YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 2

2
1တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​မောဘ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​သည် ဧဒုံ​ဘုရင်​၏​အရိုးစု​ကို မီးရှို့​ပြာချ​ပစ်​လေ​ပြီ​။ 2ထို့ကြောင့် ငါ​သည် မောဘ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ကေရုတ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ မောဘ​ပြည်​သည် မြည်ဟည်းသံ​များ​၊ ကြွေးကြော်သံ​များ​၊ တံပိုးမှုတ်သံ​များ​ကြား​တွင်​ပင် ကျဆုံး​သွား​ရ​လိမ့်မည်​။ 3အုပ်စိုး​သူ​ကို ထို​ပြည်​ထဲ​မှ ဖယ်ရှား​ပစ်​မည်​။ သူ​နှင့်အတူ မှူးမတ်​အားလုံး​ကို​လည်း ငါ​ကွပ်မျက်​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။
ယုဒပြည်ကို အပြစ်ပေးခြင်း
4တစ်ဖန် ထာဝရဘုရား​က “​ယုဒ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ပညတ်တရားတော်​ကို စွန့်ပယ်​ကြ​ပြီး ပြဋ္ဌာန်းချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ကြ​။ သူ​တို့​၏​ဘိုးဘေး​တို့​လိုက်လျှောက်​ခဲ့​သည့်​အတိုင်း လိုက်လျှောက်​ကြ​၏​။ သူ​တို့​သည် လိမ်လည်မှု​များ​အားဖြင့် လမ်းလွဲ​ကြ​ပြီ​။ 5ထို့ကြောင့် ငါ​သည် ယုဒ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ဂျေရုဆလင်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။
အစ္စရေးလူမျိုးကို အပြစ်ပေးခြင်း
6တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ငွေ​အတွက် ဖြောင့်မတ်​သော​သူ​ကို ရောင်းစား​၏​။ ဖိနပ်​တစ်ရံ​အတွက် နွမ်းပါး​သူ​ကို ရောင်းစား​၏​။ 7ဆင်းရဲသား​တို့​၏​ခေါင်း​ကို မြေမှုန့်​၌​နင်းချေ​ပြီး စိတ်နှိမ့်ချ​သော​သူ​တို့ လျှောက်​သော​လမ်း​ကို ကာဆီး​ကြ​ပြီ​။ သား​အဖ​နှစ်​ယောက်​က မိန်းမ​တစ်ယောက်တည်း​နှင့်​ပေါင်းဖော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို ညစ်ညူး​စေ​လေ​ပြီ​။ 8ယဇ်ပလ္လင်​ရှိသမျှ​တို့​၏​အနီး​တွင် အပေါင်ခံ​အဝတ်​များ​ကို ခင်း​၍ လဲလျောင်း​နေ​တတ်​ကြ​၏​။ ဒဏ်ကြေး​ကောက်​သော​ငွေ​များ​ဖြင့် စပျစ်ဝိုင်​ဝယ်​၍ သူ​တို့​ဘုရား​ဝတ်ကျောင်း​တွင် သောက်​တတ်​ကြ​၏​။
9သို့သော် သစ်ကတိုးပင်​မြင့်​သကဲ့သို့​မြင့်​၍ ဝက်သစ်ချပင်​ကဲ့သို့​သန်မာ​သော အာမောရိ​လူမျိုး​တို့​ကို အပင်​ပေါ်​ရှိ​အသီး​များ​သာမက မြေ​အောက်​ရှိ​အမြစ်​များ​ပါ​မကျန် ဖျက်ဆီး​သကဲ့သို့ သူ​တို့​ရှေ့​တွင်​ပင် ငါ​ကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်း​ပစ်​ခဲ့​၏​။ 10သင်​တို့​ကို​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​၍ အာမောရိ​ပြည်​ကို ပိုင်ဆိုင်​ရန်​အတွက် သင်​တို့​အား တောကန္တာရ​တွင် အနှစ်​လေးဆယ်​ပို့ဆောင်​ပေး​ခဲ့​၏​။ 11ထို့ပြင် သင်​တို့​၏​သား​အချို့​ကို ပရောဖက်​အဖြစ်​၊ လူငယ်​အချို့​ကို နာဇရိလူ​အဖြစ် ငါ​ခန့်ထား​ခဲ့​၏​။ အို အစ္စရေး​အမျိုးသား​တို့​၊ ထိုသို့​ဖြစ်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏​။ 12“သို့သော် သင်​တို့​သည် နာဇရိလူ​တို့​ကို​စပျစ်ဝိုင်​တိုက်​၍ ပရောဖက်​တို့​ကို​လည်း ‘ပရောဖက်ပြု​မ​ဟောပြော​နှင့်’​ဟု အမိန့်ပေး​ကြ​၏​။ 13ကြည့်ရှု​လော့​။ လှည်း​သည် ကောက်လှိုင်း​အပြည့်​နှင့် အဖိ​ခံရ​သကဲ့သို့ သင်​တို့​ကို ငါ​ဖိချ​မည်​။ 14အပြေးမြန်​သူ​လည်း မပြေး​နိုင်​။ သန်မာ​သူ​လည်း ခွန်အား​မ​ထုတ်​နိုင်​။ စစ်သူရဲ​လည်း သူ့​အသက် သူ​မ​ကယ်​နိုင်​။ 15လေးသမား​လည်း မ​ထ​နိုင်​။ ခြေလျင်သမား​လည်း ထွက်​မ​ပြေး​နိုင်​။ မြင်းစီးသူရဲ​လည်း သူ့​အသက် သူ​မ​ကယ်​နိုင်​။ 16အရဲရင့်​ဆုံး​စစ်သူရဲ​တို့​ပင် ထို​နေ့​၌ အဝတ်မပါ​ဘဲ ထွက်ပြေး​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

အာမုတ်အနာဂတ္တိကျမ်း 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ