YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 18

18
လေဝိမျိုးနွယ်၏ဝေစု
1လေဝိ​အမျိုး​ယဇ်ပုရောဟိတ်​များ​မှစ၍ လေဝိ​မျိုးနွယ်​တစ်နွယ်လုံး​သည် အစ္စရေး​လူမျိုး​တို့​နှင့်အတူ အမွေ​ဝေစု မ​ရ​ကြ​။ ထာဝရဘုရား​၏​အမွေ​ဖြစ်​သော ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​များ​ကို စား​ရ​ကြ​မည်​။ 2သူ​တို့​သည် မိမိ​တို့​၏​အမျိုးသားချင်း​တို့​နှင့်အတူ အမွေ​မ​ရ​ကြ​။ ထာဝရဘုရား​ကတိထား​တော်မူ​သည့်​အတိုင်း ထာဝရဘုရား​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။ 3နွား​ကို​ဖြစ်စေ​၊ သိုး​ကို​ဖြစ်စေ ယဇ်​ပူဇော်​သော​သူ​တို့​သည် ပခုံး​၊ မေးရိုး​၊ ဝမ်းဗိုက် စသည်​တို့​ကို ယဇ်ပုရောဟိတ်​အား​ပေး​ရ​မည်​။ ဤသည်ကား လူ​တို့​ထံမှ ယဇ်ပုရောဟိတ်​တို့​ရရှိ​သော​ဝေစု​ဖြစ်​၏​။ 4သင်​၏​အဦးဆုံး​ထွက်​သော​ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ အဦးဆုံး​ညှပ်​သော​သိုးမွေး တို့​ကို ယဇ်ပုရောဟိတ်​အား​ပေး​ရ​မည်​။ 5အကြောင်းမူကား ယဇ်ပုရောဟိတ်​နှင့် သူ​၏​သားမြေး​တို့​သည် နေ့စဉ်နေ့တိုင်း ထာဝရဘုရား​၏​နာမ​တော်​၌ အမှု​တော်​ဆောင်ရွက်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို သင်​၏​မျိုးနွယ်​အပေါင်း​တို့​ထဲမှ ရွေးချယ်​တော်မူ​၏​။ 6လေဝိ​အမျိုး​တစ်စုံတစ်ယောက်​သည် သူ​နေထိုင်​သော အစ္စရေး​မြို့​တစ်​မြို့​မှ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ စိတ်အားထက်သန်​စွာ​ဖြင့် လာ​၍ 7ထို​နေရာ​ရှိ ထာဝရဘုရား​ရှေ့​တော်​၌​အမှုဆောင်​သော သူ​၏​အမျိုးသားချင်း​လေဝိ​အမျိုး​အပေါင်း​တို့​နှင့်အတူ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​၌ အမှု​တော်​ဆောင်​မည်​ဆိုလျှင် 8အစားအစာ​ဝေစု​ကို ညီတူမျှတူ​ရပိုင်ခွင့်​ရှိ​သည့်​အပြင် ဘိုးဘေး​တို့​ပိုင်​သော​ဥစ္စာ​ကို​ရောင်း​၍​ရ​သော​ငွေ​ကို​လည်း ရ​ပိုင်​ခွင့်​ရှိ​၏​။
အမှောင်ပညာရပ်များနှင့်ပရောဖက်ပြုဟောပြောချက်
9သင်​၏​ဘုရားသခင်​ထာဝရဘုရား ပေး​တော်မူ​သော​ပြည်​သို့ သင်​ဝင်ရောက်​သောအခါ ထို​လူမျိုး​တို့​၏​စက်ဆုပ်ရွံရှာဖွယ်​ဓလေ့​များ​ကို မ​လိုက်နာ​ရ​၊ မ​သင်ယူ​ရ​။ 10သင်​တို့​တွင် သား​သမီး​ကို မီး​ဖြင့်​ပူဇော်​သော​သူ​၊ ဂမ္ဘီရအတတ်​ကို​သုံး​သော​သူ​၊ ဗေဒင်အတတ်​ကို​သုံး​သော​သူ​၊ နိမိတ်ဖတ်​သော​သူ​၊ မှော်အတတ်​ကို​သုံး​သော​သူ​၊ 11ဂါထာရွတ်ဖတ်​သူ​၊ နတ်ဝင်သည်​၊ နတ်ထိန်း​၊ လူသေ​ကို​မေးမြန်း​သူ စသည်​တို့ မ​ရှိ​စေ​ရ​။ 12ထိုသို့ ပြု​သော​သူ​တို့​ကို ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ထို​စက်ဆုပ်ရွံရှာဖွယ်​အရာ​များ​ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​သူ​တို့​ကို သင့်​ရှေ့​မှ နှင်ထုတ်​ခဲ့​ခြင်း ဖြစ်​၏​။ 13သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​သော​သူ ဖြစ်​ရ​မည်​။ 14သင်​တို့​နှင်ထုတ်​ရ​မည့်​ထို​လူမျိုး​တို့​သည် ဗေဒင်အတတ်​ကို​သုံး​သော​သူ​၊ ဂမ္ဘီရအတတ်​ကို​သုံး​သော​သူ​၏​စကား​ကို နားထောင်​တတ်​ကြ​၏​။ သင့်​ကို​ကား သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထိုသို့​ခွင့်ပြု​တော်​မ​မူ​။ 15သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အမျိုးသားချင်း​ထဲမှ ငါ​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သင့်​အတွက် ပေါ်ထွန်း​စေ​တော်မူ​မည်​။ သူ့​စကား​ကို သင်​တို့​နားထောင်​ရ​မည်​။#တရား 18:18၊ တ 7:37။ 16ဟောရပ်​တောင်​၌ စုဝေး​သော​နေ့​တွင် သင်​က ‘​အကျွန်ုပ်​မ​သေ​ရ​ပါ​မည့်​အကြောင်း အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​အသံ​တော်​ကို ထပ်၍​မ​ကြား​ရ​ပါစေ​နှင့်​။ ဤ​မီးတောက်​ကြီး​ကို​လည်း ထပ်၍​မ​မြင်​ရ​ပါစေ​နှင့်​’​ဟု သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ တောင်းလျှောက်​ခဲ့​သည့်​အတိုင်း 17ထာဝရဘုရား​က ငါ့​အား ‘​သူ​တို့​လျှောက်ဆို​သော​အရာ​သည် လျောက်ပတ်​ပေ​၏​။ 18သူ​တို့​၏​အမျိုးသားချင်း​များ​ထဲ​မှ သင်​နှင့်တူသော​ပရောဖက်​တစ်​ပါး​ကို သူ​တို့​အတွက် ငါ​ပေါ်ထွန်း​စေ​မည်​။ သူ့​နှုတ်​၌ ငါ့​စကား​များ​ကို သွင်းပေး​မည်​ဖြစ်၍ ငါ​မိန့်မှာ​သော​အရာ​ရှိသမျှ​ကို သူ​တို့​အား ဆင့်ဆို​လိမ့်မည်​။#တရား 18:15၊ တ 7:37။ 19ငါ​၏​နာမ​ဖြင့် ထို​ပရောဖက် ဆင့်ဆို​သော ငါ့​စကား​များ​ကို နား​မ​ထောင်​သော​သူ​အား ငါ​စစ်ကြောစီရင်​မည်​။#တ 3:23။ 20ပရောဖက်​တစ်ပါးပါး​သည် အတင့်ရဲ​၍ ငါ​မ​မိန့်မှာ​ထား​သော​စကား​ကို ငါ့​နာမ​ဖြင့် ဆင့်ဆို​လျှင်​ဖြစ်စေ​၊ အခြား​သော​ဘုရား​၏​နာမ​ဖြင့်​ဆင့်ဆို​လျှင်​ဖြစ်စေ ထို​ပရောဖက်​သည် အသတ်​ခံရ​မည်​’​ဟု မိန့်​တော်မူ​၏​။ 21သင့်​စိတ်​ထဲ၌ ‘​ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​စကား​ဟုတ်​၊ မ​ဟုတ် မည်သို့​သိ​နိုင်​မည်နည်း​’​ဟု ဆို​လျှင် 22ပရောဖက်​သည် ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ဆင့်ဆို​၍ သူ​ဆင့်ဆို​သည့်​အတိုင်း မ​ဖြစ်လာ​၊ မ​ပြည့်စုံ​လာ​လျှင် ထို​စကား​သည် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား မ​ဟုတ်​။ ထို​ပရောဖက်​သည် အတင့်ရဲ​စွာ​ဆင့်ဆို​ပြီ​။ သင်​သည် သူ့​ကို မ​ကြောက်​ရ​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 18: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ