YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 10

10
ပေါလု၏တမန်တော်အခွင့်အာဏာ
1သင်​တို့​နှင့် လူ​ချင်း​တွေ့​သောအခါ နှိမ့်ချ​၍ ကွဲကွာ​နေ​စဉ် သင်​တို့​အပေါ် ရဲဝံ့​ပြတ်သား​စွာ​ပြုမူ​တတ်​သော ငါ​ပေါလု​သည် ခရစ်တော်​၏​နူးညံ့​သိမ်မွေ့​ခြင်း​နှင့်​ညင်သာ​ခြင်း​တို့​ဖြင့် သင်​တို့​အား မေတ္တာရပ်ခံ​ပါ​၏။ 2ငါ​တို့​ကို သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သူ​ကဲ့သို့ သတ်မှတ်​သော​သူ​အချို့​တို့​အပေါ် ရဲဝံ့​စွာ​ပြုမူ​ရ​မည်​ဟု ငါ​ယုံကြည်​ခံယူ​ထား​သည့်​အတိုင်း ငါ​ရောက်လာ​သောအခါ ထိုသို့​ရဲဝံ့​ပြတ်သား​စွာ​မ​ပြုမူ​ရ​စေရန် ငါ​တောင်းပန်​၏။ 3အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် သွေးသား​ဇာတိ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​သည်​မှန်​သော်လည်း သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ တိုက်ပွဲ​ဝင်​ကြ​သည်​မ​ဟုတ်။ 4အကြောင်းမူကား တိုက်ပွဲ​၌ ငါ​တို့​သုံး​သော​လက်နက်​များ​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​လက်နက်​များ​မ​ဟုတ်​ဘဲ ဘုရားသခင်​အားဖြင့် အစွမ်းထက်​သော​လက်နက်​များ​ဖြစ်​ကြ​ပြီး ခံတပ်​များ​ကို​ပင် ဖြိုဖျက်​နိုင်​သည်​သာမက 5ဘုရားသခင်​ကို​သိ​သော​ဉာဏ်​ကို ဆန့်ကျင်​တားဆီး​သည့် စဉ်းစား​ဆင်ခြင်​မှု​နှင့်​မာန်မာန​ရှိသမျှ​တို့​ကို​ဖြိုဖျက်​၍ ခပ်သိမ်း​သော​တွေးတော​ကြံစည်​မှု​များ​ကို ဖမ်းဆီး​ချုပ်နှောင်​ကာ ခရစ်တော်​အား နာခံ​စေ​ကြ​၏။ 6သင်​တို့​သည် နာခံ​မှု​နှင့်​ပြည့်စုံ​သောအခါ မ​နာခံ​မှု​ရှိသမျှ​တို့​ကို တရား​သဖြင့်​စီရင်​ရန် ငါ​တို့​အသင့်​ရှိ​ကြ​၏။
7သင်​တို့​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​နေ​ကြ​၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​သည်​ဟု ယုံမှတ်​လျှင် သူ​သည် ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​သကဲ့သို့ ငါ​တို့​သည်​လည်း ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​ကြောင်း သူ​ကိုယ်တိုင် ပြန်လည်​ဆင်ခြင်​သိမှတ်​ပါစေ။ 8အကြောင်းမူကား သင်​တို့​ကို​ဖြိုဖျက်​ရန်​အတွက်​မ​ဟုတ်​ဘဲ တည်ဆောက်​ရန်​အတွက် သခင်​ဘုရား​ပေး​တော်မူ​သော ငါ​တို့​၏​အခွင့်​အာဏာ​နှင့်​ပတ်သက်၍ ငါ​သည် အနည်းငယ်​ပို၍ ဝါကြွား​မိ​ခဲ့​လျှင်​ပင် ရှက်ကြောက်​မည်​မ​ဟုတ်။ 9ငါ​သည် သင်​တို့​ကို စာ​များ​ဖြင့်​ခြောက်လှန့်​နေ​သည်​ဟု မ​ထင်မှတ်​စေ​လို​ပေ။ 10အကြောင်းမူကား “ပေါလု​၏​စာ​များ​သည် လေးနက်​၍ ဩဇာ​ပါ​သော်လည်း လူ​ကိုယ်တိုင်​တွေ့ရ​သောအခါ သူ​သည် အားနည်း​၍ သူ​၏​အဟောအပြော​သည်​လည်း အထင်ကြီး​ဖွယ်​မ​ရှိ”​ဟု ဆို​သော​သူ​ရှိ​၏။ 11ငါ​တို့​သည် အဝေး​၌​ရှိ​နေ​စဉ် စာ​၌​ရေး​လိုက်​သည့်​စကား​အတိုင်း ကိုယ်တိုင်​ရောက်လာ​သောအခါ​၌​လည်း ပြု​မည်​ဖြစ်​ကြောင်း ထို​သူ​သိမှတ်​ပါစေ။
12အကြောင်းမူကား ငါ​တို့​သည် မိမိကိုယ်ကို​ထောက်ခံ​ချီးကျူး​တတ်​သော​သူ​တို့​နှင့် မိမိတို့ကိုယ်ကို တစ်တန်းတည်း​ဖြစ်​စေ​ခြင်း​၊ သို့မဟုတ် နှိုင်းယှဉ်​ခြင်း စသည်​တို့​ကို​မ​ပြု​ဝံ့​ချေ။ သူ​တို့​သည် အချင်းချင်း​ကြား၌ အချင်းချင်း​တိုင်းတာ​လျက် အချင်းချင်း​နှိုင်းယှဉ်​လျက်​နေ​၍ တတ်သိ​နားလည်​မှု​မ​ရှိ​ကြ။ 13သို့သော် ငါ​တို့​သည် မိမိ​တို့​အတိုင်းအတာ​ကို​ကျော်လွန်​၍ ဝါကြွား​မည်​မ​ဟုတ်။ ငါ​တို့​အား ဘုရားသခင်​သတ်မှတ်​ပေး​တော်မူ​သော နယ်ပယ်​၏​အတိုင်းအတာ​တည်းဟူသော သင်​တို့​ထံသို့​တိုင်အောင်​ပင် ရောက်ရှိ​လာ​သည့်​အတိုင်းအတာ​နှင့်အညီ ဝါကြွား​မည်။ 14ငါ​တို့​သည် သင်​တို့​ထံသို့​မ​ရောက်​နိုင်​သကဲ့သို့ မိမိတို့ကိုယ်ကို အတင်း​ဆန့်တန်း​နေ​ကြ​သည်​မ​ဟုတ်။ အမှန်စင်စစ် ငါ​တို့​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို​ယူဆောင်​၍ သင်​တို့​ထံသို့​ရောက်လာ​ခဲ့​ကြ​၏။ 15ငါ​တို့​သည် မိမိ​တို့​အတိုင်းအတာ​ကို​ကျော်လွန်​၍ သူတစ်ပါး​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​၌ ဝါကြွား​ခြင်း​မ​ပြု။ သို့သော် သင်​တို့​၏​ယုံကြည်​ခြင်း​တိုးပွား​လာ​သည်​နှင့်အမျှ ငါ​တို့​၏​နယ်ပယ်​သည် သင်​တို့​ထဲ၌ ပိုမို​ကျယ်ပြန့်​လာ​၍ 16သင်​တို့​ကို​ကျော်လွန်​သော​အရပ်​ဒေသ​များ​သို့ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နိုင်​ရန် ငါ​တို့​မျှော်လင့်​ထား​၏။ အခြား​သူ​၏​နယ်ပယ်​အတွင်း ဆောင်ရွက်​ပြီးစီး​ခဲ့​သော​အရာ​၌ ငါ​တို့​ဝါကြွား​ခြင်း​မ​ပြု​ပေ။ 17ဝါကြွား​သော​သူ​သည် သခင်​ဘုရား​၌​သာ ဝါကြွား​စေ။#၁ကော 1:31၊ ယေ 9:24။ 18အကြောင်းမူကား ယုံကြည်​စိတ်ချ​ရ​သူ​သည် မိမိကိုယ်ကို ထောက်ခံ​ချီးကျူး​သော​သူ​မ​ဟုတ်​ဘဲ သခင်​ဘုရား​က ထောက်ခံ​ချီးကျူး​သော​သူ​ဖြစ်​ရ​မည်။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ