယား​နှင့် သင်​တို့​တပ်စခန်း​ထဲ​ရှိ ထင်း​ခွေ​သူ​၊ ရေ​ခပ်​သူ​တိုင်းတစ်ပါးသား​များ​ပါ ရပ်​နေ​ကြ​သည်​မှာ 12ယနေ့ သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကျိန်ဆို​၍​ပြု​တော်မူ​သော​ပဋိညာဉ်​ကို​ခံယူ​ရန် ဖြစ်​၏​။ 13သင်​တို့​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား ကျိန်ဆို​၍ သင်​တို့​အား ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်ကြောင်း​အတည်ပြု​ရန်​နှင့် ကိုယ်တော်​သည်​လည်း သင်​တို့​၏​ဘုရား​ဖြစ်​တော်မူ​ရန်​အတွက် ဖြစ်​၏​။ 14‘​ငါ​သည် ဤ​ပဋိညာဉ်​၊ ဤ​ကျိန်တွယ်​ခြင်း​ကို သင်​တို့​နှင့်​သာ​ပြု​သည်​မ​ဟုတ်​။​’ 15အကယ်စင်စစ် ယနေ့ ဤ​နေရာ​၌​ငါ​တို့​နှင့်အတူ​ရှိ​၍ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌​ရပ်​နေ​သော​သူ​တို့​နှင့်​လည်းကောင်း​၊ ယနေ့ ဤ​နေရာ​၌​ငါ​တို့​နှင့်အတူ​မ​ရှိ​သော​သူ​တို့​နှင့်​လည်းကောင်း ပြု​တော်မူ​၏​။
ပဋိညာဉ်ကို စွန့်ပယ်ခြင်း
16အီဂျစ်​ပြည်​တွင် ငါ​တို့​မည်သို့​နေထိုင်​ခဲ့​ရ​သည်​ကို​လည်းကောင်း​၊ လမ်းခရီး​တွင် လူမျိုးခြား​တို့​အလယ်​၌ မည်သို့​ဖြတ်ကျော်​လာ​ခဲ့​ရ​သည်​ကို​လည်းကောင်း သင်​တို့​သိ​ကြ​၏​။ 17သင်​တို့​သည် သူ​တို့​၏​ရွံရှာဖွယ်​ရာ​များ​ဖြစ်​သည့် သစ်သား​ရုပ်တု​၊ ကျောက်​ရုပ်တု​၊ ရွှေ​ရုပ်တု​၊ ငွေ​ရုပ်တု​တို့​ကို တွေ့မြင်​ခဲ့​ကြ​၏​။ 18ယနေ့ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ စိတ်နှလုံး​လမ်းလွဲ​၍ ထို​လူမျိုး​တို့​၏​ဘုရား​များ​ကို​သွားရောက်​ဝတ်ပြု​သည့် ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ​၊ မျိုးနွယ်စု​ဖြစ်စေ​၊ မျိုးနွယ်​ဖြစ်စေ သင်​တို့​တွင် မ​ရှိ​စေ​ရ​။ သင်​တို့​တွင် အဆိပ်​ရှိ​၍​ခါး​သော​အသီး​ကို သီး​စေ​သော​အမြစ်​မ​ရှိ​စေ​ရ​။ 19ဤ​ကျိန်ဆို​သော​စကား​များ​ကို​ကြား​သောအခါ ‘​ငါ​သည် ငါ့​စိတ်သဘော​အတိုင်း လိုက်လျှောက်​သော်လည်း ငါ​သည် ဘေးကင်း​လျက်​ရှိ​၏​’​ဟု ဆို​လျက် စိတ်​ထဲ၌ ကိုယ့်ကိုယ်ကိုယ်​ကောင်းချီးပေး​တတ်​သော​သူ​သည် ရေဝ​သော​မြေ ခြောက်သွေ့​သွား​သကဲ့သို့ ဖျက်ဆီး​ခြင်း​ခံရ​မည်​။ 20ထာဝရဘုရား​သည် ထို​သူ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ထာဝရဘုရား​၏​အမျက်​တော်​၊ သဝန်တိုစိတ်​သည် ထို​သူ​ကို တငွေ့ငွေ့​လောင်ကျွမ်း​မည်​။ ဤ​ကျမ်း​၌​ရေးသား​ထား​သော​ကျိန်​ခြင်း​ရှိသမျှ​တို့​သည် သူ့​အပေါ်​သို့ ကျရောက်​မည်​။ ထာဝရဘုရား​သည် သူ​၏​အမည်​ကို မိုးကောင်းကင်​အောက်​မှ ပယ်ဖျက်​တော်မူ​မည်​။ 21ထာဝရဘုရား​သည် သူ့​ကို အစ္စရေး​မျိုးနွယ်​အပေါင်း​တို့​ထဲမှ သီးခြားခွဲထား​၍ ဤ​ပညတ်တရား​ကျမ်း​၌​ရေးသား​ထား​သော​ပဋိညာဉ်​ထဲမှ​ကျိန်​ခြင်း​ရှိသမျှ​တို့​နှင့်အညီ သူ့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​။ 22သင်​၏​မျိုးဆက်​များ​ဖြစ်​သော သင်​၏​နောင်လာနောက်သား​များ​နှင့် ဝေး​သော​ပြည်​မှ​လာ​သည့်​တစ်ပါးအမျိုးသား​များ​သည် ဤ​ပြည်​အပေါ် ထာဝရဘုရား​ကျရောက်​စေ​သော ဘေးဒုက္ခ​များ​၊ အနာရောဂါ​များ​ကို မြင်​သောအခါ 23‘​ထို​ပြည်​တစ်ပြည်လုံး​သည် ကန့်​နှင့်​ဆား မီးလောင်​ထား​သကဲ့သို့​ဖြစ်၍ မျိုးကြဲ​၍​မ​ရ​၊ အစို့အညှောက်​မ​ထွက်​နိုင်​၊ မြက်ပင်​လည်း​မ​ပေါက်​နိုင်​ဘဲ ထာဝရဘုရား​၏​ပြင်း​စွာ​သော​ဒေါသအမျက်​တော်​ဖြင့်​ဖြိုလှဲ​ခဲ့​သည့် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​၏​ပျက်စီး​ခြင်း​ကဲ့သို့ ဖြစ်​လေ​ပြီ​’​ဟု ဆို​ကြ​လိမ့်မည်​။ 24လူမျိုး​အပေါင်း​တို့​က​လည်း ‘​ထာဝရဘုရား​သည် ဤ​ပြည်​ကို အဘယ်ကြောင့် ဤသို့​ပြု​တော်မူ​ရ​သနည်း​။ အဘယ်ကြောင့် အမျက်​တော်​မီး ကြီးစွာ​တောက်လောင်​တော်မူ​ရ​သနည်း​’​ဟု မေးမြန်း​ကြ​လိမ့်မည်​။ 25ထိုအခါ လူ​တို့​က ‘​သူ​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​သောအခါ သူ​တို့​နှင့်​ဖွဲ့​တော်မူ​ခဲ့​သည့် ပဋိညာဉ်​ကို သူ​တို့​စွန့်ပယ်​သောကြောင့်​လည်းကောင်း​၊ 26သူ​တို့​သည် သူ​တို့​မ​သိ​၊ သူ​တို့​ကို မည်သည့်​အရာ​ကို​မျှ​မ​ပေး​နိုင်​သော အခြား​ဘုရား​များ​ကို သွားရောက်​ဝတ်ပြု​၍ ပျပ်ဝပ်​သောကြောင့်​လည်းကောင်း 27ထာဝရဘုရား​သည် ဤ​ပြည်​ကို​အမျက်ထွက်​၍ ဤ​ကျမ်း​၌​ရေးသား​ထား​သော​ကျိန်ခြင်းအမင်္ဂလာ​ရှိသမျှ​တို့​ကို ဤ​ပြည်​အပေါ်​သို့​ကျရောက်​စေ​ခြင်း ဖြစ်​၏​။ 28ထာဝရဘုရား​သည် သူ​တို့​ကို အမျက်​ဒေါသ​ပြင်းထန်​စွာ​ဖြင့် သူ​တို့​၏​ပြည်​ထဲ​မှ နုတ်​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း သူ​တို့​ကို အခြား​သော​ပြည်​သို့ လွှင့်ပစ်​လိုက်​၏​’​ဟု ဆို​ကြ​လိမ့်မည်​။ 29ဝှက်​ထား​သော​အရာ​များ​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့်​ဆိုင်​၏​။ ဖော်ပြ​ထား​သော ဤ​တရား​စကား​ရှိသမျှ​ကို​လိုက်နာ​ခြင်း​သည် ငါ​တို့​မှစ၍ ငါ​တို့​၏​သားစဉ်မြေးဆက်​များ​နှင့်​ဆိုင်​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 29: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။