YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 16

16
ပသခါပွဲတော်
1သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အဗိဗ​လ​၊ ညအချိန်​တွင် သင့်​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​ဖြစ်၍ အဗိဗ​လ​ကို အလေးထား​လျက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ပသခါပွဲ​ကို ကျင်းပ​ရ​မည်​။ 2နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌ သိုး​၊ နွား တို့​ကို ပသခါယဇ်​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။ 3သင်​သည် အီဂျစ်​ပြည်​မှ အလျင်စလို​ထွက်လာ​သောကြောင့် တဆေးမဲ့​ဆင်းရဲဒုက္ခ​မုန့်​ကို​စား​ခဲ့​ရ​၏​။ သို့ဖြစ်၍ သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​ကို​အောက်မေ့​မည့်​အကြောင်း ခုနစ်​ရက်​ပတ်လုံး ပသခါယဇ်​ကို​တဆေးမဲ့မုန့်​နှင့်​စား​ရ​မည်​။ 4ခုနစ်​ရက်​ပတ်လုံး သင်​၏​နယ်မြေ​တစ်ခွင်လုံး​တွင် တဆေး​ကို မ​တွေ့မြင်​ရ​စေ​နှင့်​။ ပထမ​နေ့​၊ နေဝင်ချိန်​၌​ပူဇော်​သော​ယဇ်ကောင်​၏​အသား​ကို ညတာ​လွန်​၍ နံနက်​တိုင်အောင် မ​ကြွင်းကျန်​စေ​ရ​။ 5သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော မည်သည့်​မြို့​၌​မျှ ပသခါယဇ်​ကို မ​ပူဇော်​ရ​။ 6ထို​ပသခါယဇ်​ကို အီဂျစ်​ပြည်​မှ​သင်​ထွက်လာ​သော​အချိန်​ဖြစ်​သည့် ညနေ​နေဝင်ချိန်​မျိုး​တွင် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​အရပ်​၌​သာ ပူဇော်​ရ​မည်​။ 7ထို​ယဇ်ကောင်​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌​ချက်ပြုတ်​စား​ရ​မည်​။ နံနက်အချိန်​ရောက်​မှ သင်​သည် မိမိ​၏​တဲ​သို့​ပြန်​သွား​ရ​မည်​။ 8ခြောက်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ သတ္တမ​နေ့​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ဓမ္မစည်းဝေးပွဲကြီး​ကို ကျင်းပ​ရ​မည်​။ အလုပ်​မ​လုပ်​ရ​။
ခုနစ်သီတင်းမြောက်ပွဲတော်
9သင်​သည် ရက်သတ္တပတ်​ခုနစ်​ပတ်​ကို မိမိဘာသာမိမိ​ရေတွက်​ရ​မည်​။ ကောက်ပဲသီးနှံ​စတင်​ရိတ်သိမ်း​ချိန်​မှ​စ၍ ရေတွက်​ရ​မည်​။ 10သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကောင်းချီးပေး​တော်မူ​သည်​နှင့်အညီ စေတနာ​အလျောက်​ပူဇော်​သော​လှူဖွယ်ဝတ္ထု​ကို ပေးလှူ​ခြင်း​ဖြင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ခုနစ်သီတင်း​မြောက်​ပွဲတော်​ကို ကျင်းပ​ရ​မည်​။ 11သင်​မှစ၍ သင့်​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင့်​မြို့​အတွင်း​ရှိ လေဝိ​အမျိုး​နှင့် သင်​၌​ရှိ​သော တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​တွင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ဝမ်းမြောက်​ရ​မည်​။ 12သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​ကြောင်း​ကို အောက်မေ့​၍ ဤ​ပြဋ္ဌာန်းချက်​များ​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။
ယာယီတဲစုပွဲတော်
13သင်​သည် သင်​၏​ကောက်နယ်တလင်း​မှ ကောက်ပဲသီးနှံ​၊ စပျစ်သီးနယ်ရာကျင်း​မှ​စပျစ်ဝိုင်​တို့​ကို​သိမ်း​ပြီး​သောအခါ ခုနစ်​ရက်​ပတ်လုံး ယာယီတဲစု​ပွဲတော်​ကို ကျင်းပ​ရ​မည်​။ 14သင်​၏​ပွဲတော်​၌ သင်​မှစ၍ သင့်​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​၊ သင့်​မြို့​အတွင်း​ရှိ လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​သည် ဝမ်းမြောက်​ရ​မည်​။ 15သင်​သည် ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ခုနစ်​ရက်​ပတ်လုံး ပွဲတော်​ကျင်းပ​ရ​မည်​။ သို့ပြုလျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​၏​အသီးအနှံ​အားလုံး​၊ သင်​ပြု​သော​အမှု​ဟူသမျှ​ကို ကောင်းချီးပေး​တော်မူ​၍ သင်​သည် အလွန်​ဝမ်းမြောက်​ရ​လိမ့်မည်​။ 16ယောက်ျား​အပေါင်း​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​၌​တစ်ကြိမ်​၊ ခုနစ်သီတင်း​မြောက်​ပွဲတော်​၌​တစ်ကြိမ်​၊ ယာယီတဲစု​ပွဲတော်​၌​တစ်ကြိမ် တစ်​နှစ်​လျှင်​သုံး​ကြိမ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ထာဝရဘုရား​၏​ရှေ့​တော်​၌ မျက်နှာ​လာ​ပြ​ရ​မည်​။ ထာဝရဘုရား​၏​ရှေ့​တော်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။ 17သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ကောင်းချီးမင်္ဂလာ​ပေး​တော်မူ​သည်​နှင့်အညီ အသီးသီး​တတ်နိုင်​သည့်​အတိုင်း ပူဇော်သက္ကာ​ယူဆောင်​လာ​ရ​မည်​။
တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများခန့်ထားခြင်း
18သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​မြို့​ရှိသမျှ​တို့​တွင် တရားသူကြီး​များ​၊ ကြီးကြပ်အုပ်ချုပ်သူ​များ​ကို မျိုးနွယ်​အလိုက် သင်​ခန့်ထား​ရ​မည်​။ သူ​တို့​သည် လူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​ရ​မည်​။ 19သင်​သည် တရားမျှတ​ခြင်း​မှ​မ​သွေဖည်​ရ​၊ မျက်နှာ​မ​လိုက်​ရ​၊ တံစိုးလက်ဆောင်​ကို လက်​မ​ခံ​ရ​။ အကြောင်းမူကား တံစိုးလက်ဆောင်​သည် ပညာရှိ​၏​မျက်စိ​ကို ကန်း​စေ​၍ ဖြောင့်မတ်​သော​စကား​ကို မှားယွင်းချွတ်ချော်​စေ​တတ်​၏​။ 20သင်​သည် အသက်ချမ်းသာ​ရာ​ရ​လျက် သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို ပိုင်ဆိုင်​ရ​မည့်​အကြောင်း ဖြောင့်မတ်​ခြင်း​တစ်ခုတည်း​ကို​သာ လက်ကိုင်ပြု​ရ​မည်​။
တားမြစ်ထားသောကိုးကွယ်မှု
21သင်​တည်ဆောက်​မည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ဘေး​၌ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​အဖြစ် မည်သည့်​သစ်ပင်​ကို​မျှ မ​စိုက်​ရ​။ 22သင်​၏​ဘုရားသခင်​ထာဝရဘုရား​မုန်း​တော်မူ​သော ကျောက်တိုင်​ကို မ​စိုက်ထူ​ရ​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ