ဓမ္မရာဇဝင်စတုတ္ထစောင် 7
7
ဆီးရီးယားလူတို့ရှုံးနိမ့်ခြင်း
1ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားက ‘မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာ#7:1 “3 ပြည် သို့မဟုတ် 7.3 လီတာခန့်”။ကို တစ်ရှယ်ကယ်#7:1 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။၊ မုယောနှစ်စေအာ#7:1 “6 ပြည် သို့မဟုတ် 14.6 လီတာခန့်”။ကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူတို့အား ဆို၏။
2ထိုအခါ ဘုရင့်လက်ရုံးဖြစ်သူ တပ်မှူးက ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောလေ၏။
3ထိုအချိန်တွင် မြို့တံခါးဝ၌ အနာကြီးရောဂါစွဲနေသူလူလေးယောက်ရှိ၏။ သူတို့က “ငါတို့သည် အဘယ်ကြောင့် သေသည်အထိ ဤနေရာမှာထိုင်နေရမည်နည်း။ 4မြို့ထဲသို့ဝင်မည်ဆိုလျှင်လည်း မြို့ထဲမှငတ်မွတ်ခြင်းဘေးကြောင့် သေရလိမ့်မည်။ ဤနေရာမှာ ထိုင်နေလျှင်လည်း သေရမည်။ ထို့ကြောင့် ယခု ဆီးရီးယားတပ်စခန်းသို့ သွားကြစို့။ သူတို့က အသက်ချမ်းသာပေးလျှင် ငါတို့အသက်ရှင်ရမည်။ သူတို့သတ်လျှင်လည်း ငါတို့ သေရမည်”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
5သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။ 6အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက် 7မှောင်ရီပျိုးစအချိန်တွင် ထ၍ထွက်ပြေးကြလေ၏။ သူတို့သည် တဲများ၊ မြင်းများ၊ မြည်းများကို တပ်စခန်းတွင် ဤအတိုင်း စွန့်ပစ်ခဲ့ကာ အသက်လွတ်အောင် ထွက်ပြေးခဲ့ကြခြင်းဖြစ်၏။
8ထို့ကြောင့် တပ်စခန်းအစွန်နားသို့ရောက်လာသော အနာကြီးရောဂါစွဲနေသောလူတို့က တဲတစ်ခုအတွင်းသို့ဝင်၍ စားသောက်ပြီးလျှင် ထိုတဲမှ ရွှေငွေ၊ အဝတ်အထည်တို့ကိုယူပြီး သွားဝှက်ထားကြ၏။ ထို့နောက် ပြန်လာပြီး အခြားတဲတစ်ခုအတွင်းသို့ဝင်ကာ ပစ္စည်းများကိုယူပြီး သွားဝှက်ထားကြပြန်၏။ 9သို့သော် သူတို့က “ငါတို့ ဤသို့ မပြုသင့်။ ဤနေ့၌ သတင်းကောင်းရှိနေလျက်ပင် ငါတို့မပြောဘဲ နံနက်မိုးလင်းချိန်အထိစောင့်၍ တိတ်ဆိတ်နေမည်ဆိုလျှင် ငါတို့အပြစ် ဖြစ်တော့မည်။ ထို့ကြောင့် ယခု ငါတို့ ဘုရင့်နန်းတော်သို့သွား၍ ဤအကြောင်းကို သွားပြောကြစို့”ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
10သူတို့သွား၍ မြို့တံခါးစောင့်တို့အား အော်ခေါ်လျက် “ငါတို့သည် ဆီးရီးယားတပ်စခန်းသို့ ရောက်ခဲ့ပြီ။ တပ်စခန်းတွင် လူအရိပ်အယောင်မတွေ့၊ လူသံလည်း မကြားရ။ မြင်းများ၊ မြည်းများကို ချည်ထား၍ တဲများလည်း ဤအတိုင်း ရှိနေသည်ကို တွေ့ခဲ့ရပါ၏”ဟု သူတို့အား ပြောပြကြ၏။ 11တံခါးစောင့်တို့လည်း ဘုရင့်နန်းတော်သို့ အော်ဟစ်သတင်းပို့လေ၏။
12ရှင်ဘုရင်လည်း ညတွင်းချင်းထ၍ အမှုထမ်းတို့အား “ဆီးရီးယားလူမျိုးတို့ မည်သို့ကြံစည်နေသည်ကို သင်တို့အား ငါပြောပြမည်။ ငါတို့ငတ်ပြတ်နေသည်ကို သူတို့သိသဖြင့် တပ်စခန်းမှထွက်သွားပြီး တောထဲတွင် ပုန်းရှောင်နေကြ၏။ သူတို့က ‘အကယ်စင်စစ် မြို့သားတို့သည် မြို့ထဲမှထွက်လာကြလိမ့်မည်။ သူတို့ထွက်လာလျှင် ငါတို့က သူတို့ကို အရှင်ဖမ်းပြီး မြို့ထဲသို့ဝင်ကြမည်’ဟူ၍ သူတို့ကြံစည်ကြပြီ”ဟု မိန့်ဆို၏။ 13ထိုအခါ အမှုထမ်းတစ်ယောက်က “ယခု မြို့ထဲတွင် ကျန်နေသေးသောမြင်းငါးကောင်နှင့် လူအချို့တို့ကို စေလွှတ်တော်မူပါ။ သူတို့သည် မြို့ထဲ၌ကျန်ရစ်နေသောအစ္စရေးလူထုအပေါင်းနှင့် အတူတူပင်ဖြစ်၏။ သေသွားသောအစ္စရေးလူထုအပေါင်းနှင့်လည်းအတူတူပင်ဖြစ်သောကြောင့် သူတို့ကိုစေလွှတ်၍ သွားကြည့်ခွင့်ပြုတော်မူပါ”ဟု လျှောက်တင်လေ၏။
14ထို့ကြောင့် မြင်းရထားနှစ်စီးကိုယူပြီး ရှင်ဘုရင်က “သွားပြီးစူးစမ်းကြည့်ပါ”ဟု ဆိုလျက် ဆီးရီးယားစစ်သည်တို့နောက်သို့ လိုက်စေ၏။ 15သူတို့သည် ဂျော်ဒန်မြစ်တိုင်အောင် ဆီးရီးယားစစ်သည်တို့နောက်သို့ လိုက်ကြရာ ဆီးရီးယားစစ်သည်တို့ ပြေးရင်းပစ်ချထားခဲ့သော အဝတ်များ၊ လက်နက်ကိရိယာများ လမ်းတစ်လျှောက်လုံးပြည့်နှက်နေသည်ကို တွေ့ရလေ၏။ တမန်တို့သည်လည်း ရှင်ဘုရင်ထံသို့ပြန်လာ၍ သတင်းပို့ကြလျှင် 16လူတို့သည် ထွက်သွား၍ ဆီးရီးယားတပ်စခန်းကို သိမ်းယူကြလေ၏။ ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သူတို့သည် မုန့်ညက်တစ်စေအာ#7:16 “3 ပြည် သို့မဟုတ် 7.3 လီတာခန့်”။ကို တစ်ရှယ်ကယ်#7:16 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။၊ မုယောနှစ်စေအာ#7:16 “6 ပြည် သို့မဟုတ် 14.6 လီတာခန့်”။ကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလေ၏။ 17ရှင်ဘုရင်က မိမိလက်ရုံးဖြစ်သူတပ်မှူးအား တံခါးမှူးအဖြစ်ခန့်အပ်ရာ ထိုတပ်မှူးကို မြို့တံခါးဝတွင် လူတို့နင်းမိသဖြင့် သူသေသွားလေ၏။ ဘုရားသခင်၏လူထံ ရှင်ဘုရင်ကြွလာစဉ်က ဘုရားသခင်၏လူကြိုတင်ပြောဆိုခဲ့သည့်အတိုင်း ဖြစ်လာလေ၏။ 18ဤသို့ဖြင့် “မနက်ဖြန် ဤသို့သောအချိန်တွင် ရှမာရိမြို့တံခါး၌ မုန့်ညက်တစ်စေအာ#7:18 “3 ပြည် သို့မဟုတ် 7.3 လီတာခန့်”။ကို တစ်ရှယ်ကယ်#7:18 “0.75 ကျပ်သား သို့မဟုတ် 11.5 ဂရမ်”။၊ မုယောနှစ်စေအာ#7:18 “6 ပြည် သို့မဟုတ် 14.6 လီတာခန့်”။ကို တစ်ရှယ်ကယ်ဖြင့် ရောင်းကြလိမ့်မည်”ဟု ဘုရားသခင်၏လူက ရှင်ဘုရင်အား ဆင့်ဆိုခဲ့သည့်အတိုင်း ဖြစ်လာ၏။ 19ထိုစဉ်က တပ်မှူးသည် ဘုရားသခင်၏လူအား “ထာဝရဘုရားက မိုးကောင်းကင်ပြတင်းပေါက်များကို ဖွင့်ပေးမည်ဆိုလျှင်ပင် ဤသို့ဖြစ်နိုင်မည်လော”ဟု ဆိုလျှင် ဧလိရှဲက သူ့အား “သင်သည် ထိုအရာတို့ကို ကိုယ့်မျက်စိနှင့်မြင်ရုံမျှသာမြင်ရမည်။ စားရမည်မဟုတ်”ဟု ပြန်ပြောခဲ့၏။ 20ထိုသို့ ပြောခဲ့သည့်အတိုင်းလည်း ဖြစ်လာလေ၏။ ထိုတပ်မှူးသည်လည်း မြို့တံခါးဝ၌ လူတို့ သူ့ကိုနင်းမိသဖြင့် သူသေသွားလေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်စတုတ္ထစောင် 7: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative