YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာဒုတိယစောင် 1

1
နှုတ်ခွန်းဆက်ခြင်း
1ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ကောရိန္သု​မြို့​၌​ရှိ​သော ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယ​ပြည်​တစ်ဝန်းလုံး​ရှိ သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ 2ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။
နှစ်သိမ့်ခြင်းကိုပေးတော်မူသောဘုရားသခင်
3ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်၊ သက်ညှာ​ခြင်း​နှင့်​ပြည့်စုံ​တော်မူ​သော​အဖ​တည်းဟူသော နှစ်သိမ့်​ခြင်း​အလုံးစုံ​တို့​ကို​ပေး​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။ 4ဘုရားသခင်​သည် ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​တို့​၌ ငါ​တို့​ကို​နှစ်သိမ့်​ပေး​တော်မူ​၏။ ဤသည်ကား ဘုရားသခင်​ထံမှ ငါ​တို့​ရရှိ​သော​နှစ်သိမ့်​ခြင်း​အားဖြင့် ဆင်းရဲ​ဒုက္ခ​အမျိုးမျိုး​ကို​ခံ​နေ​ရ​သော​သူ​တို့​အား ငါ​တို့​နှစ်သိမ့်​ပေး​နိုင်​ရန်​အတွက်​ဖြစ်​၏။ 5အကြောင်းမူကား ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​သည် ငါ​တို့​၌​များပြား​လှ​သကဲ့သို့ ခရစ်တော်​အားဖြင့် ငါ​တို့​ခံစား​ရ​သော​နှစ်သိမ့်​ခြင်း​သည်​လည်း များပြား​လှ​ပေ​၏။ 6ငါ​တို့​သည် ဆင်းရဲ​ဒုက္ခ​ခံရ​လျှင် ၎င်း​သည် သင်​တို့​၏​နှစ်သိမ့်​ခြင်း​နှင့်​ကယ်တင်​ခြင်း​အတွက်​ဖြစ်​၏။ ငါ​တို့​သည် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​လျှင်​လည်း ၎င်း​သည် သင်​တို့​၏​နှစ်သိမ့်​ခြင်း​အတွက်​ဖြစ်​ပြီး ထို​နှစ်သိမ့်​ခြင်း​သည် ငါ​တို့​ခံရ​သော​ဒုက္ခ​ဝေဒနာ​မျိုး​၌ သင်​တို့​သည်းခံ​နိုင်​သည့်​ခွန်အား​ကို​ဖြစ်​စေ​၏။ 7သင်​တို့​အတွက် ငါ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ခိုင်မြဲ​လျက်​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဒုက္ခ​ဝေဒနာ​ကို မျှဝေ​ခံစား​ရ​သကဲ့သို့ နှစ်သိမ့်​ခြင်း​ကို​လည်း မျှဝေ​ခံစား​ရ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။
8ညီအစ်ကို​တို့၊ အာရှ​ပြည်​၌ ငါ​တို့​ကြုံတွေ့​ရ​သော​ဆင်းရဲ​ဒုက္ခ​အကြောင်း​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​သည် မိမိ​တို့​ခံ​နိုင်​စွမ်း​ရှိ​သည်​ထက်​ပိုလွန်​သည့် အတိုင်းထက်​အလွန်​ကြီးလေး​သော​ဒုက္ခ​ကို​ခံ​ခဲ့​ရ​သဖြင့် အသက်ရှင်​ရန်​ပင် မျှော်လင့်​ချက်​ကင်း​မဲ့​ကာ 9သေဒဏ်​စီရင်​ခံရ​ပြီ​ဟု မိမိ​တို့​စိတ်​ထဲ၌​ခံစား​မိ​ကြ​၏။ ဤသည်ကား ငါ​တို့​သည် မိမိကိုယ်ကို​မ​ကိုးစား​ဘဲ သေ​သော​သူ​တို့​ကို​ထမြောက်​စေ​တော်မူ​သော ဘုရားသခင်​ကို​ကိုးစား​ကြ​ရန်​ဖြစ်​၏။ 10ဘုရားသခင်​သည် ဤမျှလောက်​ကြီးမား​သော​သေဘေး​မှ ငါ​တို့​ကို​ကယ်နုတ်​တော်မူ​ပြီ။ နောင်တွင်​လည်း ကယ်နုတ်​တော်မူ​လိမ့်မည်။ ဆက်၍​လည်း ကယ်နုတ်​တော်မူ​ဦး​မည်​ဟု ကိုယ်တော်​၌ ငါ​တို့​မျှော်လင့်​ကြ​၏။ 11သင်​တို့​သည်​လည်း ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ကို​ကူညီ​ဆောင်ရွက်​ပေး​ကြ​သည်​ဖြစ်၍ များစွာ​သော​သူ​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ခံစား​ရ​သော​ဆု​ကျေးဇူး​အတွက် များစွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်စား ကျေးဇူး​တော်​ချီးမွမ်း​ကြ​လိမ့်မည်။
ကြည်လင်သောအသိစိတ်
12ငါ​တို့​၏​ဝါကြွား​စရာ​အကြောင်းမှာ ဤသို့​ဖြစ်​၏။ ငါ​တို့​သည် လောက​၌၊ အထူးသဖြင့် သင်​တို့​ရှေ့မှောက်​၌ လောကီ​ဉာဏ်ပညာ​ကို​အမှီ​မ​ပြု​ဘဲ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​သာ အမှီပြု​လျက် ဘုရားသခင်​ထံမှ​လာ​သော ရိုးသား​ဖြူစင်​ခြင်း​တို့​ဖြင့် အသက်ရှင်​နေထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အသိစိတ်​သည် သက်သေခံ​၏။ 13အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ဖတ်ရှု​၍ နားလည်​နိုင်​သော​အရာ​တို့​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ သင်​တို့​ထံသို့ မ​ရေး​ခဲ့​ကြ​ပေ။ 14သင်​တို့​သည် ငါ​တို့​ကို တစ်စိတ်တစ်ဒေသ သိ​ထား​သည်​ဖြစ်၍ ငါ​တို့​သခင်​ယေရှု​၏​နေ့ရက်​၌ ငါ​တို့​သည် သင်​တို့​အတွက် ဝါကြွား​ဝမ်းမြောက်​စရာ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​အတွက် ဝါကြွား​ဝမ်းမြောက်​စရာ​ဖြစ်​ကြောင်း​ကို သင်​တို့​စုံလင်​စွာ​သိ​ကြ​လိမ့်မည်​ဟု ငါ​မျှော်လင့်​၏။
ရွှေ့ဆိုင်းထားသောခရီးစဉ်
15ငါ​သည် ဤသို့​ယုံကြည်​စိတ်ချ​သဖြင့် သင်​တို့​သည် ကျေးဇူး​တော်​ကို နှစ်​ကြိမ်​ခံစား​ရ​မည့်​အကြောင်း သင်​တို့​ထံသို့ ဦးစွာ​လာ​၍ 16သင်​တို့​နေရာ​ကို​ဖြတ်​လျက် မာကေဒေါနိ​ပြည်​သို့ သွား​ပြီးနောက် တစ်ဖန် မာကေဒေါနိ​ပြည်​မှ သင်​တို့​ထံသို့​ပြန်လာ​၍ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ယုဒ​ပြည်​သို့​သွား​မည်​ဟု စီစဉ်​ထား​၏။ 17ဤသို့​စီစဉ်​သောအခါ ငါ​သည် ပေါ့ပေါ့တန်တန်​စီစဉ်​ခဲ့​သလော၊ သို့မဟုတ် ငါ​စီစဉ်​သော​အရာ​များ​ကို ဇာတိ​သဘော​ဖြင့်​စီစဉ်​ခဲ့​သောကြောင့် ငါ့​စကား​သည် တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏။ ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ။ မ​ဟုတ်​ပါ”​ဟူ၍ ဖြစ်​ခဲ့​သလော။ 18ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​နှင့်အညီ သင်​တို့​အား ငါ​တို့​ပြောဆို​သော​စကား​သည် တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍ ဖြစ်​သည်​မ​ဟုတ်။ 19အမှန်စင်စစ် ငါ​မှစ၍ သိလွာနု​နှင့် တိမောသေ​တို့​က သင်​တို့​ထဲတွင်​ဟောပြော​ခဲ့​သော ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၌ တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍​မ​ရှိ​ဘဲ ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍​သာ​ရှိ​၏။ 20အကြောင်းမူကား ဘုရားသခင်​၏​ကတိ​တော်​ရှိသမျှ​တို့​သည် ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍ ဖြစ်​ကြ​၏။ ထို့ကြောင့် ငါ​တို့​အားဖြင့် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ထင်ရှား​မည့်​အကြောင်း ငါ​တို့​သည် “အာမင်”​ဟု ကိုယ်တော်​အားဖြင့်​ဆို​ကြ​၏။ 21ငါ​တို့​ကို သင်​တို့​နှင့်အတူ ခရစ်တော်​၌​တည်မြဲ​စေ​၍ ငါ​တို့​အား ဘိသိက်​ပေး​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။ 22ထို​ဘုရားသခင်​သည် ငါ​တို့​ကို​တံဆိပ်​ခတ်နှိပ်​တော်မူ​၍ စရန်​အဖြစ် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ ဝိညာဉ်​တော်​ကို သွင်း​ပေး​တော်မူ​၏။
23ငါ​သည် ငါ့​အသက်​ဖြင့်​အာမခံ​၍ ဘုရားသခင်​ကို​သက်သေ​အဖြစ်​ထား​လျက်​ဆို​သည်​ကား ကောရိန္သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာတာ​၍​သာ​ဖြစ်​၏။ 24ငါ​တို့​သည် သင်​တို့​၏​ယုံကြည်​ခြင်း​ကို ချုပ်ကိုင်​ထား​ကြ​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​အတွက် သင်တို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​များ​သာ​ဖြစ်​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ယုံကြည်​ခြင်း​ဖြင့် ရပ်တည်​ကြ​ပြီ​ဖြစ်​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာဒုတိယစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။