YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 23

23
ဒါဝိဒ်မင်းကြီး၏နောက်ဆုံးစကား
1ဒါဝိဒ်​မင်းကြီး​နောက်ဆုံး​မိန့်ဆို​ခဲ့​သော​စကား​။ ယေရှဲ​၏​သား ဒါဝိဒ်​မင်းကြီး​မိန့်ဆို​ခဲ့​သော​နိမိတ်စကား​။ အမြင့်ဆုံး​သို့ ချီးမြှောက်​ခြင်း​ခံရ​သူ​၊ ယာကုပ်​၏​ဘုရားသခင် ဘိသိက်ပေး​ထား​သူ​၊ အသာယာဆုံး​အစ္စရေး​သီချင်း​ကို​ရေးစပ်သီဆို​သူ မိန့်ဆို​ခဲ့​သော​နိမိတ်စကား​များ​ကား ဤသို့​တည်း​။ 2“​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အားဖြင့် မြွက်ဆို​တော်မူ​၏​။ စကား​တော်​သည် ငါ​၏​လျှာ​တွင် တည်​တော်မူ​၏​။ 3အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော အစ္စရေး​လူမျိုး​၏​ကျောက်ဆောင်​က ငါ့​အား ‘​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​သော​သူ​၊ လူ​ကို ဖြောင့်မှန်​စွာ အုပ်စိုး​သော​သူ​သည် 4နံနက်အချိန်​ထွက်​သော​နေ​အလင်း​၊ မြေ​ပေါ်​မြက်နု​ပေါက်​စေ​ဖို့ မိုးရွာ​ပြီးမှ မိုးသားကင်းစင်​သွား​သော​နံနက်ခင်း​အလင်း​နှင့် တူ​၏​’​ဟု မိန့်​တော်မူ​၏​။ 5အကယ်စင်စစ် ငါ​၏​အမျိုးအနွယ်​သည် ဘုရားသခင်​ရှေ့​တော်​၌ ထိုသို့​ဖြစ်​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် ထာဝရ​ပဋိညာဉ်​ကို ငါ​နှင့် ဖွဲ့​တော်မူ​သည်​မ​ဟုတ်​လော​။ အလုံးစုံ​ကို စီရင်​တော်မူ​ပြီ​ဖြစ်၍ စိတ်ချလုံခြုံ​ရ​ပါ​၏​။ ငါ့​ကို အကြွင်းမဲ့​ကယ်တင်​တော်မူ​ပြီ​။ အလုံးစုံ​သော​ဆန္ဒ​တို့​ကို ဖြည့်ဆည်း​ပေး​တော်မူ​ပြီ​။ 6ဆိုးညစ်​သော​သူ​တို့​မူကား လက်​နှင့်​ကိုင်​၍​မ​ရ​သော​ဆူးပင်​နှင့်​တူ​၏​။ အားလုံး​ကော်ထုတ်​ပစ်​ခြင်း​ခံရ​မည်​။ 7ထို​ဆူးပင်​ကို​ကိုင်​မည်​ဆို​လျှင် သံချွန်​၊ လှံတံ​တို့​ဖြင့် ကိုင်​ရ​၏​။ ပေါက်​ရာ​အရပ်​၌​ပင် မီး​ရှို့​ပစ်​ခြင်း ခံရ​မည်​။​”
ဒါဝိဒ်မင်းကြီး၏စစ်သူရဲများ စွန့်စားခန်းများ
8ဒါဝိဒ်​မင်းကြီး​၏​သူရဲကောင်း​၏​အမည်​များ​မှာ ဤသို့​တည်း​။ တာခမောနိ​အမျိုး ယာရှောဘာရှိဗက်​သည် သူရဲကောင်း​သုံး​ဦး​တို့​၏​ခေါင်းဆောင်​ဖြစ်​၏​။ သူ​သည် လှံ​ကို​ဝှေ့ယမ်း​လိုက်​သည်​နှင့် တစ်ချိန်တည်း​မှာ​ပင် လူ​အယောက်​ရှစ်​ရာ​ကို သတ်ဖြတ်​နိုင်​ခဲ့​သူ​ဖြစ်​၏​။
9သူရဲကောင်း နောက်​တစ်​ဦး​မှာ အဟောဟိ​၏​မြေး​၊ ဒေါဒေါ​၏​သား ဧလာဇာ ဖြစ်​၏​။ စစ်တိုက်​ရန် ချီလာ​သော​ဖိလိတ္တိ​လူမျိုး​တို့​ကို ဒါဝိဒ်​မင်းကြီး​နှင့်အတူ​စိန်ခေါ်​ခဲ့​သူ သူရဲကောင်း​သုံး​ဦး​တွင် သူ​လည်း အပါအဝင်​ဖြစ်​၏​။ အစ္စရေး​အမျိုးသား​တို့ ဆုတ်ခွာ​သွား​သောအခါ 10သူ​သည် မ​ဆုတ်​ဘဲ လက်​ကို​ဓား​မှ​ပြန်ခွာ​၍​မ​ရ​အောင် လက်အန်သေ​သည်​အထိ ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ခဲ့​၏​။ ထို​နေ့​တွင် ထာဝရဘုရား​သည် ကြီးမား​သော​အောင်ပွဲ​ကို ရ​စေ​တော်မူ​၏​။ စစ်သည်​တို့​သည်​ပင် တိုက်ရာပါပစ္စည်း​များ​ကို သိမ်းယူ​ဖို့​ရန် ပြန်လှည့်​လာ​ကြ​ရ​၏​။
11နောက်တစ်ဦး​မှာ ဟာရရိ​အမျိုး​၊ အာဂိ​၏​သား ရှမ္မ​ဖြစ်​၏​။ ဖိလိတ္တိ​လူမျိုး​တို့ စုဝေး​ချီတက်​လာ​ရာ ပဲနီခင်း​တစ်ခင်း​သို့ ရောက်လာ​၏​။ ကျန်​စစ်သည်​များ ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကုန်​ကြ​သော်လည်း 12ရှမ္မ​သည် လယ်ကွက်​အလယ်​တွင်​ရပ်​လျက် ဖိလိတ္တိ​လူမျိုး​တို့​ကို ခုခံ​တိုက်ခိုက်​ရာ ထာဝရဘုရား​သည် ကြီးမား​သော​အောင်ပွဲ​ကို ရ​စေ​တော်မူ​၏​။
13ရိတ်သိမ်း​ရာ​ကာလ​တွင် စစ်သူရဲ​သုံးဆယ်​ထဲမှ သုံး​ဦး​သည် ဒါဝိဒ်​မင်းကြီး​ရှိ​ရာ အဒုလံ​လိုဏ်ဂူ​သို့ ဆင်းသွား​ကြ​၏​။ ဖိလိတ္တိ​တပ်​မူကား ရေဖိမ်​ချိုင့်ဝှမ်း​တွင် စခန်းချ​လျက်​ရှိ​၏​။ 14ထို​အချိန်​က ဒါဝိဒ်​မင်းကြီး​သည် ခံတပ်​တွင်​စံမြန်း​လျက်​ရှိ​ပြီး ဖိလိတ္တိ​ကင်းတပ်​မူကား ဗက်လင်​မြို့​၌ တပ်စွဲ​ထား​လျက်​ရှိ​၏​။ 15ဒါဝိဒ်​မင်းကြီး​က “ဗက်လင်​မြို့​တံခါး​အနီး​ရှိ ရေတွင်း​မှ​ရေ​ကို ငါ့​အတွက် တစ်ယောက်ယောက်​ခပ်ပေး​လျှင် ကောင်း​ပေ​မည်”​ဟု တောင့်တ​၍ ဆို​မိ​လျှင် 16ထို​သူရဲကောင်း​သုံး​ဦး​သည် ဖိလိတ္တိ​တပ်စခန်း​ကို ထိုးဖောက်​ပြီး ဗက်လင်​မြို့​တံခါး​အနီး​ရှိ​ရေတွင်း​မှ ရေ​ကို​ခပ်ယူ​ကာ ဒါဝိဒ်​မင်းကြီး​ထံ ယူ​ဆောင်လာ​ပေး​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထို​ရေ​ကို​မ​သောက်​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် သွန်း​လျက် 17“​အို ထာဝရဘုရား​၊ ဤ​အမှု​သည် အကျွန်ုပ်​နှင့်​ဝေး​ပါစေသော​။ ဤ​ရေ​သည် သူ​တို့​၏​အသွေး​ဖြစ်​ပါ​၏​။ သူ​တို့​အသက်​နှင့်​ရင်း​၍​ရ​လာ​သော​ရေ​ကို အကျွန်ုပ်​သောက်​ရ​ပါ​မည်​လော”​ဟု ဆို​လျက် ထို​ရေ​ကို​မ​သောက်​ဘဲ​နေ​လေ​၏​။ သူရဲကောင်း​သုံး​ဦး​တို့​သည် ဤသို့​စွမ်းဆောင်​ပေး​ခဲ့​လေ​၏​။
18ဇေရုယာ​၏​သား​၊ ယွာဘ​၏​ညီ အဘိရှဲ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကို ဦးဆောင်​ရ​၏​။ သူ​သည် လှံ​ကို​ဝှေ့ယမ်း​ပြီး လူ​အယောက်​သုံး​ရာ​ကို တိုက်ခိုက်​သတ်ဖြတ်​၏​။ ထို့ကြောင့် သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​ကဲ့သို့ နာမည်ကြီး​၏​။ 19သူ​သည် ထို​သူရဲကောင်း​သုံး​ဦး​တို့​ထက် အစွမ်းထက်​သောကြောင့် သူ​တို့​၏​အကြီးအကဲ​ဖြစ်​ရ​၏​။ သို့သော် ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။
20ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။ 21သန်မာထွားကျိုင်း​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။ 22ယောယဒ​၏​သား ဗေနာယ​သည် ထိုသို့​ပြု​ခဲ့​သောကြောင့် သူရဲကောင်း​သုံး​ဦး​ကဲ့သို့ပင် သူ​လည်း နာမည်​ကျော်စော​၏​။ 23သူ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​ထက် အစွမ်းထက်​သော်လည်း ပထမ​သူရဲကောင်း​သုံး​ဦး​ကို မ​မီ​။ ဒါဝိဒ်​မင်းကြီး​သည် သူ့​အား ကိုယ်ရံတော်မှူး​အဖြစ် ခန့်အပ်​ထား​၏​။ 24ယွာဘ​၏​ညီ အာသဟေလ​သည် စစ်သူရဲ​အယောက်​သုံးဆယ်​တွင် တစ်ဦး​အပါအဝင်​ဖြစ်​၏​။
ဗက်လင်​မြို့သား ဒေါဒေါ​၏​သား ဧလဟာနန်​၊
25ဟရောဒိ​လူမျိုး ရှမ္မ​၊ ဟရောဒိ​လူမျိုး ဧလိက​၊
26ဖာလတိ​လူမျိုး ဟေလက်​၊ တေကော​လူမျိုး ဣကေရှ​၏​သား ဣရ​၊
27အနေသောသိ​လူမျိုး အဗျေဇာ​၊ ဟုရှသိ​လူမျိုး မေဗုန္နဲ​၊
28အဟောဟိ​လူမျိုး ဇာလမုန်​၊ နေတောဖာသိ​လူမျိုး မဟာရဲ​၊
29နေတောဖာသိ​လူမျိုး ဗာနာ​၏​သား ဟေလက်​၊ ဂိဗာ​မြို့​မှ ဗင်္ယာမိန်​သားမြေး ရိဘဲ​၏​သား အိတ္တဲ​၊
30ပိရသုန်​မြို့သား ဗေနာယ​၊ ဂါရှ​ချိုင့်ဝှမ်း​မှ ဟိဒ္ဒဲ​၊
31အာဗသိ​လူမျိုး အဗျာလဗုန်​၊ ဗာဟုမိ​လူမျိုး အာဇမာဝက်​၊
32ရှာလဗောနိ​လူမျိုး ဧလျာဘ​၊ ယာရှင်​သားမြေး ယောနသန်​၊
33ဟာရရိ​လူမျိုး ရှမ္မ​၊ ဟာရရိ​လူမျိုး ရှာရ​၏​သား အဟိအံ​၊
34မာခါသိ​လူမျိုး အဟသဘဲ​၏​သား ဧလိဖလက်​၊ ဂိလောနိ​လူမျိုး အဟိသောဖေလ​၏​သား ဧလျံ​၊
35ကရမေလိ​လူမျိုး ဟေဇရဲ​၊ အာဘိ​လူမျိုး ဖာရဲ​၊
36ဇောဘ​လူမျိုး နာသန်​၏​သား ဣဂါလ​၊ ဂဒ်​လူမျိုး ဗာနိ​၊
37အမ္မုန်​လူမျိုး ဇေလက်​၊ ဇေရုယာ​၏​သား ယွာဘ​၏​လက်နက်ကိုင် ဗေရောသိ​လူမျိုး နဟာရဲ​၊
38ဣသရိ​လူမျိုး ဣရ​၊ ဣသရိ​လူမျိုး ဂါရက်​၊
39ဟိတ္တိ​လူမျိုး ဥရိယ စုစုပေါင်း သုံးဆယ့်​ခုနစ်​ဦး ရှိ​သတည်း​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ