YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 5

5
နေမန်၏အနာကြီးရောဂါပျောက်ကင်းသွားခြင်း
1ဆီးရီးယား​ဘုရင်​၏​ဗိုလ်ချုပ်​နေမန်​သည် မိမိ​အရှင်​၏​ချီးမြှောက်​ခြင်း​၊ မျက်နှာသာပေး​ခြင်း​ကို ခံရ​သော​သူ​ဖြစ်​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် သူ့​အားဖြင့် ဆီးရီးယား​ပြည်​ကို အောင်ပွဲ​ရ​စေ​တော်မူ​၏​။ သူ​သည် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​ဖြစ်​သော်လည်း အနာကြီးရောဂါစွဲ​နေ​၏​။
2အစ္စရေး​ပြည်​ကို ဆီးရီးယား​လူမျိုး​တို့ ချီတက်​တိုက်ခိုက်​စဉ်က ဖမ်းဆီးခေါ်ဆောင်​လာ​ခဲ့​သော​မိန်းမငယ်လေး​တစ်​ယောက်​သည် နေမန်​၏​ဇနီး​ထံ၌ အစေခံ​ရ​၏​။ 3သူ​က မိမိ​သခင်မ​အား “​အကျွန်ုပ်​၏​သခင်​သည် ရှမာရိ​မြို့​ရှိ​ပရောဖက်​ထံသို့​သွား​လျှင် မည်မျှ​လောက်​ကောင်း​လိမ့်မည်​နည်း​။ သူ​သည် သခင်​၌​စွဲ​သော​အနာကြီးရောဂါ​ကို ပျောက်ကင်း​စေ​လိမ့်မည်​”​ဟု လျှောက်ဆို​၏​။
4ထို့ကြောင့် နေမန်​သည် မိမိ​အရှင်​ထံသို့​သွား​၍ “​အစ္စရေး​ပြည်​မှ​ခေါ်လာ​သော​မိန်းမငယ်လေး​က ဤသို့​ဤနှယ်​ဆို​ပါ​သည်​”​ဟု လျှောက်တင်​လျှင် 5ဆီးရီးယား​ဘုရင်​က​လည်း “​ယခုပင် သွား​ပါ​။ အစ္စရေး​ဘုရင်​ထံ စာပါး​လိုက်​မည်”​ဟု ဆို​သဖြင့် သူ​သည် ငွေ​တာလန်​တစ်ဆယ်#5:5 “221 ပိဿာ သို့မဟုတ် 340 ကီလိုဂရမ်”။​၊ ရွှေ​ရှယ်ကယ်​ခြောက်​ထောင်#5:5 “45 ပိဿာ သို့မဟုတ် 69 ကီလိုဂရမ်”။​နှင့် အဝတ်​ဆယ်​စုံ​ကို​ယူ​၍ ခရီးထွက်​သွား​လေ​၏​။ 6နေမန်​သည် အစ္စရေး​ဘုရင်​ထံ စာ​ကို​ယူသွား​ပေး​၏​။ စာ​ထဲတွင် “​ယခု ဤ​စာ​နှင့်အတူ အကျွန်ုပ်​၏​အမှုထမ်း​နေမန်​ကို သင့်​ထံ​စေလွှတ်​ပါ​၏​။ သူ​၏​အနာကြီးရောဂါ​ပျောက်ကင်း​အောင် ကုသ​ပေး​ပါ​”​ဟု ပါရှိ​၏​။
7အစ္စရေး​ဘုရင်​သည် ထို​စာ​ကို​ဖတ်​ပြီးလျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​ငါ​သည် အသက်​ကို သေ​စေ​နိုင်​၊ ရှင်​စေ​နိုင်​သော​ဘုရား​လော​။ အဘယ်ကြောင့် ဤ​ဘုရင်​သည် အနာကြီးရောဂါစွဲ​နေ​သော​သူ​ကို ငါ့​ထံ​ပို့​ပြီး​ပျောက်​အောင်​ကုသ​စေ​သနည်း​။ ယခု ကြည့်​ပါ​။ သူ​သည် ငါ့​ကို​ရန်ရှာ​ခြင်း​သာ​ဖြစ်​သည်​မှာ​သိသာ​၏​”​ဟု မိန့်ဆို​၏​။
8ထိုသို့ အစ္စရေး​ဘုရင်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​ကြောင်း ဘုရားသခင်​၏​လူ​ဧလိရှဲ​ကြား​လျှင် ရှင်ဘုရင်​ထံ​လူ​လွှတ်​၍ “​အဘယ်ကြောင့် ကိုယ့်​အဝတ်​ကို​ဆုတ်ဖြဲ​ရ​သနည်း​။ ထို​သူ​ကို အကျွန်ုပ်​ထံသို့ လွှတ်လိုက်​ပါ​။ အစ္စရေး​ပြည်​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​သိ​ရ​လိမ့်မည်​”​ဟု မှာလိုက်​၏​။ 9ထို့ကြောင့် နေမန်​သည် မိမိ​မြင်း​ရထား​ကို​စီးသွား​၍ ဧလိရှဲ​၏​အိမ်​တံခါးဝ​တွင် ရပ်​နေ​၏​။
10ဧလိရှဲ​က သူ့​ထံ​လူ​လွှတ်​၍ “​ဂျော်ဒန်​မြစ်​သို့​သွား​ပြီး ခုနစ်​ကြိမ်​ရေချိုး​ပါ​။ သို့ပြုလျှင် သင့်​အသားအရေ​သည် ပြန်ကောင်း​လာ​ပြီး စင်ကြယ်​သွား​လိမ့်မည်​”​ဟု မှာလိုက်​၏​။
11နေမန်​သည် အမျက်ထွက်​လျက် “​သူ​ကိုယ်တိုင်​ထွက်လာ​ပြီး မတ်တပ်ရပ်​လျက် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့်​ဆုတောင်း​ပေး​လိမ့်မည်​၊ အနာ​ကို​လက်​နှင့်​သပ်​ပေး​မည်​၊ ငါ့​အနာကြီးရောဂါ​ကို ပျောက်ကင်း​စေ​မည်​ဟု ငါ​ထင်​ခဲ့​၏​။ 12ဒမတ်စကပ်​မြို့​ရှိ​အာဗန​မြစ်ရေ​၊ ဖာဖာ​မြစ်ရေ​သည် အစ္စရေး​ပြည်​ရှိ​ရေ​အားလုံး​တို့​ထက် ပိုကောင်း​သည်​မ​ဟုတ်​လော​။ ငါ​သည် ထို​မြစ်ရေ​တို့​ကို ချိုး​ပြီး​မ​စင်ကြယ်​နိုင်​သလော​”​ဟု ဆို​ကာ ဒေါသတကြီး​နှင့် လှည့်ပြန်​သွား​လေ​၏​။
13ထိုအခါ သူ့​ငယ်သား​တို့​က သူ့​ထံသို့​လာ​ပြီး “​အကျွန်ုပ်​၏​အဖ​၊ ပရောဖက်​က ခက်ခဲ​သော​အရာ​ကို လုပ်​စေ​လျှင် လုပ်​မည်​မ​ဟုတ်​လော​။ ယခု ‘​ရေချိုး​လျှင် သန့်ရှင်း​သွား​မည်​’​ဟု ဆို​သည်​မှာ ပို၍ပင်​လုပ်​သင့်​သည်​မ​ဟုတ်​ပါ​လော​”​ဟု လျှောက်တင်​၏​။ 14ထို့ကြောင့် နေမန်​သည် ဘုရားသခင်​၏​လူ​ပြော​သော​စကား​အတိုင်း ဂျော်ဒန်​မြစ်​သို့​ဆင်းသွား​ပြီး ခုနစ်​ကြိမ်​ရေနှစ်​လိုက်​သောအခါ သူ့​အသားအရေ​သည် သူငယ်​အသားအရေ​ကဲ့သို့​ဖြစ်​ပြီး စင်ကြယ်​သွား​လေ​၏​။
15သူ​သည် နောက်လိုက်ဗိုလ်ပါ​အပေါင်း​တို့​နှင့်တကွ ဘုရားသခင်​၏​လူ​ထံ​ပြန်လာ​ပြီး သူ့​ရှေ့​တွင် သွား​ရပ်​လျက် “​အစ္စရေး​ပြည်​မှလွဲ၍ မြေ​တစ်ပြင်လုံး​တွင် ဘုရားသခင် မ​ရှိ​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​ပြီ​။ ယခု အရှင့်​အစေအပါး​၏​လက်ဆောင်​ကို လက်ခံ​ပါ​လော့​”​ဟု ဆို​၏​။
16ဧလိရှဲ​က “​ငါ​ကိုးကွယ်​သော​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​လက်ဆောင်​ကို ငါ​လက်​မ​ခံ​”​ဟု ဆို​၏​။ လက်ဆောင်​ကို​လက်ခံ​ရန် နေမန်​တိုက်တွန်း​သော်လည်း သူ​ငြင်းဆို​၏​။
17ထိုအခါ နေမန်​က “​သို့ပြုလျှင် အရှင့်​အစေအပါး​အား လား​နှစ်​စီး​တင်​နိုင်​သော​မြေ​ကို ပေး​ပါ​။ အရှင့်​အစေအပါး​သည် ထာဝရဘုရား​မှတစ်ပါး အခြား​သော​ဘုရား​များ​ထံ မီးရှို့ရာယဇ်​နှင့်​ပူဇော်သက္ကာ​ကို ပူဇော်​တော့​မည်​မ​ဟုတ်​ပါ​။ 18ထာဝရဘုရား​၏​အစေအပါး​ပြု​သော ဤ​အမှု​အတွက် ခွင့်လွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​သခင်​သည် ရိမ္မုန်​ဝတ်ကျောင်း​သို့​သွား​၍ ပျပ်ဝပ်ကိုးကွယ်​သောအခါ သူ​သည် အကျွန်ုပ်​၏​လက်​ကို​မှီ​သဖြင့် အကျွန်ုပ်​သည်​လည်း ရိမ္မုန်​ဝတ်ကျောင်း​၌ ပျပ်ဝပ်​ရ​ပါ​၏​။ ရိမ္မုန်​ဝတ်ကျောင်း​၌ အကျွန်ုပ်​ပျပ်ဝပ်​သော​အမှု​အတွက် ထာဝရဘုရား​သည် အရှင့်​အစေအပါး​ကို ခွင့်လွှတ်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။
ဂေဟာဇိ၏လောဘကြောင့်အပြစ်ပေးခံရခြင်း
19ဧလိရှဲ​က​လည်း “​အေးအေးချမ်းချမ်း​ပြန်​ပါ​လော့​”​ဟု​ဆို​သဖြင့် သူ​သည်​ပြန်သွား​၍ ခပ်လှမ်းလှမ်း​သို့​ရောက်သွား​သောအခါ 20ဘုရားသခင်​၏​လူ​ဧလိရှဲ​၏​ငယ်သား ဂေဟာဇိ​က “​ငါ့​သခင်​သည် ဤ​ဆီးရီးယား​လူမျိုး​နေမန် ယူဆောင်​လာ​သော​လက်ဆောင်​တို့​ကို မ​ယူ​ဘဲ လက်လွှတ်​လိုက်​ပြီ​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ ငါ​သည် သူ့​နောက်သို့​ပြေးလိုက်​ပြီး သူ့​ထံ​မှ​တစ်စုံတစ်ခု​ကို​တောင်းယူ​မည်​”​ဟု တွေး​၏​။
21ထို့ကြောင့် ဂေဟာဇိ​သည် နေမန်​နောက်သို့ လိုက်​လေ​၏​။ နေမန်​က​လည်း သူ့​နောက်သို့ တစ်စုံတစ်ယောက်​ပြေးလာ​နေ​သည်​ကို မြင်​လျှင် ရထား​ပေါ်​မှ​ဆင်းလာ​ပြီး သူ​နှင့်​တွေ့​၍ “​အဆင်ပြေ​ပါ​၏​လော​”​ဟု မေး​၏​။
22သူ​က​လည်း “​အဆင်ပြေ​ပါ​၏​။ အကျွန်ုပ်​သခင်​က ‘​ယခုလေးပင် ဧဖရိမ်​တောင်ပေါ်ဒေသ​မှ ပရောဖက်​အဖွဲ့သား​လူငယ်​နှစ်​ဦး ငါ့​ထံသို့​ရောက်လာ​သဖြင့် သူ​တို့​အဖို့ ငွေ​တစ်​တာလန်#5:22 “22 ပိဿာ သို့မဟုတ် 34 ကီလိုဂရမ်”။​နှင့် အဝတ်​နှစ်​စုံ ပေး​ပါ​လော့​’​ဟု မှာလိုက်​ပါ​၏​”​ဟု ဆို​၏​။
23နေမန်​က​လည်း “​ငွေ​ကို​မူ နှစ်​တာလန်#5:23 “44 ပိဿာ သို့မဟုတ် 68 ကီလိုဂရမ်”။​ယူ​ပါ​။ မငြင်း​ပါ​နှင့်​”​ဟု တိုက်တွန်း​၍ ငွေ​နှစ်​တာလန်​နှင့် အဝတ်​နှစ်​စုံ​ကို အိတ်​နှစ်​လုံး​ထဲ​ထည့်ချည်​ပြီး ငယ်သား​နှစ်​ဦး​ထံသို့​အပ်​၍ ဂေဟာဇိ​ရှေ့​မှ ထမ်းသွား​စေ​၏​။ 24တောင်ကုန်း​ပေါ်သို့​ရောက်​သောအခါ ဂေဟာဇိ​က ငယ်သား​တို့​ထံမှ​ပစ္စည်း​တို့​ကို​ယူ​ပြီး အိမ်​ထဲတွင်​သိမ်းထား​ကာ သူ​တို့​ကို ပြန်လွှတ်​လိုက်​သဖြင့် သူ​တို့​လည်း ပြန်သွား​ကြ​၏​။
25ထို့နောက် သူ​သည် မိမိ​သခင်​ထံ​ဝင်​၍​ရှေ့​တွင် ရပ်​နေ​၏​။ ဧလိရှဲ​က သူ့​အား “​ဂေဟာဇိ​၊ အဘယ်​အရပ်​က ပြန်လာ​သနည်း​”​ဟု မေး​လျှင် သူ​က “​အရှင့်​အစေအပါး​သည် မည်သည့်​နေရာ​မှ မ​သွား​ပါ​”​ဟု ပြန်ဖြေ​၏​။
26ဧလိရှဲ​က သူ့​အား “​ထို​လူ​သည် ရထား​ပေါ်​မှ​ဆင်းလာ​ပြီး သင်​နှင့်​တွေ့​သည့်​နေရာ​သို့ ငါ့​ဝိညာဉ်​သည် ရောက်​နေ​သည်​ကို သင်​မ​သိ​သလော​။ ယခု​အချိန်​သည် ငွေ​ကို​လက်ခံ​ရ​မည့်​အချိန်​လော​။ အဝတ်အစား​၊ သံလွင်ခြံ​၊ စပျစ်ခြံ​၊ သိုး​နွား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​တို့​ကို လက်ခံ​ရ​မည့်​အချိန်​လော​။ 27သို့ဖြစ်၍ နေမန်​၌​စွဲ​သော​အနာကြီးရောဂါ​သည် သင်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​၌ အမြဲ​စွဲကပ်​နေ​လိမ့်မည်​”​ဟု ဆို​၏​။ ဂေဟာဇိ​လည်း အနာကြီးရောဂါစွဲကပ်​ပြီး နှင်းပွင့်​ကဲ့သို့​ဖြစ်​၍ ဧလိရှဲ​ထံမှ ထွက်သွား​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်စတုတ္ထစောင် 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ