YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 9

9
ပေးလှူခြင်းအတွက်နှိုးဆော်မှုများ
1သန့်ရှင်း​သူ​တို့​ကို​ထောက်ပံ့​ခြင်း​အမှု​နှင့်​ပတ်သက်၍ ငါ​သည် သင်​တို့​ထံသို့ အထူး​ရေးသား​ရန်​မ​လို​အပ်​ပေ။ 2အကြောင်းမူကား သင်​တို့​၏​စေတနာ​စိတ်​ကို ငါ​သိ​၏။ ထို​စေတနာ​စိတ်​အတွက် ငါ​သည် မာကေဒေါနိ​ပြည်သား​တို့​အား “အခါယ​ပြည်​သည် လွန်ခဲ့​သော​နှစ်​ကတည်းက​ပင် အသင့်​ပြင်ဆင်​ထား​ပြီ”​ဟု သင်​တို့​အကြောင်း​ကို​ဝါကြွား​ထား​၏။ ထိုအခါ သင်​တို့​၏​စိတ်အား​ထက်သန်​မှု​သည် များစွာ​သော​သူ​တို့​ကို နှိုးဆော်​ပေး​၏။ 3ထို့ကြောင့် ဤ​ထောက်ပံ့​ခြင်း​အမှု​နှင့်​ပတ်သက်၍ သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည် အချည်းနှီး​မ​ဖြစ်​ဘဲ ငါ​ပြော​ထား​သည့်​အတိုင်း သင်​တို့​သည် အသင့်​ပြင်ဆင်​ထား​ကြ​မည့်​အကြောင်း ညီအစ်ကို​များ​ကို ငါ​စေလွှတ်​၏။ 4သို့မဟုတ်​လျှင် မာကေဒေါနိ​ပြည်သား​တို့​သည် ငါ​နှင့်အတူ​လိုက်လာ​၍ သင်​တို့​သည် အသင့်​ပြင်ဆင်​ထား​ခြင်း​မ​ရှိ​ကြောင်း တွေ့ရှိ​ပါက သင်​တို့​ကို​မ​ဆို​ထား​နှင့် ဤ​အမှု​၌ သင်​တို့​ကို​စိတ်ချ​ယုံကြည်​ထား​သော​ငါ​တို့​ပါ အရှက်ရ​ကြ​လိမ့်မည်။ 5ထို့ကြောင့် သင်​တို့​ပေးလှူ​သော​အရာ​သည် အတင်း​ကောက်ခံ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ရက်ရော​စွာ​ပေးလှူ​သော​အရာ​အဖြစ် အသင့်​ရှိ​မည့်အကြောင်း ငါ​သည် ညီအစ်ကို​များ​ကို သင်​တို့​ထံသို့ ဦးစွာ​လာ​ရန် တိုက်တွန်း​၍ ယခင်​ကတည်းက သင်​တို့​ကတိ​ပေး​ထား​သည့် ရက်ရော​စွာ​ပေးလှူ​သော​အရာ​ကို သင်​တို့​အား​ကြိုတင်​ပြင်ဆင်​ထား​စေရန် လိုအပ်​သည်​ဟု ယူဆ​၏။
6ငါ​သည် ဤသို့​ဆိုလို​၏။ အနည်းငယ်​သာ​မျိုးကြဲ​သော​သူ​သည် အနည်းငယ်​သာ​ရိတ်သိမ်း​ရ​မည်။ များစွာ​မျိုးကြဲ​သော​သူ​သည် များစွာ​ရိတ်သိမ်း​ရ​မည်။ 7လူ​တစ်ဦးစီ​သည် နှမြော​သော​စိတ်​ဖြင့်​မ​ဟုတ်။ မလွှဲမရှောင်​သာ​သော​အားဖြင့်​လည်း​မ​ဟုတ်​ဘဲ မိမိ​၏​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​သည့်​အတိုင်း ပေးလှူ​သင့်​၏။ အကြောင်းမူကား ဘုရားသခင်​သည် ကြည်ဖြူ​သော​စိတ်​ဖြင့်​ပေးလှူ​သော​သူ​ကို နှစ်သက်​တော်မူ​၏။ 8သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။ 9ဤသည်ကား “သူ​သည်​စွန့်ကြဲ​၍ ဆင်းရဲ​သော​သူ​တို့​အား ပေးကမ်း​၏။ သူ​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝစဉ်​တည်​၏”#ဆာ 112:9။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
10မျိုးကြဲ​သော​သူ​အား မျိုးစေ့​ကို​ပေး​၍ အစာ​အတွက် မုန့်​ကို​ပေး​တော်မူ​သော​အရှင်​သည် သင်​တို့​၏​မျိုးစေ့​ကို​လည်း ပြင်ဆင်​ပေး​၍ ပွားများ​စေ​ကာ သင်​တို့​၏​ဖြောင့်မတ်​ခြင်း​ဆိုင်ရာ အသီးအပွင့်​တို့​ကို တိုးပွား​စေ​တော်မူ​လိမ့်မည်။ 11ထိုအခါ သင်​တို့​သည် ရက်ရော​စွာ​ပေးကမ်း​ခြင်း​အလုံးစုံ​တို့​အတွက် အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​သဖြင့် ထို​အမှုအရာ​သည် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​ဖြစ်စေ​၏။ 12အဘယ်ကြောင့်​ဆိုသော် ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​သည် သန့်ရှင်း​သူ​တို့​လိုအပ်သည့်​အရာ​များ​ကို ဖြည့်ဆည်း​ပေး​သည်​သာမက ဘုရားသခင်​၏​ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​လည်း များစွာ​တိုးပွား​စေ​၏။ 13သူ​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို ဝန်ခံ​ခြင်း​အားဖြင့်​ဖြစ်လာ​သည့် သင်​တို့​၏​နာခံ​မှု​ကို​လည်းကောင်း၊ သူ​တို့​မှစ၍ လူ​အပေါင်း​တို့​အား သင်​တို့​ရက်ရော​စွာ​ပေးကမ်း​ဝေမျှ​သော​အမှု​ကို​လည်းကောင်း ထောက်၍ ဤ​ကူညီ​ထောက်မ​ခြင်း​အမှု​၌ ထင်ရှား​သော​သက်သေ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​လိမ့်မည်။ 14ထို့ပြင် သင်​တို့​အပေါ်​သက်ရောက်​သည့် ဘုရားသခင်​၏​ထူးကဲ​သော​ကျေးဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်းဆွတ်​လျက် သင်​တို့​အတွက် ဆုတောင်း​ပေး​ကြ​လိမ့်မည်။ 15ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်တော်​၏​ကောင်းချီး​လက်ဆောင်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ပါ​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ