ရာဇဝင်ချုပ်ဒုတိယစောင် 26
26
ယုဒဘုရင်သြဇိမင်းကြီး
1ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော ဩဇိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။ 2ခမည်းတော်သည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်ပြီးနောက် ဩဇိမင်းကြီးသည် ဧလတ်မြို့ကို ပြန်လည်တည်ဆောက်ပြီး ယုဒပြည်အပိုင်ဖြစ်စေ၏။
3ဩဇိနန်းတက်သောအခါ သက်တော်တစ်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ ဂျေရုဆလင်မြို့တွင် ငါးဆယ့်နှစ်နှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယေခေါလိအမည်ရှိ၏။ 4ဩဇိမင်းကြီးသည် ခမည်းတော်အာမဇိမင်းကြီးပြုကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ 5ဘုရားသခင်၏ဗျာဒိတ်တော်အကြောင်းကို သိနားလည်သောဇာခရိ အသက်ရှင်သမျှကာလပတ်လုံး ဘုရားသခင်ကို ရှာ၏။ ထာဝရဘုရားကို ရှာသောကာလပတ်လုံးတွင်လည်း ဘုရားသခင်သည် သူ့ကို အောင်မြင်ခွင့်ပေးတော်မူ၏။
သြဇိမင်းကြီး၏စွမ်းဆောင်မှု
6သူသည် ဖိလိတ္တိလူမျိုးတို့ကို ချီတက်တိုက်ခိုက်ပြီး ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်၏။ အာဇုတ်မြို့ဝန်းကျင်နှင့် ဖိလိတ္တိပြည်အတွင်းရှိ မြို့ရွာများကို ပြန်လည်တည်ဆောက်၏။ 7သူသည် ဖိလိတ္တိလူမျိုး၊ ဂုရဗာလအရပ်တွင်နေထိုင်သောအာရပ်လူမျိုးများနှင့် မဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်သောအခါ ဘုရားသခင်သည် သူ့ကို ကူညီမစတော်မူ၏။ 8အမ္မုန်လူမျိုးတို့သည် ဩဇိမင်းကြီးအား အခွန်ဆက်သပေးရ၏။ ဩဇိမင်းကြီးသည် အလွန်အင်အားကြီးမားလာပြီး အီဂျစ်ပြည်နယ်စပ်ထိတိုင်အောင် နာမည်ကျော်ကြားလေ၏။ 9ဩဇိမင်းကြီးသည် ဂျေရုဆလင်မြို့ ထောင့်တံခါး၊ ချိုင့်ဝှမ်းလွင်ပြင်တံခါး၊ မြို့ရိုးထောင့်တို့တွင် ရဲတိုက်များကို အခိုင်အခံ့တည်ဆောက်၏။ 10မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
11ဘုရင့်စစ်သူကြီး ဟာနနိယလက်အောက်မှစာရေးတော်ကြီး ယေယေလနှင့် ကြီးကြပ်အုပ်ချုပ်သူ မာသေယတို့ စာရင်းကောက်ယူထားသောစစ်သည်အရေအတွက်အလိုက် ဩဇိမင်းကြီးတွင် စစ်ရေးလေ့ကျင့်ထား၍ တပ်ဖွဲ့အလိုက်စစ်ထွက်တိုက်နိုင်သောစစ်သည်များရှိ၏။ 12ရဲစွမ်းသတ္တိရှိသောစစ်သူရဲတို့ကိုအုပ်ချုပ်သောအိမ်ထောင်စုများ၏အကြီးအမှူးမှာ စုစုပေါင်းအယောက်နှစ်ထောင့်ခြောက်ရာ ရှိ၏။ 13သူတို့လက်အောက်၌ ရှင်ဘုရင်ကိုကူညီပြီး ရန်သူကိုတိုက်ခိုက်ရာတွင် စစ်ရေးလေ့ကျင့်ထား၍ ရဲစွမ်းသတ္တိရှိသောစစ်သည်ဦးရေ သုံးသိန်းခုနစ်ထောင့်ငါးရာ ရှိ၏။ 14ဩဇိမင်းကြီးသည် စစ်သည်အပေါင်းတို့အတွက် ဒိုင်းလွှားများ၊ လှံများ၊ သံခမောက်များ၊ သံချပ်အင်္ကျီများ၊ လေးများနှင့် လောက်လွှဲကျောက်များကို ပြင်ဆင်ပေး၏။ 15ဂျေရုဆလင်မြို့တွင်လည်း စက်မှုကျွမ်းကျင်သူအား မြားနှင့်လောက်လွှဲကြီးများပစ်ခတ်ရာတွင် အသုံးပြုသောစက်ကိရိယာများကို တီထွင်စေပြီးရဲတိုက်များ၊ မြို့ရိုးထောင့်များတွင် ထားရှိ၏။ ဩဇိမင်းကြီးသည် အံ့ဩဖွယ်ကူညီမစမှုကို ခံရသောကြောင့် အင်အားကြီးမားပြီး ရပ်ဝေးတိုင်အောင် နာမည်ကျော်စောလေ၏။
ဩဇိမင်းကြီးခံစားရသောဝေဒနာ
16သူသည် ထိုသို့အင်အားကြီးလာသည်နှင့်အမျှ ပျက်စီးခြင်းသို့ရောက်သည်အထိဘဝင်မြင့်လာ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့လာ၏။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် ထာဝရဘုရား၏ဗိမာန်တော်သို့ဝင်၏။ 17ထိုအခါ ယဇ်ပုရောဟိတ်အာဇရိနှင့် ရဲစွမ်းသတ္တိရှိသူ ထာဝရဘုရား၏ယဇ်ပုရောဟိတ်အပါးရှစ်ဆယ်တို့သည် သူ့နောက်သို့လိုက်သွားပြီး 18ဩဇိမင်းကြီးနှင့်မျက်နှာချင်းဆိုင်လျက် “အရှင်ဩဇိမင်းကြီး၊ ထာဝရဘုရားထံ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှုသည် အရှင်မင်းကြီးနှင့်မဆိုင်ပါ။ နံ့သာပေါင်းမီးရှို့ပူဇော်ရန် ခန့်အပ်ခြင်းခံရသောအာရုန်နှင့်သူ၏သားစဉ်မြေးဆက်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနထဲမှထွက်သွားပါ။ မင်းကြီးသည် သစ္စာမဲ့စွာပြုမိပြီဖြစ်၍ မင်းကြီး၌ ဘုရားသခင်ထာဝရဘုရားထံမှ ဘုန်းအသရေမရှိတော့ပေ”ဟု ဆိုလျှင်
19နံ့သာပေါင်းမီးရှို့ပူဇော်ရန်လင်ပန်းကို ကိုင်ထားသောဩဇိမင်းကြီးသည် အမျက်ထွက်လေ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်နေစဉ် ထာဝရဘုရား၏အိမ်တော်အတွင်း နံ့သာပေါင်းယဇ်ပလ္လင်အနီး ယဇ်ပုရောဟိတ်တို့ရှေ့တွင်ပင် သူ့နဖူး၌ အနာကြီးရောဂါ ရုတ်တရက်ပေါ်လာလေ၏။ 20ယဇ်ပုရောဟိတ်မင်းအာဇရိနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် သူ့ကိုကြည့်နေစဉ်တွင်ပင် သူ့နဖူး၌ အနာကြီးရောဂါစွဲနေသည်ကိုမြင်လျှင် သူ့ကို ထိုနေရာမှချက်ချင်းနှင်ထုတ်လိုက်၏။ ထာဝရဘုရား ဒဏ်ခတ်တော်မူသဖြင့် ဩဇိမင်းကြီးလည်း ချက်ချင်းထွက်သွားလေ၏။ 21ဤသို့ဖြင့် ဩဇိမင်းကြီးသည် သေသည်အထိ အနာကြီးရောဂါစွဲကပ်လေ၏။ ထိုသို့ အနာကြီးရောဂါစွဲသောကြောင့်လည်း သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ ထာဝရဘုရား၏အိမ်တော်မှလည်း ဖယ်ထုတ်ခြင်းခံရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။
22ကျန်ရှိနေသောဩဇိမင်းကြီးလက်ထက်အဖြစ်အပျက်အစအဆုံးကို အာမုတ်၏သား ပရောဖက်ဟေရှာယက မှတ်တမ်းတင်ထား၏။ 23ဩဇိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သွားသောအခါ “သူသည် အနာကြီးရောဂါစွဲသောသူဖြစ်၏”ဟု ဆိုလျက် သူ့ကို ဘိုးဘေးတို့နှင့်အတူ ရှင်ဘုရင်တို့၏သင်္ချိုင်းမြေတွင်သာ သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောသံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ဒုတိယစောင် 26: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative