YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 22

22
ဒါဝိဒ်မင်းကြီး၏ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်း
1ရှောလု​မင်းကြီး​၏​လက်​မှ​လည်းကောင်း​၊ ရန်သူ​အပေါင်း​တို့​၏​လက်​မှ​လည်းကောင်း ဒါဝိဒ်​မင်းကြီး​အား ထာဝရဘုရား​ကယ်နုတ်​တော်မူ​သော​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ထံ ဤသို့ သီချင်း​စပ်ဆို​ခဲ့​၏​။ 2“​ထာဝရဘုရား​သည် ငါ​၏​ကျောက်​၊ ငါ​၏​ရဲတိုက်​၊ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင်​၊ 3ငါ​၏​ဘုရား​၊ ငါ​ခိုလှုံ​ရာ​ကျောက်ဆောင်​၊ ငါ​၏​ဒိုင်းလွှား​၊ ငါ​၏​ကယ်တင်​ခြင်း​ဦးချို​၊ ငါ​၏​ခံတပ်​၊ ငါ​၏​မှီခို​ရာ​၊ ရက်စက်ကြမ်းကြုတ်မှု​တို့​မှ ငါ့​ကို​ကယ်တင်​တော်မူ​သော​အရှင် ဖြစ်​တော်မူ​၏​။ 4ချီးမွမ်းထိုက်​သော​ထာဝရဘုရား​ကို ငါ​ခေါ်​သောအခါ ငါ့​ရန်သူ​တို့​၏​လက်​မှ ငါ့​ကို​ကယ်တင်​တော်မူ​၏​။ 5အကယ်စင်စစ် သေ​ခြင်း​လှိုင်းလုံး​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ပြီး ဖျက်ဆီး​ခြင်း​ရေအဟုန်​တို့​သည် ငါ့​ကို​ခြောက်လှန့်​နေ​ပါ​၏​။ 6မရဏာ​ကြိုး​တို့​သည် ငါ့​ကို ပတ်စည်း​ထား​ပြီး သေမင်း​ထောင်ချောက်​များ​လည်း ငါ့​ကို ဆီးကြို​နေ​ပါ​၏​။ 7ဆင်းရဲဒုက္ခ​ရောက်​စဉ် ငါ​သည် ထာဝရဘုရား​ကို ခေါ်​ပါ​၏​။ ငါ​၏​ဘုရားသခင်​ကို ဟစ်ခေါ်​ပါ​၏​။ ကိုယ်တော်​သည် ငါ​၏​အသံ​ကို ဗိမာန်တော်​ထဲမှ ကြား​တော်မူ​ပါ​၏​။ ငါ​၏​အော်ဟစ်သံ​သည်​လည်း နား​တော်​သို့​ရောက်​ပါ​၏​။ 8ထိုအခါ ကိုယ်တော်​သည် အမျက်ထွက်​တော်မူ​သောကြောင့် မြေကြီး​သည် ယိမ်းထိုး​လှုပ်ခါ​၏​။ မိုးကောင်းကင်​အုတ်မြစ်​သည်​လည်း ယိမ်းထိုး​ခါယမ်း​၏​။ 9ကိုယ်တော်​၏​နှာခေါင်း​တော်​ထဲမှ မီးခိုး​ထွက်​၍ ခံတွင်း​တော်​ထဲမှ မီးတောက်​ထွက်လာ​၏​။ ထို​မီးတောက်​ကြောင့် မီးခဲ​တို့​သည် တောက်လောင်​ကြ​၏​။ 10ကိုယ်တော်​သည် မိုးကောင်းကင်​ကို ညွတ်​စေ​၍ ကြွဆင်း​တော်မူ​၏​။ အမှောင်ထု​သည် ခြေ​တော်​အောက်​၌​ရှိ​၏​။ 11ကိုယ်တော်​သည် ခေရုဗိမ်#22:11 ဘုရားသခင်၏ဘုန်းတော်နှင့်ဆိုင်သောကောင်းကင်တမန်။​ကို​စီး​၍ ပျံသန်း​တော်မူ​၏​။ လေ​အတောင်ပံ​ပေါ်တွင် ကိုယ်တော်​ကို ဖူးမြင်​ရ​၏​။ 12ကိုယ်တော်​သည် မိုးရေ​ဖွဲ့​ထား​သော​တိမ်တိုက်ထု​ကြီး​၏​အမှောင်ထု​ဖြင့် ကိုယ်​ကို​ပတ်လည်​ခြံရံ​စေ​တော်မူ​၏​။ 13ရှေ့​တော်​ရှိ ရောင်ခြည်​တော်​ကြောင့် မီးခဲ​များ​တောက်လောင်​ရ​ပါ​၏​။ 14ထာဝရဘုရား​သည် ကောင်းကင်​၌ ခြိမ်းသံ​ကို​ပေး​တော်မူ​၏​။ အမြင့်ဆုံး​သော​အရှင်​သည် အသံ​ကို လွှင့်​တော်မူ​၏​။ 15မြား​တို့​ကို ပစ်လွှတ်​၍ ရန်သူ​တို့​အား ကွဲလွင့်​စေ​တော်မူ​၏​။ လျှပ်စီး​ကို​လက်​စေ​၍ သူ​တို့​အား ကစဥ့်ကလျား​ဖြစ်​စေ​တော်မူ​၏​။ 16ထာဝရဘုရား​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။ 17ကိုယ်တော်​သည် အထက်အရပ်​မှ​လှမ်း​၍ ငါ့​ကို​ဆွဲကိုင်​တော်မူ​၏​။ ရေထု​ထဲမှ​လည်း ငါ့​ကို ဆယ်ယူ​တော်မူ​၏​။ 18ငါ​မပြိုင်​နိုင်​လောက်အောင် ခွန်အား​ကြီးမား​သော ငါ့​ရန်သူ​၏​လက်​မှ​လည်းကောင်း​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ​လည်းကောင်း ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ 19ငါ​ဘေးဒုက္ခ​ရောက်​ချိန်​တွင် သူ​တို့​သည် ငါ့​ကို တိုက်ခိုက်​ကြ​သော်လည်း ထာဝရဘုရား​သည် ငါ့​ကို ထောက်မ​တော်မူ​၏​။ 20ကိုယ်တော်​သည် ငါ့​ကို ကျယ်ဝန်း​သော​အရပ်​သို့ ပို့ဆောင်​တော်မူ​၏​။ ငါ့​ကို​နှစ်သက်​တော်မူ​သောကြောင့် ကယ်မ​တော်မူ​၏​။ 21ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။ 22အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။ ငါ​၏​ဘုရားသခင်​ကို​ဆန့်ကျင်​ပြီး ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။ 23အကယ်စင်စစ် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ငါ​မျက်မှောက်ပြု​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ ငါ​လွှဲရှောင်​မ​သွား​ပါ​။ 24ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍ ကိုယ့်​ဒုစရိုက်​ကို ကိုယ်​ရှောင်ကြဉ်​ပါ​၏​။ 25ထို့ကြောင့် ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ​၊ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို​ချီးမြှောက်​တော်မူ​၏​။ 26ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။ အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ 27သန့်ရှင်း​သော​သူ​အား မိမိ​သန့်ရှင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ ကောက်ကျစ်​သော​သူ​အား မိမိ​ဉာဏ်များ​ကြောင်း​ကို ပြ​တော်မူ​၏​။ 28ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​လူမျိုး​ကို ကယ်တင်​တော်မူ​၏​။ ထောင်လွှား​သော​သူ​တို့​ကို​ကား နှိမ့်ချ​ဖို့ စောင့်ကြည့်​တော်မူ​၏​။ 29အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။ 30အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​အားဖြင့် တပ်​တစ်တပ်လုံး​ကို ဝင်ရောက်စီးနင်း​နိုင်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​အားဖြင့် တံတိုင်း​ကို​လည်း ကျော်​နိုင်​ပါ​၏​။ 31ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ​ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ 32အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။ 33ဘုရားသခင်​သည် ငါ​၏​ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။ 34ငါ​၏​ခြေ​ကို သမင်​ခြေ​ကဲ့သို့​ဖြစ်​စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။ 35ငါ​၏​လက်​ကို စစ်ရေး​၌​လေ့ကျက်​စေ​တော်မူ​သဖြင့် ငါ​၏​လက်ရုံး​သည် ကြေးဝါ​လေး​ကို​တင်​နိုင်​၏​။ 36ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။ 37ကိုယ်တော်​သည် အကျွန်ုပ်​ခြေလှမ်းစရာလမ်း​ကို ကျယ်ပြန့်​စေ​တော်မူ​သောကြောင့် အကျွန်ုပ်​ခြေ​မ​ချော်​ခဲ့​ပါ​။ 38အကျွန်ုပ်​သည် အကျွန်ုပ်​၏​ရန်သူ​များ​ကို လိုက်​၍ သုတ်သင်​ခဲ့​ပါ​၏​။ သူ​တို့​ကို​အပြီးသတ်​မ​သုတ်သင်​မီ​တိုင်အောင် နောက်ပြန်​မ​လှည့်​ခဲ့​ပါ​။ 39အကျွန်ုပ်​သည် သူ​တို့​ကို အပြီးသတ်​သုတ်သင်​ခဲ့​ပါ​၏​။ သူ​တို့​မ​ထ​နိုင်​အောင်​ချေမှုန်း​ခဲ့​ပါ​၏​။ သူ​တို့​သည် အကျွန်ုပ်​၏​ခြေ​အောက်​တွင်​လဲကျ​ခဲ့​ကြ​ပါ​၏​။ 40ကိုယ်တော်​သည် စစ်ပွဲ​အတွက် အကျွန်ုပ်​ကို​ခွန်အား​နှင့်​ပတ်စည်း​၍ အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အား အကျွန်ုပ်​၏​အောက်​တွင် ညွတ်တွား​စေ​တော်မူ​၏​။ 41အကျွန်ုပ်​ရှေ့​တွင် အကျွန်ုပ်​၏​ရန်သူ​တို့​ကို လည်စင်း​ခံရ​စေ​သဖြင့် အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​အား အကျွန်ုပ် ဖယ်ရှားသုတ်သင်​နိုင်​ခဲ့​ပါ​၏​။ 42သူ​တို့​သည် မျှော်ကြည့်​သော်လည်း ကယ်တင်​မည့်​သူ မ​ရှိ​ပါ​။ ထာဝရဘုရား​ထံ​မျှော်ကြည့်​သော်လည်း သူ​တို့​ကို ထူး​တော်​မ​မူ​ပါ​။ 43ထိုအခါ အကျွန်ုပ်​သည် သူ​တို့​ကို မြေမှုန့်​ကဲ့သို့ ညက်ညက်ချေ​၍ လမ်း​ပေါ်မှ​ရွှံ့​ကဲ့သို့ သူ​တို့​ကို​ဖိ​နင်း​ပါ​၏​။ 44ကိုယ်တော်​သည် အကျွန်ုပ်​ကို​တိုက်ခိုက်​သော​လူ​တို့​လက်​မှ အကျွန်ုပ်​ကို​လွတ်မြောက်​စေ​၍ လူမျိုးတကာ​တို့​၏​အကြီးအမှူး​အဖြစ် အကျွန်ုပ်​ကို စောင့်ရှောက်​တော်မူ​၏​။ အကျွန်ုပ်​မ​သိ​ဖူး​သော​လူ​တို့​သည်​လည်း အကျွန်ုပ်​ကို​အစေခံ​ကြ​ပါ​၏​။ 45တိုင်းတစ်ပါးသား​တို့​သည် အကျွန်ုပ်​ကို ခယဝပ်တွား​ကြ​ပြီး အကျွန်ုပ်​အကြောင်း​ကို​ကြား​ရ​သည်​နှင့် အကျွန်ုပ်​စကား​ကို​နာခံ​ကြ​ပါ​၏​။ 46တိုင်းတစ်ပါးသား​တို့​သည် လက်မှိုင်ချ​၍ မိမိ​တို့​၏​ခြေကုပ်စခန်း​များ​ထဲမှ တုန်လှုပ်​လျက်​ထွက်လာ​ကြ​ပါ​၏​။ 47ထာဝရဘုရား​သည် အသက်ရှင်​တော်မူ​၏​။ သို့ဖြစ်၍ ငါ​၏​ကျောက်ဆောင်​ကို ကောင်းချီးထောမနာ​ပြု​ကြ​လော့​။ ငါ​၏​ကယ်တင်​ရာ​ကျောက်ဆောင်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို ချီးမြှောက်​ကြ​လော့​။ 48ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုးတကာ​တို့​ကို ငါ့​လက်အောက်​သို့ ရောက်​စေ​တော်မူ​၏​။ 49ငါ​၏​ရန်သူ​တို့​လက်​မှ ငါ့​ကို​လွတ်မြောက်​စေ​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​သော​သူ​တို့​အပေါ် အကျွန်ုပ်​ကို​ချီးမြှောက်​တော်မူ​ပြီး ရက်စက်ကြမ်းကြုတ်​သော​သူ​တို့​၏​လက်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​၏​။ 50ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။ 51ကိုယ်တော်​သည် မိမိ​ခန့်ထား​သော​ရှင်ဘုရင်​အား ကြီးမား​သော​အောင်ပွဲ​များ​ကို​ခံ​စေ​ပြီး မိမိ​ဘိသိက်ပေး​ထား​သော​ဒါဝိဒ်​နှင့် သူ​၏​အမျိုးအနွယ်​အား မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ပြ​တော်မူ​၏​။”

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 22: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ