YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 7

7
1ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၌ ဤသို့​သော ကတိ​တော်​များ​ရှိ​ကြ​သောကြောင့် ကိုယ်ကာယ​နှင့်​စိတ်​ဝိညာဉ်​တို့​၏​အညစ်အကြေး​ရှိသမျှ​တို့​မှ မိမိတို့ကိုယ်ကို​စင်ကြယ်​စေ​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မြင့်မြတ်​သန့်ရှင်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​ကုန်စို့။
ဝမ်းမြောက်ခြင်းနှင့်နောင်တ
2ငါ​တို့​ကို​လက်ခံ​ကြ​လော့။ ငါ​တို့​သည် မည်သူ့​ကို​မျှ မ​ပြစ်မှား​ခဲ့​ကြ။ မည်သူ့​ကို​မျှ မ​ဖျက်ဆီး​ခဲ့​ကြ။ မည်သူ့​အပေါ်၌​မျှ အမြတ်​မ​ထုတ်​ခဲ့​ကြ။ 3သင်​တို့​အား အပြစ်တင်​လို​၍ ဤသို့ ငါ​ပြော​သည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း သင်​တို့​သည် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သေ​အတူ​ရှင်​မ​ကွာ​ရှိ​နေ​ကြ​၏။ 4ငါ​သည် သင်​တို့​ကို အလွန်​ယုံကြည်​စိတ်ချ​၍ သင်​တို့​အတွက် များစွာ​ဂုဏ်ယူ​၏။ ငါ​သည် နှစ်သိမ့်​မှု​ကို အပြည့်အဝ​ခံစား​ရ​၍ ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အပေါင်း​တို့​၌ ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​လျက်​ရှိ​၏။
5မာကေဒေါနိ​ပြည်​သို့ ငါ​တို့​ရောက်​သောအခါ ငါ​တို့​၏​ကိုယ်ကာယ​သည် နား​နေ​ရန်​အခွင့်​မ​ရ​ဘဲ အပြင်​၌​တိုက်ခိုက်​ခြင်း​များ၊ အတွင်း​၌​ကြောက်ရွံ့​ခြင်း​များ​ရှိ​၍ အဘက်ဘက်​မှ​နှိပ်စက်​ခြင်း​ကို​ခံရ​ကြ​၏။ 6သို့သော် အားငယ်​သော​သူ​တို့​ကို​နှစ်သိမ့်​တော်မူ​သော​ဘုရားသခင်​သည် တိတု​ရောက်ရှိ​လာ​ခြင်း​အားဖြင့် ငါ​တို့​ကို​နှစ်သိမ့်​ပေး​တော်မူ​၏။ 7တိတု​ရောက်ရှိ​လာ​ခြင်း​အားဖြင့်​သာ​မက သင်​တို့​ထံမှ တိတု​ခံစား​ရ​သော​နှစ်သိမ့်မှု​အားဖြင့်​လည်း ငါ​တို့​ကို နှစ်သိမ့်​ပေး​တော်မူ​၏။ တစ်နည်းဆိုသော် သင်​တို့​သည် ငါ့​ကို​လွမ်းဆွတ်​နေ​ကြောင်း၊ အလွန်​ဝမ်းနည်း​နေ​ကြောင်း​နှင့် ငါ့​အပေါ်​စေတနာ​စိတ်​ထက်သန်​လျက်​ရှိ​ကြောင်း​ကို ငါ​တို့​အား တိတု​ပြောပြ​သောကြောင့် ငါ​သည် ပို၍​ဝမ်းမြောက်​၏။
8ငါ​ရေး​လိုက်​သော​စာ​အားဖြင့် သင်​တို့​ကို ဝမ်းနည်း​စေ​ခဲ့​သော်လည်း ငါ​သည် စိတ်မကောင်း​မ​ဖြစ်​ပေ။ ထို​စာ​သည် သင်​တို့​ကို ခေတ္တ​ခဏ​ဝမ်းနည်း​စေ​ခဲ့​သည်​ကို ငါ​မြင်​၍ စိတ်မကောင်း​ဖြစ်​ခဲ့​လျှင်ပင် 9ယခု ငါ​ဝမ်းမြောက်​လျက်​ရှိ​၏။ ထိုသို့ဆိုသော် သင်​တို့​ကို​ဝမ်းနည်း​စေ​ခဲ့​သောကြောင့် ငါ​ဝမ်းမြောက်​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်းနည်း​ခြင်း​သည် သင်​တို့​ကို နောင်တရ​စေ​သောကြောင့်​သာ​ဖြစ်​၏။ အမှန်စင်စစ် သင်​တို့​သည် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဝမ်းနည်း​ကြ​ရ​သည်​ဖြစ်၍ ငါ​တို့​ကြောင့် မည်သည့်​ဆုံးရှုံး​မှု​ကို​မျှ မ​ခံစား​ရ​ချေ။ 10အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​နှင့်​ညီ​သော ဝမ်းနည်း​ခြင်း​သည် ယူကျုံးမရ​မ​ဖြစ်​ရ​လေ​အောင် ကယ်တင်​ခြင်း​ရရှိ​စေ​သည့် နောင်တ​စိတ်​ကို​ဖြစ်ပေါ်​စေ​၏။ လောကီ​ဝမ်းနည်း​ခြင်း​မူကား သေ​ခြင်း​ကို​ဖြစ်ပေါ်​စေ​၏။ 11ကြည့်​ကြ​လော့။ ဘုရားသခင်​၏​အလို​တော်​နှင့်​ညီ​သော ဤ​ဝမ်းနည်း​ခြင်း​သည် သင်​တို့​အထဲတွင် မည်သို့​သော ကြိုးစား​အားထုတ်​ခြင်း၊ ဖြေရှင်း​ချက်​ပေး​ခြင်း၊ မခံမရပ်​နိုင်​ဖြစ်​ခြင်း၊ ကြောက်ရွံ့​ခြင်း၊ အလွန်​တောင့်တ​ခြင်း၊ စိတ်အား​ထက်သန်​ခြင်း​နှင့် တရား​သဖြင့်​စီရင်​ခြင်း​တို့​ကို ဖြစ်ပေါ်​စေ​ခဲ့​သနည်း။ သင်​တို့​သည် ဤ​အမှု​၌​အပြစ်​ကင်းစင်​ကြောင်း သင်​တို့​ကိုယ်တိုင် အရာရာ​၌​ထင်ရှား​စေ​ကြ​ပြီ။ 12သို့ဖြစ်၍ ငါ​သည် သင်​တို့​ထံသို့​ရေးသား​ခဲ့​ခြင်း​မှာ ပြစ်မှား​သော​သူ​အတွက်​ကြောင့်​မ​ဟုတ်။ ပြစ်မှား​ခြင်း​ခံရ​သော​သူ​အတွက်​ကြောင့်​လည်း​မ​ဟုတ်။ ငါ​တို့​အပေါ်​ထားရှိ​သော သင်​တို့​၏​စိတ်အား​ထက်သန်​မှု​ကို ဘုရားသခင်​ရှေ့​တော်​၌ သင်​တို့​ကိုယ်တိုင်​တွေ့မြင်​ကြ​စေရန်​အတွက်​သာ​ဖြစ်​၏။
13ထို့ကြောင့် ငါ​တို့​သည် နှစ်သိမ့်​မှု​ကို​ခံစားရ​ကြ​၏။ ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​မှု​အပြင် တိတု​၏​စိတ်နှလုံး​သည် သင်​တို့​အားလုံး​ကြောင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​သည်​ဖြစ်၍ သူ​၏​ဝမ်းမြောက်​ခြင်း​ကြောင့် ငါ​တို့​သည် ပို၍​ဝမ်းမြောက်​ကြ​၏။ 14ငါ​သည် သင်​တို့​အကြောင်း​ကို တိတု​အား အနည်းငယ်​ဝါကြွား​ခဲ့​သော်လည်း အရှက်​မ​ရ​ခဲ့​ပေ။ အကြောင်းမူကား သင်​တို့​အား ငါ​တို့​ပြော​ခဲ့​သော​အရာ​အားလုံး​တို့​သည် ဟုတ်မှန်​သည့်​နည်းတူ တိတု​ကို ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည်​လည်း ဟုတ်မှန်​ကြောင်း​ထင်ရှား​ခဲ့​ပြီ။ 15တိတု​သည် သင်​တို့​အားလုံး​၏​နာခံ​မှု​နှင့် သင်​တို့​သည် သူ့​ကို​ကြောက်ရွံ့​တုန်လှုပ်​စွာ​ဖြင့် ကြိုဆို​လက်ခံ​ခဲ့​ကြောင်း​ကို သတိရ​သဖြင့် သင်​တို့​ကို ပို၍​ကြွယ်ဝ​စွာ​ချစ်ခင်​ကြင်နာ​လေ​၏။ 16ငါ​သည် သင်​တို့​ကို အရာရာ​၌​ယုံကြည်​စိတ်ချ​ရ​သောကြောင့် ဝမ်းမြောက်​လျက်​ရှိ​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။