YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 28

28
နာခံခြင်းကြောင့် ခံစားရမည့်ကောင်းချီး
1သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို သေချာ​စွာ​နားထောင်​၍ ယနေ့​သင့်​အား ငါ​မှာကြား​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ထက် သင့်​ကို​ချီးမြှင့်​တော်မူ​မည်​။ 2သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လျှင် သင့်​အပေါ်​သက်ရောက်​မည့်​ကောင်းချီးမင်္ဂလာ​၊ သင်​ခံစား​ရ​မည့် ကောင်းချီးမင်္ဂလာ​အပေါင်း​ကား ဤသို့​ဖြစ်​၏​။ 3သင်​သည် မြို့​၌ ကောင်းချီးခံစား​ရ​မည်​။ တော​၌​လည်း ကောင်းချီးခံစား​ရ​မည်​။ 4သင့်​သားသမီး​၊ သင့်​မြေ​၏​အသီးအနှံ​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​များ​ဖြစ်​သည့် သင့်​နွား​သားပေါက်​များ​၊ သင့်​သိုးဆိတ်​သားပေါက်​များ​သည် ကောင်းချီးခံစား​ရ​မည်​။ 5သင့်​တောင်း​၊ သင့်​မုန့်နယ်ခွက်​သည် ကောင်းချီးခံစား​ရ​မည်​။ 6သင်​သွား​သည်​ဖြစ်စေ​၊ လာ​သည်​ဖြစ်စေ ကောင်းချီးခံစား​ရ​မည်​။ 7ထာဝရဘုရား​သည် သင့်​ကို​ပုန်ကန်ထကြွ​သော​ရန်သူ​တို့​ကို သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​။ သူ​တို့​သည် သင့်​ထံသို့ လမ်း​တစ်လမ်းတည်း​ဖြင့် လာ​ကြ​သော်လည်း သင့်​ထံမှ လမ်း​ခုနစ်​သွယ်​ဖြင့် ထွက်ပြေး​ကြ​ရ​လိမ့်မည်​။ 8ထာဝရဘုရား​သည် သင်​၏​ကျီ​၌​လည်းကောင်း​၊ သင်​လုပ်ဆောင်​လေရာရာ​၌​လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်​စေ​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​ကောင်းချီးခံစား​ရ​မည်​။ 9သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို​စောင့်ထိန်း​၍ ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​လျှင် သင့်​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင့်​ကို မိမိ​အဖို့ သန့်ရှင်း​သော​လူမျိုး​အဖြစ် တည်​စေ​တော်မူ​မည်​။ 10သင့်​အပေါ် ထာဝရဘုရား​၏​နာမ​တော်​တည်​ကြောင်း မြေကြီး​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​သည် သိမြင်​၍ သင့်​ကို​ကြောက်ရွံ့​ကြ​လိမ့်မည်​။ 11ထာဝရဘုရား​က ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ဖြင့် သင့်​ကို ထာဝရဘုရား ကောင်းစား​စေ​တော်မူ​မည်​။ 12ထာဝရဘုရား​သည် ကြွယ်ဝ​သော​မိုးကောင်းကင်​ဘဏ္ဍာတိုက်​ကို ဖွင့်ပေး​တော်မူ​ပြီး သင်​၏​ပြည်​၌ မိုး​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​၍ သင်​လုပ်ဆောင်​လေရာရာ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​။ သင်​သည် လူမျိုး​များစွာ​တို့​အား ချေးငှား​ပေး​ရ​မည်​။ ချေးယူ​ရ​မည်​မ​ဟုတ်​။ 13ထာဝရဘုရား​သည် သင့်​ကို အမြီး​မ​ဖြစ်စေ​ဘဲ ခေါင်း​ဖြစ်စေ​မည်​။ သင်​သည် အောက်​၌​မ​နေ​ရ​ဘဲ ထိပ်ဆုံး​၌ နေ​ရ​လိမ့်မည်​။ ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို နားထောင်​၍ လိုက်နာ​စောင့်ထိန်း​လျှင်​၊ 14ငါ​မှာကြား​သည့်​စကား​တို့​မှ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​၊ အခြား​ဘုရား​များ​နောက်သို့​မ​လိုက်​၊ ထို​ဘုရား​တို့​ကို ဝတ်​မ​ပြု​လျှင် ထို​ကောင်းချီး​များ​ကို​ခံစား​ရ​မည်​။
မနာခံခြင်းကြောင့် ခံရမည့်ကျိန်ခြင်း
15သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နား​မ​ထောင်​၊ ယနေ့ သင်​တို့​အား ငါ​မှာကြား​သော ကိုယ်တော်​၏​ပညတ်ချက်​၊ ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို မ​လိုက်နာ​၊ မ​စောင့်ထိန်း​လျှင် သင်​တို့​အပေါ်​သက်ရောက်​မည့်​ကျိန်ခြင်းအမင်္ဂလာ​၊ သင်​တို့​ခံစား​ရ​မည့် ကျိန်ခြင်းအမင်္ဂလာ​အပေါင်း​ကား ဤသို့​ဖြစ်​၏​။ 16သင်​သည် မြို့​၌ ကျိန်​ခြင်း​ခံရ​မည်​။ တော​၌​လည်း ကျိန်​ခြင်း​ခံရ​မည်​။ 17သင့်​တောင်း​၊ သင့်​မုန့်နယ်ခွက်​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​။ 18သင့်​သားသမီး​၊ သင့်​မြေ​၏​အသီးအနှံ​၊ သင့်​နွား​၏​သားပေါက်​များ​၊ သင့်​သိုးဆိတ်​၏​သားပေါက်​များ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​။ 19သင်​သွား​သည်​ဖြစ်စေ​၊ လာ​သည်​ဖြစ်စေ ကျိန်ဆဲ​ခြင်း​ခံရ​မည်​။ 20ထာဝရဘုရား​ကို​စွန့်ပယ်​ခြင်း​တည်းဟူသော ဆိုးညစ်မှု​ကို သင်​ပြု​သောကြောင့် သင်​သည် အလျင်အမြန်​ဖျက်ဆီး​ခြင်း​ခံရ​မည်​။ ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း ထာဝရဘုရား​သည် သင်​ပြုကျင့်​လုပ်ဆောင်​လေရာရာ​၌ ကျိန်ဆဲ​ခြင်း​၊ ထိတ်လန့်ချောက်ချား​ခြင်း​၊ ပြစ်တင်မောင်းမဲ​ခြင်း​တို့​ကို သင့်​အပေါ်​သို့ ကျရောက်​စေ​တော်မူ​မည်​။ 21သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​မှ သုတ်သင်​မ​ခံရ​မ​ချင်း ထာဝရဘုရား​သည် သင့်​အပေါ်​၌ ကပ်ရောဂါ​ကို​စွဲကပ်​စေ​တော်မူ​မည်​။ 22ထာဝရဘုရား​သည် သင့်​ကို အဆုတ်ရောဂါ​ဖြစ်​ခြင်း​၊ ဖျားနာ​ခြင်း​၊ ရောင်ရမ်း​ခြင်း​၊ အဖျားကြီး​ခြင်း​၊ မိုးခေါင်#28:22 သို့မဟုတ် “ဓားဘေး”။​ခြင်း​၊ လောင်မီးပိုးကျ​ခြင်း​၊ မှိုစွဲ​ခြင်း​တို့​ဖြင့် ဒဏ်ခတ်​တော်မူ​မည်​။ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း ထို​ဘေး​တို့​သည် သင့်​ကို​လိုက်​လိမ့်မည်​။ 23သင့်​ဦးခေါင်း​အထက်​ရှိ​မိုးကောင်းကင်​သည် ကြေးနီ​ကဲ့သို့​လည်းကောင်း​၊ သင့်​အောက်​ရှိ​မြေ​သည် သံ​ကဲ့သို့​လည်းကောင်း ဖြစ်​မည်​။ 24ထာဝရဘုရား​သည် သင့်​ပြည်​၌​ရွာ​သော​မိုး​ကို ဖုန်မှုန့်​၊ မြေမှုန့် ဖြစ်​စေ​တော်မူ​၍ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သင့်​အပေါ် မိုးကောင်းကင်​မှ ဖုန်မှုန့်​မိုး​၊ မြေမှုန့်​မိုး​ရွာကျ​စေ​တော်မူ​မည်​။ 25ထာဝရဘုရား​သည် သင့်​ရန်သူ​တို့​ရှေ့​၌ သင့်​ကို​ရှုံးနိမ့်​စေ​တော်မူ​မည်​။ သင်​သည် လမ်း​တစ်လမ်းတည်း​ဖြင့် သူ​တို့​ထံသို့​လာ​သော်လည်း သူ​တို့​ထံ​မှ လမ်း​ခုနစ်​လမ်း​ဖြင့် ထွက်ပြေး​ရ​မည်​။ မြေကြီး​ပေါ်​ရှိ​တိုင်းနိုင်ငံ​အားလုံး​အတွက် သင်​သည် ထိတ်လန့်စရာ​ဖြစ်​မည်​။ 26သင်​၏​အလောင်း​သည် မိုးကောင်းကင်​ငှက်​အမျိုးမျိုး​၊ မြေ​တိရစ္ဆာန်​အမျိုးမျိုး​တို့​၏​အစာ ဖြစ်​ရ​လိမ့်မည်​။ ထို​အကောင်​တို့​ကို နှင်ထုတ်​မည့်​သူ​မ​ရှိ​။ 27ထာဝရဘုရား​သည် ကုသ​၍​မ​ရ​သော အီဂျစ်​ပြည်​အနာစိမ်း​၊ ပလိပ်နာ​၊ နှင်းခူ​၊ ယားနာ စသည်​ဖြင့် သင့်​ကို ဒဏ်ခတ်​တော်မူ​မည်​။ 28ထာဝရဘုရား​သည် သင့်​ကို ရူးသွပ်​ခြင်း​၊ မျက်စိကန်း​ခြင်း​၊ စိတ်​ကယောက်ကယက်​ဖြစ်​ခြင်း​တို့​ဖြင့် ဒဏ်ခတ်​တော်မူ​မည်​။ 29မျက်မမြင်​သည် စမ်းတဝါးဝါး​လိုက်စမ်း​ရ​သကဲ့သို့ သင်​သည်​လည်း မွန်းတည့်အချိန်​၌ပင် စမ်းတဝါးဝါး​လိုက်စမ်း​ရ​မည်​။ သင့်​ဘဝ​လမ်းခရီး​၌ အောင်မြင်​လိမ့်မည်​မ​ဟုတ်​။ နှိပ်စက်​ခြင်း​၊ လုယူ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံ​နေ​ရ​မည်​။ သင့်​ကို ကယ်တင်​မည့်​သူ​မ​ရှိ​။ 30သင်​သည် မိန်းမ​နှင့်​စေ့စပ်​ထား​သော်လည်း အခြား​သူ​က ထို​မိန်းမ​နှင့်​အိပ်​လိမ့်မည်​။ သင်​သည် အိမ်​ကို​ဆောက်​သော်လည်း ထို​အိမ်​၌​နေ​ရ​မည်​မ​ဟုတ်​။ စပျစ်ခြံ​ကို စိုက်ပျိုး​သော်လည်း အကျိုးခံစား​ရ​မည်​မ​ဟုတ်​။ 31သင့်​နွား​ကို သင့်​ရှေ့မှောက်​၌ပင် သတ်​သော်လည်း အသား​ကို သင်​စား​ရ​မည်​မ​ဟုတ်​။ သင့်​မြည်း​ကို သင့်​ရှေ့မှောက်​၌ပင် လုယူ​သွား​သော်လည်း ထို​မြည်း​ကို သင်​ပြန်​ရ​မည်​မ​ဟုတ်​။ သင့်​သိုး​သည် ရန်သူ​လက်​သို့​ရောက်​သော်လည်း ကယ်တင်​မည့်​သူ​မ​ရှိ​။ 32သင်​၏​သား​သမီး​တို့​သည် အခြား​လူမျိုး​လက်​သို့ ရောက်သွား​လိမ့်မည်​။ သို့ဖြစ်၍ သင်​၏​မျက်စိ​တို့​သည် သူ​တို့​ကို တစ်ချိန်လုံး မျှော်ကြည့်​၍ အားကုန်​လိမ့်မည်​။ သင့်​လက်​သည် အား​မ​ရှိ​။ 33သင့်​မြေ​၏​အသီးအနှံ​၊ သင့်​ချွေးနှဲစာ​ရှိသမျှ​တို့​ကို သင်​မ​သိ​သော​လူမျိုး​သည် စား​လိမ့်မည်​။ သင်​သည် နှိပ်စက်​ညှဉ်းဆဲ​ခြင်း​ကို​သာ တစ်ချိန်လုံး​ခံရ​လိမ့်မည်​။ 34သင်​မြင်တွေ့​ရ​သော​အရာ​များ​ကြောင့် သင်​ရူး​ရ​လိမ့်မည်​။ 35ထာဝရဘုရား​သည် ကုသ​၍​မ​ရ​သော ဆိုးရွား​သည့်​အနာစိမ်း​များ​ဖြင့် သင့်​ဒူး​၊ သင့်​ပေါင်​တို့​ကို​သာမက ခြေ​ဖဝါး​မှစ၍ ဦးခေါင်း​တိုင်အောင် ဒဏ်ခတ်​တော်မူ​မည်​။ 36ထာဝရဘုရား​သည် သင့်​ကို​လည်းကောင်း​၊ သင်​တင်မြှောက်​ထား​သော သင့်​ကို​အုပ်စိုး​သည့်​ရှင်ဘုရင်​ကို​လည်းကောင်း သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော လူမျိုး​ထံသို့ ဆောင်သွား​တော်မူ​သဖြင့် သင်​သည် ထို​အရပ်​၌ အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။ 37သင့်​အား​ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​အရပ်​ရှိ လူမျိုး​အပေါင်း​တို့​တွင် သင်​သည် ထိတ်လန့်စရာ​၊ ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​လိမ့်မည်​။ 38သင်​သည် လယ်ယာ​၌​မျိုးစေ့​များစွာ​ကြဲ#28:38 တိုက်ရိုက်ပြန်ဆိုလျှင် “လယ်ယာသို့ယူဆောင်”။​သော်လည်း ကျိုင်းကောင်​စား​သောကြောင့် အနည်းငယ်​သာ စုသိမ်း​ရ​လိမ့်မည်​။ 39သင်​သည် စပျစ်ခြံ​များ​ကို​စိုက်ပျိုး​၍ ပြုစု​သော်လည်း ပိုးကောင်​စား​သောကြောင့် စပျစ်သီး​ကို​ဆွတ်ခူး​ရ​လိမ့်မည်​မ​ဟုတ်​၊ စပျစ်ဝိုင်​ကို​သောက်​ရ​လိမ့်မည်​မ​ဟုတ်​။ 40သင့်​နယ်မြေ​တစ်ခွင်လုံး​တွင် သံလွင်ပင်​ရှိ​သော်လည်း အသီး​ကြွေကျ​သောကြောင့် သင်​သည် သံလွင်​ဆီ​ကို​လိမ်း​ရ​မည်​မ​ဟုတ်​။ 41သင်​သည် သား​သမီး​များ မွေးဖွား​သော်လည်း သူ​တို့​သည် သုံ့ပန်း​အဖြစ် ခေါ်ဆောင်​သွား​ခြင်း​ခံရ​သောကြောင့် သင်​နှင့်အတူ​နေ​ရ​မည်​မ​ဟုတ်​။ 42သင့်​အပင်​၊ သင့်​မြေ​အသီးအနှံ​ရှိသမျှ​တို့​ကို ကျိုင်းကောင်​အုပ်​ကြီး ဖျက်ဆီး​လိမ့်မည်​။ 43သင့်​တွင်​ရှိ​သော တိုင်းတစ်ပါးသား​တို့​သည် သင့်​ထက် မြင့်သည်ထက်မြင့်​သွား​လိမ့်မည်​။ သင်​မူကား နိမ့်သည်ထက်နိမ့်​သွား​လိမ့်မည်​။ 44သူ​သည် သင့်​အား​ချေးငှား​ပေး​လိမ့်မည်​။ သင်​မူကား သူ့​ကို​ချေးငှား​ပေး​နိုင်​မည်​မ​ဟုတ်​။ သူ​သည် ဦးခေါင်း​ဖြစ်​လိမ့်မည်​။ သင်​မူကား အမြီး​သာ​ဖြစ်​လိမ့်မည်​။ 45သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို​နား​မ​ထောင်​၊ သင့်​အား​မိန့်မှာ​တော်မူ​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​ကို မ​စောင့်ထိန်း​သောကြောင့် သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း ဤ​ကျိန်ခြင်းအမင်္ဂလာ​ရှိသမျှ​တို့​သည် သင့်​အပေါ်​သက်ရောက်​လိမ့်မည်​။ သင့်​ကို​လိုက်​၍​မီ​လိမ့်မည်​။ 46သင်​၌​လည်းကောင်း​၊ သင်​၏​သားစဉ်မြေးဆက်​၌​လည်းကောင်း အမှတ်လက္ခဏာ​အဖြစ်​၊ အံ့ဩဖွယ်​အဖြစ် အစဉ်အမြဲ​တည်ရှိ​လိမ့်မည်​။ 47သင်​သည် အရာရာ​၌​ကြွယ်ဝ​လျက်ပင် ဝမ်းမြောက်​ခြင်း​၊ စိတ်နှလုံး​ရွှင်လန်း​ခြင်း​ဖြင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​အစေ​မ​ခံ​သောကြောင့် 48ဆာလောင်မွတ်သိပ်​ခြင်း​၊ အဝတ်အချည်းစည်း​ဖြစ်​ခြင်း​၊ အရာရာ​ချို့တဲ့​ခြင်း​တို့​ဖြင့် ထာဝရဘုရား​စေလွှတ်​တော်မူ​သော သင်​၏​ရန်သူ​ကို သင်​အစေခံ​ရ​လိမ့်မည်​။ သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သံ​ထမ်းပိုး​ကို သင်​၏​လည်ပင်း​ပေါ် တင်​ထား​တော်မူ​မည်​။ 49ထာဝရဘုရား​သည် မြေကြီး​စွန်း​ဝေး​သော​အရပ်​မှ လူမျိုး​တစ်​မျိုး​ကို သင့်​ထံသို့​ခေါ်ဆောင်​လာ​မည်​။ ထို​လူမျိုး​သည် လင်းယုန်​ထိုးသုတ်​သကဲ့သို့ သင့်​ကို ထိုးသုတ်​လိမ့်မည်​။ သူ​တို့​၏​ဘာသာစကား​ကို သင်​နား​မ​လည်​။ 50သူ​တို့​သည် မျက်နှာ​ထား​ခက်ထန်​၍ အသက်ကြီး​သူ​ကို မ​လေးစား​၊ အသက်ငယ်သူ​ကို မ​သနား​သော လူမျိုး​ဖြစ်​၏​။ 51သင်​ပျက်စီး​ခြင်း​သို့ မ​ရောက်​မ​ချင်း သူ​တို့​သည် သင်​၏​တိရစ္ဆာန်​သားပေါက်​များ​၊ မြေ​အသီးအနှံ​များ​ကို ဝါးမျို​လိမ့်မည်​။ သင်​ပျက်စီး​သွား​သည်​အထိ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ နွား​သားပေါက်​၊ သိုးဆိတ်​သားပေါက် တို့​ကို သင့်​အတွက် ချန်ထား​မည်​မ​ဟုတ်​။ 52သင်​ယုံကြည်ကိုးစား​သော သင့်​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​၏​မြင့်မား​ခိုင်ခံ့​သော​မြို့ရိုး​များ မ​ပြိုကျ​မ​ချင်း သူ​တို့​သည် သင့်​ကို​ဝိုင်း​ထား​လိမ့်မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​တစ်ပြည်လုံး​ရှိ​မြို့​အားလုံး​ကို သူ​တို့​ဝိုင်း​ထား​လိမ့်မည်​။ 53သင့်​ရန်သူ​တို့​သည် သင့်​ကို​ဝိုင်းထား​၍ သင့်​ကို အကျပ်အတည်း​ထဲသို့ ရောက်​စေ​သောကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် သင့်​ရင်သွေး​ဖြစ်​သော သင့်​သား​သမီး​တို့​၏​အသား​ကို​ပင် သင်​ပြန်စား​ရ​လိမ့်မည်​။ 54သင့်​ရန်သူ​တို့​သည် သင့်​မြို့​အားလုံး​ကို​ဝိုင်းထား​၍ အကျပ်အတည်း​ထဲသို့​ရောက်​စေ​သောကြောင့် သင့်​တွင်​ရှိ​သော အလွန်​နူးညံ့​သိမ်မွေ့​သော​ယောက်ျား​ပင်လျှင် မိမိ​ညီအစ်ကို​၊ မိမိ​ရင်ခွင်​၌​ရှိ​သော​မယား​၊ ကျန်ရှိ​သော​မိမိ​သားသမီး​တို့​အပေါ် တွန့်တို​လိမ့်မည်​။ 55သူ​၌​စားစရာ​တစ်စုံတစ်ခု​မျှ မ​ကျန်​တော့​သဖြင့် သူ​စား​နေ​သော သားသမီး​၏​အသား​ကို​ပင် အခြား​သူ​တစ်​ယောက်​ကို​မျှ မ​ကျွေး​ဘဲ​နေ​လိမ့်မည်​။ 56သင့်​ရန်သူ​တို့​သည် သင့်​မြို့​ကို​ဝိုင်းထား​၍ အကျပ်အတည်း​ထဲသို့​ရောက်​စေ​သောကြောင့် မြေ​ပေါ်​ခြေ​မ​ချ​ဖူး​သည့် နူးညံ့​သိမ်မွေ့​သော​မိန်းမ​ပင်လျှင် မိမိ​ရင်ခွင်​၌​ရှိ​သော​ယောက်ျား​၊ မိမိ​သား​သမီး​တို့​အပေါ် တွန့်တို​လိမ့်မည်​။ 57သူ​၌ စားစရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​တော့​သဖြင့် မိမိ​ဗိုက်#28:57 တိုက်ရိုက်ပြန်ဆိုလျှင် “မိမိခြေထောက်နှစ်ချောင်းကြားမှ”။​ထဲမှ​ထွက်လာ​သော​အချင်း​၊ မိမိ​မွေးဖွား​သော​သားသမီး​တို့​ကို​ပင် လျှို့ဝှက်​စွာ စား​လိမ့်မည်​။ 58ဘုန်းကြီး​၍​ကြောက်မက်​ဖွယ်​ကောင်း​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို မ​ကြောက်ရွံ့​၊ ဤ​ကျမ်းစာလိပ်​၌​ရေးသား​ထား​သော တရား​စကား​ရှိသမျှ​တို့​ကို မ​လိုက်နာ​၊ မ​စောင့်ထိန်း​လျှင် 59ထူးဆန်း​သော​ကပ်ရောဂါ​ဖြစ်​သည့် ပြင်းထန်​သော​နာတာရှည်​ကပ်ရောဂါ​များ​၊ ဆိုးရွား​သော​နာတာရှည်​အနာရောဂါ​များ​ကို ထာဝရဘုရား​သည် သင်​နှင့်​သင့်​သားစဉ်မြေးဆက်​တို့​၌ သက်ရောက်​စေ​တော်မူ​မည်​။ 60သင်​ကြောက်ရွံ့​ခဲ့​ရ​သော အီဂျစ်​ပြည်​၏​ရောဂါဝေဒနာ​ရှိသမျှ​တို့​ကို သင့်​ထံသို့​ယူဆောင်​လာ​တော်မူ​သဖြင့် သင်​၌​စွဲကပ်​လိမ့်မည်​။ 61ထို့ပြင် ထာဝရဘုရား​သည် ဤ​ပညတ်တရား​ကျမ်း​၌ မ​ရေးသား​ထား​သည့်​အနာရောဂါ​၊ ကပ်ရောဂါ ရှိသမျှ​တို့​ကို​လည်း သင်​ပျက်စီး​ခြင်း​သို့​မ​ရောက်​မ​ချင်း သင့်​အပေါ်​သို့​ကျရောက်​စေ​တော်မူ​မည်​။ 62သင်​သည် ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​ခဲ့​သော်လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​သောကြောင့် အနည်းငယ်​သာ အသက်ရှင်​ကျန်ရစ်​လိမ့်မည်​။ 63ထာဝရဘုရား​သည် သင့်​ကို​ကောင်းစား​စေ​၍ တိုးပွား​စေ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင့်​ကို​ဖျက်ဆီး​၍ သုတ်သင်ပယ်ရှင်း​ပစ်​ရာ​၌​လည်း ထာဝရဘုရား ဝန်လေး​တော်မူ​မည်​မ​ဟုတ်#28:63 တိုက်ရိုက်ပြန်ဆိုလျှင် “နှစ်သက်အားရတော်မူမည်”။​။ သင်​သည် သင်​ဝင်ရောက်​သိမ်းပိုက်​သည့်​ပြည်​ထဲ​မှ နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။ 64ထာဝရဘုရား​သည် သင့်​ကို မြေကြီး​တစ်ဖက်စွန်း​မှ တစ်ဖက်စွန်း​တိုင်အောင် လူမျိုး​တကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​တော်မူ​မည်​။ သင်​သည် ထို​အရပ်​တို့​၌ သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။ 65သင်​သည် ထို​လူမျိုး​တို့​အလယ်​တွင် သက်သာ​ရာ​မ​ရ​၊ နားစရာ​နေရာ ခြေ​တစ်ဖဝါးစာ​မျှ မ​ရှိ​။ ထို​အရပ်​၌ ထာဝရဘုရား​သည် သင့်​ကို စိတ်နှလုံး​ကြောင့်ကြ​ခြင်း​၊ မျက်စိ​အားလျော့​ခြင်း​၊ စိတ်ပျက်ဝမ်းနည်း​ခြင်း ဖြစ်စေ​တော်မူ​မည်​။ 66နောင်လာမည့်​သင့်​အသက်တာ​သည်​လည်း မရေရာမသေချာ​။ နေ့နေ့ညည ကြောက်ရွံ့​လျက်​နေ​ရ​မည်​။ ဘဝ​အာမခံချက် ရှိ​မည်​မ​ဟုတ်​။ 67သင့်​စိတ်​ထဲ၌​ကြောက်ရွံ့​နေ​ရ​သော​အရာ​၊ သင်​မျက်စိ​၌ မြင်​နေ​ရ​သော​အရာ​တို့​ကြောင့် နံနက်အချိန်​၌ ‘​နေဝင်ချိန်​ရောက်​ပါစေ​’ နေဝင်ချိန်​၌ ‘​နံနက်အချိန်​ရောက်​ပါစေ​’​ဟု သင်​ဆို​လိမ့်မည်​။ 68‘​ထို​လမ်း​ကို နောက်တစ်ဖန် သင်​မ​မြင်​ရ​’​ဟု သင့်​အား ငါ​ဆင့်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် သင့်​ကို အီဂျစ်​ပြည်​သို့ ထို​လမ်း​ဖြင့်​မ​ဟုတ်​ဘဲ သင်္ဘော​နှင့်​ပြန်သွား​စေ​တော်မူ​မည်​။ ထို​ပြည်​၌ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် သင့်ကိုယ်သင် သင့်​ရန်သူ​တို့​ထံသို့ ရောင်း​မည်​။ သင့်​ကို မည်သူ​မျှ​ဝယ်​မည်​မ​ဟုတ်​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 28: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ