YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 8

8
အလှူခံခြင်းကိုပြီးပြည့်စုံစေရန် နှိုးဆော်ခြင်း
1ညီအစ်ကို​တို့၊ မာကေဒေါနိ​ပြည်​ရှိ​အသင်းတော်​များ​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အကြောင်း​ကို သင်​တို့​အား ငါ​တို့​ပြောပြ​လို​ပါ​၏။ 2သူ​တို့​သည် ဆင်းရဲ​ဒုက္ခ​ကြောင့် ပြင်းထန်​သော​စမ်းသပ်​ခြင်း​ကို​ခံခဲ့​ရ​သော်လည်း သူ​တို့​၏​ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် အလွန်​ဆင်းရဲ​တွင်း​နက်​ခြင်း​တို့​သည် သူ​တို့​၏​ရက်ရော​စွာ​ပေးကမ်း​ခြင်း​တည်းဟူသော စည်းစိမ်​အဖြစ်​သို့ ရောက်​လေ​၏။ 3ငါ​သက်သေခံ​သည်​ကား သူ​တို့​သည် မိမိ​တို့​စိတ်​ဆန္ဒ​အလျောက် တတ်နိုင်​သည့်​အတိုင်း​သာမက တတ်နိုင်​သည်​ထက် ပို၍​ပေးကမ်း​လျက် 4သန့်ရှင်း​သူ​တို့​အား ဝေမျှ​ခြင်း​အမှု​၌ ပါဝင်​ရ​သော​ကျေးဇူး​တော်​ကို​ခံစား​ရ​ရန် ငါ​တို့​ကို အနူးအညွတ်​မေတ္တာရပ်ခံ​၍ တောင်းပန်​ကြ​၏။ 5သူ​တို့​သည် ငါ​တို့​မျှော်လင့်​ထား​သည့်​အတိုင်း​ထက်​မက​ပြု​လျက် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ မိမိတို့ကိုယ်ကို သခင်​ဘုရား​ထံ​တော်​သို့ ဦးစွာ​ဆက်ကပ်​ပြီးနောက် ငါ​တို့​ထံသို့​လည်း ဆက်ကပ်​ကြ​၏။ 6ထို့ကြောင့် တိတု​သည် ထို​ကျေးဇူးပြု​ခြင်း​အမှု​ကို သင်​တို့​တွင်​အစပြု​ခဲ့​သကဲ့သို့ ပြီးပြည့်စုံ​သည့်​တိုင်အောင်​ပြု​မည့်​အကြောင်း သူ့​ကို ငါ​တို့​တိုက်တွန်း​ကြ​၏။ 7သင်​တို့​သည် ယုံကြည်​ခြင်း​၌​ဖြစ်စေ၊ ဟောပြော​ခြင်း​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ လုံ့လ​ဝီရိယ​ရှိသမျှ​၌​ဖြစ်စေ၊ ငါ​တို့​အပေါ်​ထား​ရှိ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​၌​ဖြစ်စေ အရာရာ​၌ ကြွယ်ဝ​ပြည့်စုံ​ကြ​သည့်​နည်းတူ ဤ​ကျေးဇူးပြု​ခြင်း​အမှု​၌​လည်း ကြွယ်ဝ​ပြည့်စုံ​ကြ​ပါ​စေ။
8ထိုသို့ဆိုသော် ပညတ်ချက်​အနေဖြင့် ငါ​ဆို​သည်​မ​ဟုတ်။ အခြား​သူ​တို့​၏​စိတ်အား​ထက်သန်​မှု​အားဖြင့် သင်​တို့​ချစ်​ခြင်း​မေတ္တာ​၏​စစ်မှန်​မှု​ကို စစ်ဆေး​နေ​ခြင်း​သာ​ဖြစ်​၏။ 9အကြောင်းမူကား သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်တော်​သည် ကြွယ်ဝ​သော်လည်း သူ​၏​ဆင်းရဲ​ခြင်း​အားဖြင့် သင်​တို့​ကြွယ်ဝ​ကြ​မည့်​အကြောင်း သင်​တို့​အတွက် ဆင်းရဲ​ခြင်း​ကို​ခံ​တော်မူ​၏။
10ဤ​ကျေးဇူးပြု​ခြင်း​အမှု​နှင့်​ပတ်သက်၍ အကြံ​တစ်​ခု​ကို ငါ​ပေး​မည်။ ဤ​အကြံ​ကား လွန်ခဲ့​သော​နှစ်​ကတည်းက ဤ​အမှု​ကို အစပြု​ခဲ့​သည်​သာမက ပြုလုပ်​ရန်​လည်း ဆန္ဒ​ရှိ​ကြ​သော​သင်​တို့​အတွက် အကျိုး​ရှိ​၏။ 11သင်​တို့​သည် ဆောင်ရွက်​လို​သည့်​စေတနာ​စိတ်​ရှိ​သည့်​အတိုင်း ရှိ​သည့်​အရာ​ဖြင့် ပြီးစီး​အောင်​ဆောင်ရွက်​နိုင်​ရန် ယခု ထို​အမှု​ကို​ပြီးစီး​အောင် ဆောင်ရွက်​ကြ​လော့။ 12အကြောင်းမူကား စေတနာ​စိတ်​ရှိ​လျှင် မ​ရှိ​သည့်​အရာ​ကို​မ​ထောက်​ဘဲ ရှိ​သည့်​အရာ​ကို​ထောက်​၍ နှစ်သက်​လက်ခံ​တော်မူ​၏။ 13ဤ​အမှုအရာ​အားဖြင့် အခြား​သူ​တို့​ကို​သက်သာ​စေ​၍ သင်​တို့​ကို​ဒုက္ခ​ရောက်​စေရန်​မ​ဟုတ်။ ညီတူညီမျှ​ဖြစ်​စေရန်​သာ​ဖြစ်​၏။ 14ယခု​အချိန်​တွင် သင်​တို့​၏​ကြွယ်ဝ​မှု​သည် သူ​တို့​၏​လိုအပ်​မှု​ကို ဖြည့်ဆည်း​ပေး​လျှင် သူ​တို့​၏​ကြွယ်ဝ​မှု​သည်​လည်း သင်​တို့​၏​လိုအပ်​မှု​ကို ဖြည့်ဆည်း​ပေး​ကြ​လိမ့်မည်။ 15ထိုအခါ “များများ​ရ​သော​သူ​လည်း​မ​ပို နည်းနည်း​ရ​သော​သူ​လည်း​မ​လို”#ထွ 16:18။​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း ညီတူညီမျှ​ဖြစ်​လိမ့်မည်။
အလှူခံခြင်းအပေါ် စီမံအုပ်ချုပ်မှု
16သင်​တို့​အပေါ် ငါ​ထားရှိ​သော စိတ်အား​ထက်သန်​မှု​မျိုး​ကို တိတု​၏​စိတ်နှလုံး​ထဲ၌ ထည့်သွင်း​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။ 17တိတု​သည် ငါ​တို့​၏​တိုက်တွန်း​မှု​ကို​လက်ခံ​သည်​သာမက အလွန်​ထက်သန်​သော​စိတ်​ရှိ​၍ မိမိ​စိတ်​ဆန္ဒ​အလျောက် သင်​တို့​ထံသို့​လာ​၏။ 18တိတု​နှင့်အတူ ညီအစ်ကို​တစ်​ဦး​ကို ငါ​တို့​စေလွှတ်​လိုက်​ပါ​၏။ သူ​သည် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရာ​တွင် အသင်းတော်​တိုင်း​၌ ချီးမွမ်း​ခြင်း​ခံရ​သူ​ဖြစ်​သည်​သာမက 19သခင်​ဘုရား​ကိုယ်တော်တိုင်​၏​ဘုန်း​တော်​နှင့် ငါ​တို့​၏​စေတနာ​စိတ်​တို့​ကို​ထင်ရှား​စေရန် ငါ​တို့​ပြုစု​နေ​သော ဤ​ကျေးဇူးပြု​ခြင်း​အမှု​၌ ငါ​တို့​နှင့်အတူ​လိုက်ပါ​ရန် အသင်းတော်​များ​ထံမှ ခန့်ထား​ခြင်း​ခံရ​သူ​လည်း​ဖြစ်​၏။ 20ငါ​တို့​ပြုစု​နေ​သည့် ဤ​ရက်ရော​စွာ​ပေးလှူ​ခြင်း​အမှု​နှင့်​ပတ်သက်၍ မည်သူမျှ ငါ​တို့​ကို ပြစ်တင်​ဝေဖန်​ခြင်း​မ​ပြု​နိုင်​ရန် ငါ​တို့​သတိပြု​ကြ​၏။ 21အကြောင်းမူကား ငါ​တို့​သည် သခင်​ဘုရား​ရှေ့​တော်​၌​သာမက လူ​တို့​ရှေ့​၌​လည်း တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​၏။ 22ထို​သူ​တို့​နှင့်အတူ ငါ​တို့​၏​အခြား​ညီအစ်ကို​တစ်​ဦး​ကို​လည်း စေလွှတ်​လိုက်​ပါ​၏။ ငါ​တို့​သည် သူ့​ကို အကြိမ်ကြိမ်​စစ်ဆေး​ပြီး သူ​သည် အကြောင်း​ကိစ္စ​များစွာ​တို့​၌ စိတ်အား​ထက်သန်​သူ​ဖြစ်​ကြောင်း တွေ့ရှိ​ရ​၏။ သူ​သည် သင်​တို့​အပေါ် ယုံကြည်​စိတ်ချ​မှု​အပြည့်အဝ​ရှိ​သောကြောင့် ယခု ပို၍​ပင်​စိတ်အား​ထက်သန်​လျက်​ရှိ​၏။ 23တိတု​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​သည် ငါ​၏​အပေါင်းအဖော်​ဖြစ်​ပြီး သင်​တို့​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​၏။ ငါ​တို့​၏​အခြား​ညီအစ်ကို​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် သူ​တို့​သည် ခရစ်တော်​၏​ဘုန်း​အသရေ​တည်းဟူသော အသင်းတော်​များ​၏​စေတမန်​ဖြစ်​ကြ​၏။ 24ထို့ကြောင့် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​နှင့် သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​တို့​ကို အသင်းတော်​များ​ရှေ့မှောက်​၌ သူ​တို့​အား​သက်သေ​ပြ​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။