YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 21

21
ဂိဗောင်အမျိုးများအတွက် တရားမျှတမှု
1ဒါဝိဒ်​မင်းကြီး​လက်ထက်​တွင် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး သုံး​နှစ်​ဆက်တိုက်​ဖြစ်​၏​။ ထို့ကြောင့် ဒါဝိဒ်​မင်းကြီး​က ထာဝရဘုရား​ထံ​မေးလျှောက်​လျှင် ထာဝရဘုရား​က “​ရှောလု​သည် ဂိဗောင်​မြို့သား​တို့​ကို သတ်​၍ အမျိုးအနွယ်​ထဲတွင် သွေးစွန်း​စေ​သော​အပြစ်​ကြောင့် ဤသို့​ဖြစ်​ရ​ပြီ​”​ဟု မိန့်​တော်မူ​၏​။
2ထိုအခါ ရှင်ဘုရင်​သည် ဂိဗောင်​မြို့သား​တို့​ကို ဆင့်ခေါ်​ပြီးလျှင် သူ​တို့​နှင့်​စကားပြော​၏​။ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​အနွယ်ဝင်​မ​ဟုတ်​။ အာမောရိ​လူမျိုး​အကြွင်းအကျန်​များ ဖြစ်​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​နှင့်​ကတိသစ္စာပြု​ခဲ့​သော်လည်း ရှောလု​မင်းကြီး​သည် အစ္စရေး​အမျိုး​နှင့် ယုဒ​အမျိုး​တို့​အဖို့​စိတ်အားကြီး​၍ သူ​တို့​ကို သုတ်သင်​ရန် ကြိုးစား​ခဲ့​၏​။ 3ဒါဝိဒ်​မင်းကြီး​က ဂိဗောင်​မြို့သား​တို့​အား “​ယခု သင်​တို့​အဖို့ ငါ မည်သို့​ပြု​ပေး​ရ​မည်နည်း​။ ထာဝရဘုရား​၏​အမွေ​တော်​ကို သင်​တို့​ကောင်းချီးပေး​ကြ​ဖို့ ငါ မည်သို့​အပြစ်ဖြေ​ရ​မည်နည်း​”​ဟု မေး​လျှင်
4ဂိဗောင်​မြို့သား​တို့​က “​အကျွန်ုပ်​တို့​သည် ရှောလု​နှင့်​သူ့​အမျိုးအနွယ်​တို့​ထံမှ ရွှေ​ငွေ​ကို မ​တောင်း​ပါ​။ အစ္စရေး​လူမျိုး​တစ်ယာက်​ကို​မှ​လည်း မ​သတ်​လို​ပါ​”​ဟု ပြန်လျှောက်​ကြ​လျှင် ဒါဝိဒ်​မင်းကြီး​က “​သင်​တို့ အလိုရှိ​သမျှ​ကို ငါ​ပြု​ပေး​ပါ​မည်​”​ဟု မိန့်ဆို​၏​။
5သူ​တို့​က ရှင်ဘုရင်​အား “​အကျွန်ုပ်​တို့​လူမျိုး​ကို အစ္စရေး​နယ်မြေ​တစ်ခွင်လုံး​မှ​ပပျောက်​သွား​အောင် ဝါးမျို​သုတ်သင်​ပစ်​ရန် ကြံစည်​သူ​မှာ ဤ​သူ​ပင်​ဖြစ်​ပါ​၏​။ 6ထို့ကြောင့် သူ့​သား​ခုနစ်​ယောက်​ကို အကျွန်ုပ်​တို့​လက်​သို့ အပ်​တော်မူ​ပါ​။ ထာဝရဘုရား ရွေးကောက်​ခံရ​သူ​ရှောလု​၏​ဇာတိ​မြို့​ဖြစ်​သော ဂိဗာ​မြို့​၌ သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​တွင် ကြိုးဒဏ်​ပေး​ပါ​မည်​”​ဟု လျှောက်တင်​ကြ​လျှင် ရှင်ဘုရင်​က “​ငါ​အပ်ပေး​မည်​”​ဟု မိန့်ဆို​၏​။
7သို့သော် ဒါဝိဒ်​မင်းကြီး​နှင့် ရှောလု​မင်းကြီး​၏​သား​ယောနသန်​တို့​ကြား​၌ ထာဝရဘုရား​ကို​တိုင်တည်​၍ ပြု​ထား​သော​ကတိသစ္စာ​ကြောင့် ရှင်ဘုရင်​သည် ရှောလု​၏​မြေး​၊ ယောနသန်​၏​သား မေဖိဗောရှက်​ကို ချမ်းသာ​ပေး​၏​။ 8ထို့ကြောင့် ရှင်ဘုရင်​သည် ရှောလု​မင်းကြီး​အဖို့ အာယ​၏​သမီး​ရိဇပ​က မွေးဖွား​ပေး​သော​သား​နှစ်​ယောက်​ဖြစ်​သည့် အာမောနိ​နှင့်​မေဖိဗောရှက်​၊ မေဟောလသိ​မြို့သား ဗာဇိလဲ​၏​သား​အဒြေလ​အဖို့ ရှောလု​မင်းကြီး​၏​သမီး​မိခါလ​က​မွေးဖွား​ပေး​သော​သား​ငါး​ယောက်​တို့​ကို ခေါ်ယူ​ပြီး 9ဂိဗောင်​မြို့သား​တို့​လက်​သို့ အပ်လိုက်​သဖြင့် ဂိဗောင်​မြို့သား​တို့​သည် သူ​တို့​ကို ထာဝရဘုရား​ရှေ့​တော် တောင်​ပေါ်တွင်​ကြိုးဒဏ်​ပေး​၏​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန် မုယောစပါး​စတင်​ရိတ်သိမ်း​သော ပထမ​ရက်​တွင် အသတ်​ခံရ​၍ ခုနစ်​ဦး​စလုံး ပြိုင်တူ​သေ​ကြ​လေ​၏​။
ရှောလုမင်းကြီး၏မိသားစုကို သင်္ဂြုလ်ခြင်း
10အလောင်း​တို့​ကို နေ့​အချိန်​တွင် မိုးကောင်းကင်​ငှက်​တို့ မ​ထိပါး​အောင်​၊ ညအချိန်​တွင် တောတိရစ္ဆာန်​တို့ လာ​မ​ဆွဲ​အောင် အာယ​၏​သမီး​ရိဇပ​က လျှော်တေအဝတ်​ကို​ယူ​၍ ကျောက်ဖျာ​တစ်​ခု​ပေါ်တွင်​ခင်းထိုင်​ပြီး သီးနှံ​ရိတ်သိမ်း​ချိန်​မှ​စ​၍ အလောင်း​ပေါ်သို့ ကောင်းကင်​မှ​မိုး​ရွာချ​သည့်​အချိန်​ထိ စောင့်ရှောက်​ပေး​ခဲ့​၏​။
11ရှောလု​မင်းကြီး​၏​မောင်းမ အာယ​၏​သမီး ရိဇပ​ပြု​သော​အမှု​ကို ဒါဝိဒ်​မင်းကြီး​အား ကြားလျှောက်​ကြ​၏​။ 12ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ယာဗက်ဂိလဒ်​မြို့သား​တို့​ထံမှ ရှောလု​မင်းကြီး​နှင့်​သား​တော်​ယောနသန်​တို့​၏​အရိုး​ကို သွား​ယူလာ​ခဲ့​၏​။ ရှောလု​မင်းကြီး​ကို​ဂိလဗော​တောင်​ပေါ်တွင် ဖိလိတ္တိ​လူမျိုး​တို့​သတ်​သော​နေ့​၌ ဗက်ရှန်​မြို့ လမ်းဆုံလမ်းခွ​တွင် သူ​တို့​အား ချိတ်ဆွဲ​ထား​သည်​ကို ယာဗက်ဂိလဒ်​မြို့သား​တို့ ခိုးယူ​ခဲ့​ကြ​ခြင်း​ဖြစ်​၏​။ 13ဒါဝိဒ်​မင်းကြီး​သည် ယာဗက်ဂိလဒ်​မြို့​မှ ရှောလု​မင်းကြီး​နှင့် သား​တော်​ယောနသန်​တို့​၏​အရိုး​များ​ကို ယူလာ​၏​။ ကြိုးဒဏ်​ခံရ​သော​သူ​တို့​၏​အရိုး​များ​ကို​လည်း စုသိမ်း​စေ​၏​။ 14ရှောလု​မင်းကြီး​နှင့် သား​တော်​ယောနသန်​တို့​၏​အရိုး​ကို ဗင်္ယာမိန်​ပြည်​၊ ဇေလ​မြို့​ရှိ ရှောလု​မင်းကြီး​၏​ဖခင် ကိရှ​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​လိုက်​ကြ​၏​။ ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း အလုံးစုံ​ပြု​ပြီး​သောအခါ​မှ ဘုရားသခင်​သည် ပြည်​တော်​အတွက် ဆုတောင်းသံ​ကို နားညောင်း​တော်မူ​လေ​၏​။
ကိုယ်ခန္ဓာကြီးမားသောဖိလိတ္တိလူမျိုးများ
15တစ်ဖန် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို စစ်​လာ​တိုက်​ကြ​ပြန်​၏​။ ဒါဝိဒ်​မင်းကြီး​သည် မိမိ​စစ်သည်​တို့​နှင့်အတူ​သွား​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ရာ ဒါဝိဒ်​မင်းကြီး အလွန်​မောပန်း​နေစဉ်​တွင် 16အသစ်​သော​ချပ်ဝတ်တန်ဆာ​ကို ဝတ်ဆင်​ပြီး ရှယ်ကယ်​သုံး​ရာ#21:16 “2.25 ပိဿာ သို့မဟုတ် 3.4 ကီလိုဂရမ်”။​လေး​သော​ကြေးနီ​လှံတံ​ကို​ကိုင်ဆောင်​သည့် ရေဖိမ်​အနွယ်ဝင် ဣရှဗိဗေနုပ်​သည် ဒါဝိဒ်​မင်းကြီး​ကို သတ်​မည်​ပြု​၏​။ 17ထိုအခါ ဇေရုယာ​၏​သား အဘိရှဲ​သည် ဒါဝိဒ်​မင်းကြီး​ကို​လာကူ​ပြီး ထို​ဖိလိတ္တိ​သူရဲ​ကို တိုက်ခိုက်​သတ်ဖြတ်​လိုက်​လေ​၏​။ ထို့နောက် ဒါဝိဒ်​မင်းကြီး​၏​စစ်သည်​တို့​က သူ့​အား “​အစ္စရေး​လူမျိုး​၏​ဆီမီး ငြိမ်း​မ​သွား​စေရန် နောက်နောင် အကျွန်ုပ်​တို့​နှင့်အတူ စစ်ပွဲ​ရှိ​ရာ​သို့ မ​လိုက်​ပါ​နှင့်​တော့​”​ဟု ဆို​လျက် ဒါဝိဒ်​မင်းကြီး​အား ကျိန်ဆို​စေ​၏​။
18ထို့နောက်တွင် ဂေါဘ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ထပ်ဖြစ်​ပြန်​ရာ ဟုရှသိ​လူမျိုး သိဗေခဲ​သည် ရေဖိမ်​အနွယ်ဝင် သာဖ​ကို သတ်​လိုက်​၏​။
19ထို့နောက်တွင် ဂေါဘ​မြို့​၌ ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ထပ်ဖြစ်​ပြန်​ရာ ဗက်လင်​မြို့သား​၊ ယာဣရု​၏​သား ဧလဟာနန်​သည် ယက်ကန်းလိပ်​တမျှ​ကြီး​သော​လှံရိုး​ကို ကိုင်ဆောင်​သည့် ဂိတ္တိ​လူမျိုး ဂေါလျတ်​ကို သတ်​လိုက်​၏​။
20ထို့နောက်တွင် ဂါသ​မြို့​၌ တိုက်ပွဲ​ထပ်ဖြစ်​ပြန်​ရာ လက်​တစ်ဖက်​တွင်​လက်ချောင်း​ခြောက်​ချောင်း​၊ ခြေ​တစ်ဖက်​တွင်​ခြေချောင်း​ခြောက်​ချောင်း စုစုပေါင်း​လက်ချောင်း​ခြေချောင်း နှစ်ဆယ့်​လေး​ချောင်း​ရှိ​ပြီး ခန္ဓာထွားကျိုင်း​သော ရေဖိမ်​အနွယ်ဝင်​လူ​တစ်ဦး​က 21အစ္စရေး​လူမျိုး​တို့​အား စိန်ခေါ်​သဖြင့် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား​ယောနသန်​သည် သူ့​ကို သတ်လိုက်​လေ​၏​။
22ရေဖိမ်​အနွယ်ဝင် ထို​ဂါသ​မြို့သား​လေး​ဦး​တို့​သည် ဒါဝိဒ်​မင်းကြီး​နှင့် သူ့​စစ်သူရဲ​တို့​၏​လက်ချက်​ဖြင့် ကျဆုံး​ကုန်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ