YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 2

2
1ထို့ကြောင့် ငါ​သည် သင်​တို့​ထံသို့​လာ​၍ သင်​တို့​ကို​ဝမ်းနည်း​စေ​သည့်​အဖြစ်​မျိုး​ကို နောက်တစ်ဖန်​မ​ဖြစ်​စေရန် ငါ​ဆုံးဖြတ်​ထား​၏။ 2အကြောင်းမူကား ငါ​သည် သင်​တို့​ကို​ဝမ်းနည်း​စေ​လျှင် ငါ့​ကြောင့်​ဝမ်းနည်း​ရ​သူ​မှတစ်ပါး မည်သူ​သည် ငါ့​ကို​ဝမ်းမြောက်​စေ​မည်နည်း။ 3ငါ​လာ​သောအခါ ငါ့​ကို​ဝမ်းမြောက်​စေ​ရ​မည့်​သူ​များ​သည် ငါ့​ကို​ဝမ်းနည်း​စေ​မည်​စိုး​၍ ဤ​အကြောင်းအရာ​ကို ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ ငါ​၏​ဝမ်းမြောက်​ခြင်း​သည် သင်​တို့​ရှိသမျှ​၏​ဝမ်းမြောက်​ခြင်း​ဖြစ်​သည်​ဟု သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ငါ​ယုံကြည်​စိတ်ချ​လျက်​ရှိ​၏။ 4သင်​တို့​ကို​ဝမ်းနည်း​စေရန်​မ​ဟုတ်​ဘဲ သင်​တို့​အပေါ် ငါ​ထားရှိ​သော ကြွယ်ဝ​သည့်​ချစ်​ခြင်း​မေတ္တာ​ကို သင်​တို့​သိ​စေရန် ငါ​သည် ကြီးစွာ​သော​စိတ်​ဆင်းရဲ​ခြင်း​နှင့် ပူဆွေး​ခြင်း​ထဲမှ မျက်ရည်​များစွာ​ဖြင့် သင်​တို့​ထံသို့​ရေး​လိုက်​ခြင်း​ဖြစ်​၏။
ခွင့်လွှတ်ခံရသောအပြစ်သား
5သို့သော် တစ်စုံတစ်ယောက်​သည် ဝမ်းနည်း​ခြင်း​ကို​ဖြစ်​စေ​ခဲ့​လျှင် သူ​သည် ငါ့​ကို​ဝမ်းနည်း​စေ​သည်​မ​ဟုတ်​ဘဲ မ​ယုတ်​မ​လွန်​ပြော​ရ​လျှင် အတိုင်းအတာ​တစ်​ခု​အထိ သင်​တို့​အားလုံး​ကို​ဝမ်းနည်း​စေ​ခဲ့​၏။ 6လူ​အများစု​ထံမှ ထို​သူ​ခံရ​သော​အပြစ်ဒဏ်​သည် သူ့​အတွက် လုံလောက်​ပေ​၏။ 7ထို့ကြောင့် ယခု​အခါ​တွင် သင်​တို့​သည် သူ့​ကို​ခွင့်လွှတ်​၍ နှစ်သိမ့်​ပေး​သင့်​၏။ သို့မဟုတ်လျှင် သူ​သည် ကြီးစွာ​သော​ဝမ်းနည်း​ခြင်း​၌ နစ်မွန်း​သွား​လိမ့်မည်။ 8ထို့ကြောင့် သင်​တို့​သည် ထို​သူ​အပေါ်​မေတ္တာ​ပြ​ရန် သင်​တို့​အား ငါ​တောင်းပန်​၏။ 9သင်​တို့​သည် အရာရာ​၌ နာခံ​မှု​ရှိ​၊ မ​ရှိ ငါ​သိရှိ​နိုင်​ရန်​အတွက် သင်​တို့​ကို​စမ်းသပ်​သည့်​အနေဖြင့် ထို​စာ​ကို​ငါ​ရေးသား​ခဲ့​ခြင်း​ဖြစ်​၏။ 10သင်​တို့​ခွင့်လွှတ်​သော​သူ​ကို ငါ​သည်​လည်း​ခွင့်လွှတ်​၏။ ငါ​သည် တစ်စုံတစ်ဦး​ကို​ခွင့်လွှတ်​လျှင် သင်​တို့​အတွက် ခရစ်တော်​၏​ရှေ့​တော်​၌​ခွင့်လွှတ်​၏။ 11ဤသည်ကား စာတန်​သည် ငါ​တို့​အပေါ်​အမြတ်​မ​ထုတ်​စေရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​သိ​သည်​မ​ဟုတ်။
မာကေဒေါနိပြည်ခရီး
12ငါ​သည် ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် တရော​မြို့​သို့​ရောက်​သောအခါ သခင်​ဘုရား​သည် ငါ့​အတွက်​တံခါး​ဖွင့်​ပေး​ခဲ့​သော်လည်း 13ငါ့​ညီ​တိတု​ကို​မ​တွေ့​ရ​သောကြောင့် ငါ​သည် စိတ်​မ​သာ​မ​ယာ​ဖြစ်​၍ ထို​သူ​တို့​ကို​နှုတ်ဆက်​ပြီးလျှင်​မာကေဒေါနိ​ပြည်​သို့ ငါ​ထွက်ခွာ​သွား​၏။
သေခြင်း၊ သို့မဟုတ် အသက်ရှင်ခြင်း၏အမှုတော်ဆောင်
14သို့သော် ငါ​တို့​ကို ခရစ်တော်​၌ အစဉ်အမြဲ​အောင်ပွဲ​ခံ​စေ​၍ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၏​ရနံ့​ကို နေရာ​တိုင်း​၌ ငါ​တို့​အားဖြင့်​ပျံ့နှံ့​စေ​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။ 15အကြောင်းမူကား ငါ​တို့​သည် ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​တွင်​လည်းကောင်း၊ ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​တွင်​လည်းကောင်း ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​၏​မွှေးကြိုင်​သော​ရနံ့​ဖြစ်​ကြ​၏။ 16အချို့​သော​သူ​တို့​အတွက် သေ​ခြင်း​သို့​ပို့ဆောင်​သည့် သေ​ခြင်း​၏​ရနံ့​ဖြစ်​ကြ​ပြီး အချို့​သော​သူ​တို့​အတွက်​ကား အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​သည့် အသက်ရှင်​ခြင်း​၏​ရနံ့​ဖြစ်​ကြ​၏။ သို့ဖြစ်လျှင် ဤ​အမှုအရာ​များ​နှင့် မည်သူ​သည် ထိုက်တန်​သနည်း။ 17အကြောင်းမူကား ငါ​တို့​သည် များစွာ​သော​သူ​တို့​ပြု​သကဲ့သို့ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​ကို လှည့်လည်​ရောင်းစား​၍​အမြတ်ထုတ်​ကြ​သည်​မ​ဟုတ်​ဘဲ ဖြူစင်​သော​သူ၊ ဘုရားသခင်​ထံမှ စေလွှတ်​ခြင်း​ခံရ​သော​သူ​အဖြစ် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု​၍ ငါ​တို့​ဟောပြော​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။