YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 17

17
1နွား​၊ သို့မဟုတ် သိုး​တို့​၏​ကိုယ်ခန္ဓာ​၌ ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ရှိ​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထို​အမှု​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။
ရုပ်တုကိုးကွယ်သူကို တရားစီရင်ခြင်း
2သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​မြို့​တစ်​မြို့မြို့​တွင် ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ ထာဝရဘုရား​၏​ပဋိညာဉ်​ကို​ချိုးဖောက်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့မှောက်​၌ မကောင်း​သော​အမှု​ကို​ပြု​ကြောင်း​၊ 3မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​ဟု ငါ​တားမြစ်​ထား​သော​အခြား​ဘုရား​များ​နှင့် နေ​၊ လ​၊ ကောင်းကင်​တန်ဆာ​တစ်ခုခု​ကို သွား​၍​ပျပ်ဝပ်​ကိုးကွယ်​ကြောင်း တွေ့ရှိ​၍ 4သင့်​အား ပြောပြ​သဖြင့် သင်​ကြား​သောအခါ အသေအချာ​မေးမြန်း​ရ​မည်​။ အကယ်၍ အစ္စရေး​လူမျိုး​ထဲ၌ ထိုသို့သော​စက်ဆုပ်ရွံရှာဖွယ်​အမှု​ကို အမှန်ပင်​ပြု​ခဲ့​ကြောင်း သေချာ​လျှင် 5သင်​သည် ထို​မကောင်း​သော​အမှု​ကို​ပြု​ခဲ့​သော ယောက်ျား​ကို​ဖြစ်စေ​၊ မိန်းမ​ကို​ဖြစ်စေ မြို့​တံခါး​သို့​ထုတ်ဆောင်​လာ​ပြီး ခဲ​နှင့်​အသေ​ပေါက်သတ်​ရ​မည်​။ 6သေဒဏ်​ခံရ​မည့်​သူ​သည် သက်သေ​ထွက်ဆိုသူ​နှစ်​ဦး​သုံး​ဦး​ရှိ​လျှင် သေဒဏ်​ခံရ​မည်​။ သက်သေ​ထွက်ဆိုသူ​တစ်ဦးတည်း​သာ​ရှိ​လျှင် သေဒဏ်​မ​ခံရ​။#တရား 19:15၊ ၂ကော 13:1။ 7သက်သေထွက်ဆိုသူ​သည် ထို​သူ​ကို​သတ်​ရာ​တွင် အဦးဆုံး​ပြု​ရ​မည်​။ ထို့နောက်မှ ကျန်​သော​သူ​အပေါင်း​တို့ ပြု​ရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို သင်​တို့​ထဲ​မှ ဖယ်ရှား​ပစ်​ရ​မည်​။
ခက်ခဲသောအမှုအခင်းများ
8သင့်​မြို့​အတွင်း​၌​ဖြစ်ပွား​သည့် စီရင်ဆုံးဖြတ်​ရ​မည့်​အမှု​များ​ဖြစ်​သော လူသတ်မှု​၊ တရားတွေ့မှု​၊ ကိုယ်ထိလက်ရောက်​ကျူးလွန်မှု​စသည်​တို့​ကို စီရင်ဆုံးဖြတ်​ရန် ခက်ခဲ​လျှင် သင်​သည်​ထ​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။ 9လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​များ​နှင့် ထို​အချိန်​တွင် တရားသူကြီး​ဖြစ်​သော​သူ​ထံသို့ သွား​၍ မေးမြန်း​ရ​မည်​။ သူ​တို့​သည် အဆုံးအဖြတ်​ပေး​ရ​မည်​။ 10ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​မှ ထို​သူ​တို့​ပေး​သည့်​အဆုံးအဖြတ်​အတိုင်း သင်​စီရင်​ရ​မည်​။ သူ​တို့​ညွှန်ကြား​သမျှ​အတိုင်း​စီရင်​ရန် သတိပြု​ရ​မည်​။ 11သူ​တို့​ညွှန်ကြား​သည့်​တရား​အတိုင်း​၊ သူ​တို့​ပေး​သည့်​စီရင်ထုံးဖွဲ့ချက်​အတိုင်း သင်​စီရင်​ရ​မည်​။ သူ​တို့​ပြောကြား​သည့်​စကား​မှ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လွဲ​ရ​။ 12တစ်စုံတစ်ယောက်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမှု​တော်​ကို​ထမ်းဆောင်​သော​ယဇ်ပုရောဟိတ်​ကို​သော်လည်းကောင်း​၊ တရားသူကြီး​ကို​သော်လည်းကောင်း နား​မ​ထောင်​ဘဲ အတင့်ရဲ​စွာ​ပြုမူ​နေ​လျှင် ထို​သူ​သည် အသတ်​ခံရ​မည်​။ ဤသို့ဖြင့် မကောင်းမှု​ကို အစ္စရေး​လူမျိုး​ထဲမှ ဖယ်ရှား​ပစ်​ရ​မည်​။ 13လူ​အပေါင်း​တို့​သည်​လည်း ကြား​၍ ကြောက်ရွံ့​သဖြင့် အတင့်ရဲ​ကြ​တော့​မည်​မ​ဟုတ်​။
မင်းမြှောက်ခြင်း
14သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို သင်​ဝင်ရောက်​သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​သောအခါ ‘​ငါ့​ပတ်ပတ်လည်​ရှိ​လူမျိုး​အပေါင်း​တို့​ကဲ့သို့ ငါ့​ကို​အုပ်စိုး​မည့်​ဘုရင် တင်မြှောက်​မည်​’​ဟု သင်​ဆို​လျှင် 15သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​သူ​ကို​သာ သင့်​ကို​အုပ်စိုး​မည့်​ဘုရင်​အဖြစ် တင်မြှောက်​ရ​မည်​။ ဘုရင်​အဖြစ် သင်​တင်မြှောက်​သော​သူ​သည် သင်​၏​အမျိုးသားချင်း​ထဲ​မှ​ဖြစ်​ရ​မည်​။ သင်​၏​အမျိုးသားချင်း​မ​ဟုတ်​သော တစ်ပါးအမျိုးသား​ကို တင်မြှောက်​ခွင့်​မ​ရှိ​။ 16ထို​ဘုရင်​သည် မိမိ​အတွက် မြင်း​တို့​ကို မ​စုဆောင်း​ရ​။ မြင်း​များ​ကို​စုဆောင်း​ရ​ရှိ​ရန် လူ​တို့​ကို​အီဂျစ်​ပြည်​သို့ ထပ်၍​ပြန်​မ​သွား​စေ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​က ‘​သင်​တို့​သည် ထို​လမ်း​သို့ နောက်တစ်ဖန် လုံးဝ​ပြန်​မ​သွား​ရ​’​ဟု သင်​တို့​အား​မိန့်​တော်မူ​ခဲ့​၏​။ 17ထို​ဘုရင်​သည် စိတ်နှလုံး​လမ်း​မ​လွဲ​ရ​အောင် မိဖုရား​များစွာ​မ​ထားရှိ​ရ​။ ရွှေ​၊ ငွေ​ကို​လည်း အလွန်အမင်း​မ​စုဆောင်း​ရ​။ 18မိမိ​နိုင်ငံ​၏​ရာဇပလ္လင်​ပေါ်၌​စံမြန်း​ရ​သောအခါ လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​တို့​၏​ရှေ့မှောက်​တွင် ဤ​ပညတ်တရား​ကို ကျမ်းစာလိပ်​၌​ကူးရေး​ရ​မည်​။ 19ဤ​တရား​စကား​၊ ဤ​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​၍ မိမိ​၏​ဘုရားသခင်​ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို သင်ယူ​နိုင်​ရန် ထို​ကျမ်းစာလိပ်​ကို မိမိ​နှင့်အတူ​ထား​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဖတ်ရှု​ရ​မည်​။ 20ထိုသို့​ပြု​လျှင် မိမိ​ညီအစ်ကို​တို့​အပေါ် မာနထောင်လွှား​သော​စိတ်​ရှိ​မည်​မ​ဟုတ်​၊ ပညတ်တရားလမ်း​မှ လက်ယာ​ဘက်​လက်ဝဲ​ဘက်​သို့​လမ်းလွဲ​မည်​မ​ဟုတ်​၊ သူ​နှင့်​သူ​၏​သားမြေး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​အလယ်​၌ တိုင်းပြည်​ကို ကာလ​ကြာရှည်​စွာ အုပ်စိုး​ရ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ