YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 6

6
ပေါလောပေါ်လာသောပုဆိန်ခေါင်း
1ပရောဖက်​အဖွဲ့သား​တို့​က ဧလိရှဲ​အား “​ကြည့်​ပါ​။ ယခု အရှင်​နှင့်အတူ အကျွန်ုပ်​တို့​နေ​သော​နေရာ​သည် အကျွန်ုပ်​တို့​အတွက် အလွန်​ကျဥ်းကျပ်​ပါ​၏​။
2ယခု အကျွန်ုပ်​တို့​ဂျော်ဒန်​မြစ်​သို့​သွား​၍ တစ်​ယောက်​လျှင် သစ်လုံး​တစ်လုံးစီ​ယူ​ပြီး ထို​နေရာ​တွင် အကျွန်ုပ်​တို့​အတွက်​နေစရာ​ကို ဆောက်​ပါရစေ​”​ဟု ဆို​ကြ​လျှင် ဧလိရှဲ​က “​သွား​ပါ​”​ဟု ခွင့်ပြု​၏​။
3ပရောဖက်​တစ်​ပါး​က ဧလိရှဲ​အား “​အရှင့်​အစေအပါး​တို့​နှင့်အတူ လိုက်​ခဲ့​ပါ​”​ဟု တောင်းဆို​သဖြင့် “​ငါ​လိုက်​မည်​”​ဟု ဆို​၏​။
4ဤသို့ဖြင့် ဧလိရှဲ​သည် သူ​တို့​နှင့်အတူ လိုက်သွား​၏​။ ဂျော်ဒန်​မြစ်​သို့​ရောက်​သောအခါ သစ်​များ​ကို ခုတ်လှဲ​ကြ​၏​။ 5သူ​တို့​ထဲမှ​ပရောဖက်​တစ်​ပါး​က သစ်​ကို​ခုတ်​နေစဉ် သူ့​ပုဆိန်​ရေ​ထဲသို့​ကျသွား​သဖြင့် “​အလို​၊ အကျွန်ုပ်​၏​အရှင်​၊ ဤ​ပုဆိန်​မှာ ငှား​ခဲ့​သော​ပုဆိန် ဖြစ်​၏​”​ဟု အော်ဟစ်​လေ​၏​။
6ထိုအခါ ဘုရားသခင်​၏​လူ​က “​မည်သည့်​နေရာ​တွင် ကျသွား​သနည်း​”​ဟု မေး​လျှင် ထို​သူ​က နေရာ​ကို​ညွှန်ပြပေး​သဖြင့် ဧလိရှဲ​သည် တုတ်​တစ်​ချောင်း​ကို​ခုတ်​၍ ထို​နေရာ​တွင်​ပစ်ချ​လိုက်​ရာ ပုဆိန်​မှာ ပေါလောပေါ်​လာ​လေ​၏​။ 7ဧလိရှဲ​က​လည်း “​ဆယ်ယူ​လိုက်​ပါ​”​ဟု​ဆို​သဖြင့် ထို​သူ​သည် ပုဆိန်​ကို လက်​ဖြင့် လှမ်း​ယူ​လိုက်​လေ​၏​။
ဆီးရီးယားလူမျိုးတို့၏စစ်ပွဲ
8ဆီးရီးယား​ဘုရင်​သည် အစ္စရေး​ဘုရင်​နှင့် စစ်တိုက်​ရန် တစ်ဖန်​ချီလာ​၍ စခန်းချ​ရ​မည့်​နေရာ​ကို မိမိ​အမှုထမ်း​တို့​နှင့် တိုင်ပင်​ပြီး “​ဤ​နေရာ​၊ ဤ​နေရာ​တို့​တွင် စခန်းချ​မည်​”​ဟု မိန့်ဆို​၏​။
9ထိုအခါ ဘုရားသခင်​၏​လူ​က အစ္စရေး​ဘုရင်​ထံ လူ​လွှတ်​၍ “​ဤ​နေရာ​ကို ဖြတ်သွား​လျှင် သတိပြု​ပါ​။ ဆီးရီးယား​စစ်သည်​တို့ ဤ​နေရာ​သို့ ဆင်းလာ​ကြ​ပြီ​”​ဟု မှာလိုက်​၏​။ 10အစ္စရေး​ဘုရင်​လည်း ဘုရားသခင်​၏​လူ​သတိပေး​သော​နေရာ​သို့ မိမိ​လူ​တို့​ကို စေလွှတ်​၍​စူးစမ်း​စေ​၏​။ ဤနည်းဖြင့် ရန်သူ​ကို တစ်ကြိမ်​နှစ်ကြိမ်​မက ရှောင်​နိုင်​ခဲ့​၏​။
11ထိုသို့​ဖြစ်​သောကြောင့် ဆီးရီးယား​ဘုရင်​သည် သံသယစိတ်​ဝင်လာ​ကာ မိမိ​အမှုထမ်း​တို့​ကို​ဆင့်ခေါ်​ပြီးလျှင် “​ငါ​တို့​တွင် မည်သူ​သည် အစ္စရေး​ဘုရင်​၏​လူ ဖြစ်​သည်​ကို ငါ့​အား ပြော​ပါ​”​ဟု ဆို​၏​။
12ထိုအခါ အမှုထမ်း​တစ်​ဦး​က “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ မည်သူ​မျှ​မ​ရှိ​ပါ​။ အစ္စရေး​ပြည်​ရှိ ပရောဖက်​ဧလိရှဲ​က အရှင့်​အိပ်ခန်း​တွင်း​မှ​ပြော​သော​စကား​များ​ကို အစ္စရေး​ဘုရင်​အား ပြန်ပြောပြ​လေ့​ရှိ​ပါ​၏​”​ဟု လျှောက်တင်​၏​။
13ထိုအခါ ရှင်ဘုရင်​က “​သူ​ရှိ​မည့်​နေရာ​ကို သွား​၍​စုံစမ်း​ပါ​။ သူ့​ကို လူ​လွှတ်​ပြီး​ဖမ်း​မည်​”​ဟု မိန့်ဆို​၏​။ “ဒေါသန်​မြို့​၌​ရှိ​သည်​”​ဟု ရှင်ဘုရင် သတင်းရ​လျှင် 14ထို​မြို့​သို့ မြင်း​တပ်​၊ ရထား​တပ်​နှင့် စစ်သူရဲ​အမြောက်အမြား​ကို စေလွှတ်​၍ ညအချိန်​တွင် မြို့​ကို ဝိုင်းထား​ကြ​၏​။
15ဘုရားသခင့်​လူ​၏​ငယ်သား​တစ်ယောက်​က စောစောထ​၍​အပြင်ထွက်​ကြည့်​သောအခါ စစ်သည်​နှင့် မြင်း​များ​၊ ရထား​များ မြို့​ကို​ဝိုင်းရံ​ထား​သည်​ကို တွေ့​သဖြင့် ထို​ငယ်သား​က သူ့​သခင်​အား “​အို အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​တို့ မည်သို့​ပြု​ရ​ပါ​မည်နည်း​”​ဟု မေးလျှောက်​၏​။
16သူ့​သခင်​က​လည်း “​မ​ကြောက်ရွံ့​နှင့်​။ ငါ​တို့​နှင့်အတူ​ရှိ​သော​သူ​သည် သူ​တို့​၌​ရှိ​သော​လူ​ထက်​သာ၍​များ​၏​”​ဟု ပြန်ပြော​၏​။
17ထို့နောက် ဧလိရှဲ​က “​အို ထာဝရဘုရား​၊ သူ​၏​မျက်စိ​ကို​ဖွင့်ပေး​၍ သူ့​ကို​မြင်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လျှင် ထာဝရဘုရား​သည် ထို​ငယ်သား​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​သဖြင့် ဧလိရှဲ​ပတ်ပတ်လည်​တွင် မြင်း​နှင့်​က​သော​မီး​စစ်ရထား​များ တောင်​တစ်တောင်လုံး​ပြည့်​နေ​သည်​ကို တွေ့​ရ​လေ​၏​။
18ဆီးရီးယား​တပ်​တို့​ချီလာ​သောအခါ ဧလိရှဲ​က ထာဝရဘုရား​ထံ “​ဤ​လူ​တို့​ကို ဒဏ်ခတ်​တော်မူ​ပါ​။ မျက်စိကွယ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​၏​။ ဧလိရှဲ​ဆုတောင်း​သည့်​အတိုင်း ထာဝရဘုရား​သည် ထို​သူ​တို့​ကို ဒဏ်ခတ်​၍ မျက်စိကွယ်​စေ​တော်မူ​၏​။ 19ထိုအခါ ဧလိရှဲ​က သူ​တို့​အား “​ဤ​လမ်း​မ​ဟုတ်​ပါ​။ ဤ​မြို့​လည်း မ​ဟုတ်​ပါ​။ ငါ့​နောက်​လိုက်​ခဲ့​ကြ​။ သင်​တို့​ရှာ​နေ​သော​သူ​ထံ ငါ​ခေါ်သွား​ပေး​မည်​”​ဟု ဆို​ကာ သူ​တို့​ကို ရှမာရိ​မြို့​သို့ ခေါ်သွား​လေ​၏​။ 20ရှမာရိ​မြို့​သို့​ရောက်သွား​သောအခါ ဧလိရှဲ​က “​အို ထာဝရဘုရား​၊ သူ​တို့​ပြန်မြင်​ရ​ဖို့ သူ​တို့​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​ပါ​”​ဟု ဆုတောင်း​လျှင် ထာဝရဘုရား​က သူ​တို့​၏​မျက်စိ​ကို​ဖွင့်ပေး​တော်မူ​သဖြင့် သူ​တို့​သည် ရှမာရိ​မြို့​လယ်​သို့ ရောက်​နေ​သည်​ကို တွေ့​ရ​လေ​၏​။
21အစ္စရေး​ဘုရင်​သည် သူ​တို့​ကို​မြင်​သောအခါ ဧလိရှဲ​အား “​အို အကျွန်ုပ်​၏​အဖ​၊ သူ​တို့​ကို သတ်​ရ​ပါ​မည်လော​။ သတ်​ရ​ပါ​မည်လော​”​ဟု မေး​လျှင်
22ဧလိရှဲ​က “​မ​သတ်​ရ​ပါ​။ သင့်​ဓား​၊ သင့်​လေး​ဖြင့် တိုက်ခိုက်ဖမ်းမိ​သော​သူ​ကို သင်​သတ်​မည်လော​။ သူ​တို့​ကို အစာ​ရေစာ​ကျွေးမွေး​ပါ​။ သူ​တို့​စား​သောက်​ပြီးမှ သူ​တို့​သခင်​ထံ ပြန်သွား​စေ​ပါ​”​ဟု ပြန်ပြော​၏​။
23ထို့ကြောင့် ရှင်ဘုရင်​သည်​လည်း ထို​သူ​တို့​ကို စားသောက်ပွဲ​ကြီး​တည်ခင်း​ကျွေးမွေး​၍ သူ​တို့​စား​သောက်​ပြီးမှ သူ​တို့​ကို​ပြန်လွှတ်​လိုက်​သဖြင့် သူ​တို့​၏​သခင်​ထံသို့ ပြန်သွား​ကြ​လေ​၏​။ ထို့ကြောင့် ဆီးရီးယား​တပ်​သည် အစ္စရေး​မြေ​ပေါ်သို့ နောက်ထပ်​ဝင်ရောက်​ကျူးကျော်​ခြင်း မ​ရှိ​တော့​ချေ​။
24ထို​နောက်ပိုင်း​တွင် ဆီးရီးယား​ဘုရင် ဗင်္ဟာဒဒ်​မင်းကြီး​သည် သူ​၏​စစ်သည်​အပေါင်း​တို့​ကို​စုဆောင်း​ပြီး စစ်ချီလာ​၍ ရှမာရိ​မြို့​ကို ဝိုင်းထား​၏​။ 25ထိုသို့ မြို့​ကို​ဝိုင်း​ထား​ချိန်​ကြာ​လာ​သောအခါ ရှမာရိ​မြို့တွင်း​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကြီး ဆိုက်ရောက်​ပြီး မြည်း​ခေါင်း​တစ်​ခေါင်း​ကို ငွေစ​ရှစ်ဆယ်​ရှယ်ကယ်#6:25 “60 ကျပ်သား သို့မဟုတ် 920 ဂရမ်”။​၊ ခိုချေး​တစ်ကက်#6:25 တစ်ကက် = တစ်လီတာ။​၏​လေးပုံတစ်ပုံ​ကို ငွေစ​ငါး​ရှယ်ကယ်#6:25 “3.75 ကျပ်သား သို့မဟုတ် 58 ဂရမ်”။ ဖြစ်သွား​လေ​၏​။
26အစ္စရေး​ဘုရင်​သည် မြို့ရိုး​ပေါ်တွင်​ဖြတ်လျှောက်​စဉ် အမျိုးသမီး​တစ်​ဦး​က သူ့​အား “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အကျွန်ုပ်​ကို ကယ်​တော်မူ​ပါ​”​ဟု အော်ဟစ်​၏​။
27ထိုအခါ ရှင်ဘုရင်​က “​သင့်​ကို ထာဝရဘုရား​ကယ်​တော်​မ​မူ​လျှင် သင့်​ကို ငါ​မည်သို့​ကယ်​ရ​မည်နည်း​။ ကောက်နယ်တလင်း​မှ​လော​၊ သို့မဟုတ်လျှင် စပျစ်သီးနယ်ရာကျင်း​မှ​လော​”​ဟု ပြန်လည်​မိန့်ဆို​၏​။ 28ထို့ပြင် ရှင်ဘုရင်​က ထို​အမျိုးသမီး​အား “​ယခု သင် မည်သို့​ဖြစ်​သနည်း​”​ဟု မေး​လျှင် “​ဤ​အမျိုးသမီး​က အကျွန်ုပ်​အား ‘​ယနေ့ ငါ​တို့​စား​ဖို့ သင့်​သား​ကို​ပေး​ပါ​။ မနက်ဖြန် ငါ့​သား​ကို စား​ကြ​မည်​’​ဟု ဆို​ပါ​၏​။ 29ထို့ကြောင့် အကျွန်ုပ်​၏​သား​ကို ချက်ပြုတ်​၍​စား​ကြ​ပါ​၏​။ နောက်နေ့​ရောက်​သောအခါ အကျွန်ုပ်​က သူ့​အား ‘​ငါ​တို့​စား​ဖို့ သင့်​သား​ကို​ပေး​ပါ​’​ဟု​ဆို​လျှင် သူ​က သား​ကို​မ​ပေး​ဘဲ ဝှက်ထား​ပါ​၏​”​ဟု လျှောက်တင်​လေ​၏​။
30ထို​အမျိုးသမီး​၏​စကား​ကို ကြား​သောအခါ ရှင်ဘုရင်​သည် မိမိ​အဝတ်​ကို ဆွဲဆုတ်​ပစ်​၍ မြို့ရိုး​ပေါ်​လျှောက်သွား​တော်မူ​လျှင် ရှင်ဘုရင်​၏​ဝတ်လုံ​အောက် ကိုယ်​ပေါ်တွင် လျှော်တေအဝတ်​ဝတ်​ထား​သည်​ကို လူ​တို့​တွေ့မြင်​ရ​လေ​၏​။ 31ရှင်ဘုရင်​က “​ယနေ့ ရှာဖတ်​၏​သား ဧလိရှဲ​၏​ခေါင်း​သည် သူ့​ကိုယ်​နှင့်​တွဲ​နေ​သေး​လျှင် ဘုရားသခင်​သည် ငါ့​ကို ထိုထက်မက​ပြု​တော်မူ​ပါစေသော​”​ဟု မိန့်ဆို​လေ​၏​။
32ထို​အချိန်​၌ ဧလိရှဲ​သည် မိမိ​အိမ်​၌​ထိုင်​နေ​၏​။ သက်ကြီးဝါကြီး​တို့​လည်း သူ​နှင့်အတူ​ထိုင်​လျက်​ရှိ​၏​။ ရှင်ဘုရင်​က ဧလိရှဲ​ထံ ရှေ့တော်ပြေး​တစ်​ယောက်​ကို​စေလွှတ်​၏​။ သို့သော် ထို​တမန်​မ​ရောက်​မီ ဧလိရှဲ​က သက်ကြီးဝါကြီး​တို့​အား “​ဤ​လူသတ်သမား​၏​သား​သည် ငါ့​ခေါင်း​ကို​ဖြတ်​ဖို့ လူ​ကို​စေလွှတ်​သည်​ကို သင်​တို့ သိ​သလော​။ ထို​တမန်​ရောက်လာ​လျှင် တံခါး​ကို​ပိတ်​ထား​ပါ​။ တံခါး​ကို တွန်းထား​ကြ​ပါ​။ သူ့​နောက်၌ သူ့​သခင်​၏​ခြေသံ​ကပ်ပါလာ​သည် မ​ဟုတ်​လော​”​ဟု ဆို​၏​။
33ထိုသို့ သက်ကြီးဝါကြီး​တို့​အား ပြောဆို​နေစဉ် တမန်​သည် သူ​တို့​ထံ​ရောက်လာ​၍ ဧလိရှဲ​က “​ဤ​ကပ်ဘေး​သည် ထာဝရဘုရား​ထံ​တော်​မှ လာ​ခြင်း​ဖြစ်​၏​။ အဘယ်ကြောင့် ထာဝရဘုရား​ကို စောင့်​နေ​ရ​ဦး​မည်နည်း​”​ဟု ဆို​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်စတုတ္ထစောင် 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ