YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 3

3
အသက်ကိုရရှိစေသောစာများ
1ငါ​တို့​သည် တစ်ဖန် မိမိကိုယ်ကို​ထောက်ခံ​ချီးကျူး​နေ​ကြ​သလော။ သို့မဟုတ်​လျှင် ငါ​တို့​သည် အခြား​သော​သူ​များ​ကဲ့သို့ သူတစ်ပါး​ထောက်ခံ​ပေး​သော​စာ၊ သို့မဟုတ် သင်​တို့​ထောက်ခံ​ပေး​သော​စာ​ကို လိုအပ်​သလော။ 2သင်​တို့​ကိုယ်တိုင်​သည် ငါ​တို့​စိတ်နှလုံး​ထဲ၌​ရေး​ထား​သည့် လူ​တိုင်း​ဖတ်ရှု​လျက်​သိရှိ​သော ငါ​တို့​၏​စာ​ဖြစ်​ကြ​၏။ 3သင်​တို့​သည် ငါ​တို့​ပြုစု​သော ခရစ်တော်​၏​စာ​ဖြစ်​ကြောင်း ထင်ရှား​လျက်​ရှိ​၏။ ထို​စာ​ကို မင်​အားဖြင့်​မ​ဟုတ်​ဘဲ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ရေး​ထား​ခြင်း​ဖြစ်ပြီး ကျောက်​ပြား​ပေါ်၌​မ​ဟုတ်​ဘဲ လူ​၏​နှလုံးသား​ပြင်​ပေါ်၌​ရေး​ထား​ခြင်း​ဖြစ်​၏။
ပေါလု၏ကျွမ်းကျင်လိမ္မာမှု
4ငါ​တို့​သည် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​အားဖြင့် ထိုသို့သော​ယုံကြည်​စိတ်ချ​မှု​ရှိ​ကြ​၏။ 5ထိုသို့ဆိုသော် တစ်စုံတစ်ခု​သည် ငါ​တို့​ထံမှ​ဖြစ်လာ​သည်​ဟု သတ်မှတ်​နိုင်​ရန် ငါ​တို့​၌​အစွမ်းအစ​ရှိ​သည်​ဟု​မ​ဆိုလို။ ငါ​တို့​၏​အစွမ်းအစ​သည် ဘုရားသခင်​ထံမှ​သာ​ဖြစ်​၏။ 6ဘုရားသခင်​သည် ငါ​တို့​အား ပဋိညာဉ်​သစ်​၏​အမှု​ကို​ဆောင်ရွက်​နိုင်​သော​အစွမ်းအစ​ကို​ပေး​တော်မူ​၏။ ထို​ပဋိညာဉ်​သစ်​သည် အက္ခရာတင်​ထား​သော​တရား​နှင့်​မ​ဆိုင်၊ ဝိညာဉ်​တော်​နှင့်​သာ​ဆိုင်​၏။ အကြောင်းမူကား အက္ခရာတင်​ထား​သော​တရား​သည် အသက်​ကို​သေ​စေ​၍ ဝိညာဉ်​တော်​မူကား အသက်​ကို​ရရှိ​စေ​၏။
ပဋိညာဉ်သစ်၏အမှုတော်ဆောင်
7ကျောက်​ပြား​ပေါ်​ရေးထွင်း​၍ အက္ခရာတင်​ထား​သော သေ​ခြင်း​နှင့်ဆိုင်​သည့် အမှု​ပင်လျှင် ဘုန်း​အသရေ​ဖြင့်​ရောက်လာ​၍ မောရှေ​၏​မျက်နှာ​မှ​ထွက်​သော မှေးမှိန်​သွား​သည့်​ဘုန်း​အသရေ​ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​မျက်နှာ​ကို စေ့စေ့​မ​ကြည့်​နိုင်​ခဲ့​ကြ​သည်​ဆိုလျှင် 8ဝိညာဉ်​တော်​နှင့်ဆိုင်သော​အမှု​သည် မည်မျှ​ပို၍ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​လိမ့်မည်နည်း။ 9အကြောင်းမူကား အပြစ်​ကို​ထင်ရှား​စေ​သည့်​အမှု​၌ ဘုန်း​အသရေ​ရှိ​လျှင် ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သော​အမှု​သည် သာ၍​ကြီးမား​သော​ဘုန်း​အသရေ​နှင့် ပြည့်စုံ​ပေ​လိမ့်မည်။ 10အမှန်စင်စစ် ယခင်​က ဘုန်း​အသရေ​ရှိ​သော​အရာ​သည် ဤ​နေရာ​၌ ထူးကဲ​သော​ဘုန်း​အသရေ​ကြောင့် ဘုန်း​အသရေ​မဲ့​သွား​ရ​၏။ 11မှေးမှိန်​သွား​သော​အရာ​၌ ဘုန်း​အသရေ​ရှိ​လျှင် တည်မြဲ​သော​အရာ​၌ သာ၍​ကြီးမား​သော​ဘုန်း​အသရေ​ရှိ​လိမ့်မည်။
12ငါ​တို့​သည် ဤသို့​သော​မျှော်လင့်​ခြင်း​ရှိ​သည်​ဖြစ်၍ အလွန်​ရဲရင့်​စွာ​ဖြင့်​ပြုမူ​လျက် 13မောရှေ​သည် မှေးမှိန်​သွား​သော​အရာ​၏​အဆုံး​ကို အစ္စရေး​အမျိုးသား​တို့​အား စေ့စေ့​မ​ကြည့်​ရ​စေရန် မိမိ​မျက်နှာ​ကို မျက်နှာလွှား​ဖြင့်​ဖုံးအုပ်​ထား​သကဲ့သို့#ထွ 34:33,35။ ငါ​တို့​မ​ပြု​ကြ​ချေ။ 14ထို​သူ​တို့​၏​စိတ်နှလုံး​သည် မာကျော​လျက်​ရှိ​၍ ယနေ့​တိုင်အောင် ပဋိညာဉ်​ဟောင်း​ကို​ဖတ်​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​မ​ခံရ​ဘဲ ရှိ​နေ​သေး​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​အားဖြင့်​သာ ထို​မျက်နှာလွှား​ကို ဖယ်ရှား​နိုင်​၏။ 15ယနေ့​တိုင်အောင် မောရှေ​၏​ကျမ်း​များ​ကို​ဖတ်​သည့်အခါ​တိုင်း ထို​သူ​တို့​၏​စိတ်နှလုံး​ပေါ်တွင် ထို​မျက်နှာလွှား​သည် ဖုံးအုပ်​လျက်​ရှိ​၏။ 16သို့သော် သခင်​ဘုရား​ထံသို့ ပြန်​လှည့်​လာ​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​ခံရ​၏။ 17သခင်​ဘုရား​သည် ဝိညာဉ်​တော်​ဖြစ်​၏။ သခင်​ဘုရား​၏​ဝိညာဉ်​တော်​ရှိ​ရာ​အရပ်​၌ လွတ်လပ်​မှု​ရှိ​၏။ 18ငါ​တို့​ရှိသမျှ​သည်​လည်း မျက်နှာလွှား​မ​ပါ​သော​မျက်နှာ​ပေါ်တွင် သခင်​ဘုရား​၏​ဘုန်း​တော်​ကို ထင်ဟပ်​စေ​လျက် ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ ဝိညာဉ်​တော်​ဖြစ်​သော သခင်​ဘုရား​အားဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံသဏ္ဌာန်​ပြောင်းလဲ​စေ​ခြင်း​ကို​ခံရ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။