YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 25

25
ယုဒဘုရင်အာမဇိမင်းကြီး
1အာမဇိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် နှစ်ဆယ့်​ကိုး​နှစ် စိုးစံ​၏​။ မယ်တော်​ကား ဂျေရုဆလင်​မြို့သူ ယုဒ္ဒန်​အမည်​ရှိ​၏​။ 2သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မတ်​စွာ​ပြုကျင့်​သော်လည်း စိတ်နှလုံး​အကြွင်းမဲ့​နှင့်​မ​ဟုတ်​ချေ​။
3သူ​သည် မိမိ​လက်ထက် နိုင်ငံ​တော်​တည်မြဲ​လာ​သည့်​အခါ ရှင်ဘုရင်​ဖြစ်​သော​မိမိ​ခမည်းတော်​ကို လုပ်ကြံ​ခဲ့​သော မင်းမှုထမ်း​တို့​အား ကွပ်မျက်​ပစ်​လိုက်​လေ​၏​။ 4သို့သော် သူ​သည် “​သားသမီး​ကြောင့် ဖခင်​ကို မ​သတ်​ရ​။ ဖခင်​ကြောင့် သားသမီး​ကို မ​သတ်​ရ​။ လူ​တိုင်း ကိုယ့်​အပြစ်​နှင့်​ကိုယ်​သာ အသတ်​ခံရ​မည်​”​ဟု မောရှေ​ပညတ္တိ​ကျမ်း​တွင်​ရေးသား​ထား​သော ထာဝရဘုရား​၏​ပညတ်ချက်​အတိုင်း ခမည်းတော်​အား​လုပ်ကြံ​သော​သူ​တို့​၏​သားသမီး​များ​ကို​မူ မ​ကွပ်မျက်​ခဲ့​ပေ​။
အာမဇိမင်းကြီးက ဧဒုံလူမျိုးတို့နှင့် စစ်ခင်းကျင်းခြင်း
5အာမဇိ​မင်းကြီး​သည် ယုဒ​လူမျိုး​တို့​ကို စုဝေး​စေ​ပြီး ယုဒ​လူမျိုး​နှင့်​ဗင်္ယာမိန်​လူမျိုး​အပေါင်း​တို့​တွင် ထောင်တပ်မှူး​၊ ရာတပ်မှူး​တို့​ကို ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် နေရာ​ချထား​၏​။ ထို့ပြင် အသက်​နှစ်ဆယ်​နှင့်​အထက်​ရှိ​သူ​တို့​ကို စာရင်းကောက်​ရာ​တွင် လှံ​နှင့်​ဒိုင်းလွှား​တို့​ကို ကိုင်ဆောင်​ပြီး စစ်မှုထမ်း​နိုင်​သူ လက်ရွေးစင်​စစ်သည် သုံးသိန်း​ရှိ​၏​။ 6ထို့ပြင် အစ္စရေး​လူမျိုး​ထံမှ စစ်သူရဲ​တစ်သိန်း​ကို​လည်း ငွေ​တာလန်​တစ်ရာ#25:6 “2200 ပိဿာ သို့မဟုတ် 3400 ကီလိုဂရမ်”။​ဖြင့် ငှား​သေး​၏​။
7သို့သော် ဘုရားသခင်​၏​လူ​တစ်ယောက်​က ရှင်ဘုရင်​ထံ​ရောက်လာ​၍ “​အရှင်မင်းကြီး​၊ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​နှင့်အတူ​ရှိ​တော်​မ​မူ​။ ဧဖရိမ်​အမျိုးသား​တစ်ယောက်​နှင့်​မျှ အတူ​ရှိ​တော်​မ​မူ​။ ထို့ကြောင့် အစ္စရေး​စစ်တပ်​ကို မင်းကြီး​နှင့်အတူ မ​ချီတက်​စေ​ပါ​နှင့်​။ 8မင်းကြီး​သွား​လို​လျှင် သွား​လော့​။ စစ်ပွဲ​အတွက်​ကိုယ်​ကို​ခိုင်ခံ့​အောင်​လုပ်​သော်လည်း ဘုရားသခင်​သည် မင်းကြီး​ကို ရန်သူ​တို့​ရှေ့​မှာ ရှုံးနိမ့်​စေ​လိမ့်မည်​။ အကြောင်းမူကား ဘုရားသခင်​သည် ကူညီနိုင်စွမ်း​၊ ရှုံးနိမ့်​စေ​နိုင်စွမ်း​ရှိ​၏”​ဟု ဆို​လေ​၏​။
9အာမဇိ​မင်းကြီး​က​လည်း ဘုရားသခင်​၏​လူ​အား “​အစ္စရေး​စစ်တပ်​အား ငါ​ပေး​လိုက်​သော ငွေ​တာလန်​တစ်ရာ​ကို မည်သို့​ပြု​ရ​မည်နည်း​”​ဟု ပြန်မေး​လျှင် ဘုရားသခင်​၏​လူ​က “​ထာဝရဘုရား​သည် ထိုမျှမက​များစွာ​သော​ငွေ​ကို မင်းကြီး​အား ပေး​နိုင်​၏​”​ဟု ပြန်ပြော​၏​။
10ထို့ကြောင့် အာမဇိ​မင်းကြီး​သည် သူ့​ထံသို့​ရောက်လာ​သော ဧဖရိမ်​ပြည်​မှ​စစ်သူရဲ​များ​ကို သူ​တို့​အိမ်​သို့​ပြန်သွား​ရန် လွှတ်​လိုက်​၏​။ သူ​တို့​သည် ယုဒ​လူမျိုး​တို့​ကို အမျက်ထွက်​၍ ဒေါသတကြီး​နှင့် မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​၏​။
11ထို့နောက် အာမဇိ​မင်းကြီး​သည် ရဲရင့်​စွာ​ဖြင့် မိမိ​စစ်သည်​တို့​ကို​ဦးဆောင်​လျက် ဆား​ချိုင့်ဝှမ်း​သို့​ချီတက်​ကာ စိရ​ပြည်သား​တစ်သောင်း​ကို ကွပ်မျက်​နိုင်​ခဲ့​၏​။ 12ယုဒ​အမျိုးသား​တို့​သည် လူ​တစ်သောင်း​ကို အရှင်​ဖမ်းမိ​ရာ သူ​တို့​ကို ကျောက်ဆောင်​ထိပ်​သို့​ခေါ်သွား​ပြီး တွန်းချ​လိုက်​သဖြင့် သူ​တို့​အားလုံး သေကျေပျက်စီး​ကြ​ကုန်​၏​။
13စစ်ကူတိုက်​ခွင့်​မ​ပေး​ဘဲ အာမဇိ​မင်းကြီး ပြန်လွှတ်​လိုက်​သော​စစ်သူရဲ​တို့​သည် ရှမာရိ​မြို့​မှ ဗေသောရုန်​မြို့​တိုင်အောင် ယုဒ​မြို့ရွာ​များ​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး လူ​သုံး​ထောင်​ကို​သတ်​ကာ တိုက်ရာပါပစ္စည်း​များစွာ​ကို​လည်း သိမ်းယူ​သွား​ကြ​၏​။
14အာမဇိ​မင်းကြီး​သည် ဧဒုံ​လူမျိုး​တို့​ကို ချေမှုန်း​ရာ​မှ​ပြန်လာ​ပြီးနောက် စိရ​ပြည်သား​တို့​၏​ဘုရား​များ​ကို ယူလာ​ပြီး မိမိ​အဖို့​ဘုရား​အဖြစ် တည်​ထား​၏​။ ထို​ဘုရား​များ​ကို ကိုးကွယ်​ပြီး နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​၏​။ 15ထို့ကြောင့် ထာဝရဘုရား​သည် အာမဇိ​မင်းကြီး​ကို အမျက်ထွက်​တော်မူ​၍ သူ့​ထံ​ပရောဖက်​တစ်​ပါး​ကို စေလွှတ်​ကာ “​မင်းကြီး​၏​လက်​မှ မိမိ​လူ​တို့​ကို​မ​ကယ်တင်​နိုင်​သော​လူမျိုးခြား​တို့​၏​ဘုရား​များ​ကို အဘယ်ကြောင့် ဆည်းကပ်​သနည်း​”​ဟု ဆို​၏​။
16ထိုသို့ ပရောဖက်​ပြောဆို​နေ​သည်​ကို အာမဇိ​မင်းကြီး​က “​သင့်​ကို ရှင်ဘုရင်​၏​အတိုင်ပင်ခံ​အဖြစ် ခန့်ထား​သလော​။ တိတ်တိတ်နေ​လော့​။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်​ခံရ​အောင်​လုပ်​သနည်း​”​ဟု ပြန်ပြော​ရာ ပရောဖက်​က “​ငါ​ပေး​သော​အကြံ​ကို သင်​နား​မ​ထောင်​၊ ဤ​အမှု​ကို သင်​ပြု​သောကြောင့် ဘုရားသခင်​သည် သင့်​ကို​ဖျက်ဆီး​ပစ်​ရန် ကြံရွယ်​ထား​သည်​ကို ငါ​သိ​၏​”​ဟု ဆို​လေ​၏​။
အစ္စရေးဘုရင်ယောရှမင်းကြီးနှင့် အာမဇိမင်းကြီးစစ်ဖြစ်ခြင်း
17ထို့နောက် ယုဒ​ဘုရင် အာမဇိ​မင်းကြီး​သည် စည်းဝေး​တိုင်ပင်​ပြီးမှ ယေဟု​မင်းကြီး​၏​မြေး​တော်​၊ ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ#25:17 “ယဟောရှ” (၄ရာ 14:8)။​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​လာ​ပါ​။ ငါ​တို့ ရင်ဆိုင်​တိုက်ခိုက်​ကြ​စို့​”​ဟု ပြောကြား​စေ​၏​။
18သို့သော် အစ္စရေး​ဘုရင်​ယောရှ#25:18 “ယဟောရှ” (၄ရာ 14:9)။​မင်းကြီး​သည် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​အား “​လက်ဘနွန်​တော​ရှိ​ဆူးပင်​က ထို​လက်ဘနွန်​တော​ရှိ​သစ်ကတိုးပင်​ထံ လူ​လွှတ်​၍ ‘​သင့်​သမီး​ကို ငါ့​သား​နှင့် စုံဖက်​စေ​ပါ​’​ဟု မှာလိုက်​၏​။ သို့သော် လက်ဘနွန်​တောရိုင်းတိရစ္ဆာန်​တစ်​ကောင် ဖြတ်လာ​ပြီး ဆူးပင်​ကို နင်းချေ​သွား​၏​။ 19သင်​သည် ဧဒုံ​ပြည်​ကို တိုက်ခိုက်ချေမှုန်း​နိုင်​ခဲ့​သဖြင့် ဘဝင်မြင့်​လှ​၏​။ ကိုယ့်​နန်းတော်​၌​သာ ကိုယ်​စံမြန်း​ပါ​လော့​။ အဘယ်ကြောင့် ပြဿနာ​ရှာ​ပြီး ယုဒ​ပြည်​ကို သင်​နှင့်အတူ ကျရှုံး​စေ​လို​သနည်း​”​ဟု ပြန်လည်​ပြောကြား​လိုက်​၏​။
20သို့သော် အာမဇိ​မင်းကြီး​သည် နား​မ​ထောင်​ပေ​။ သူ​သည် ဧဒုံ​ဘုရား​များ​ကို ကိုးကွယ်​သောကြောင့် ဘုရားသခင်​သည် သူ့​ကို​ရန်သူ​လက်​သို့​အပ်​ရန် စီရင်​တော်မူ​ပြီ​။ 21ထို့ကြောင့် အစ္စရေး​ဘုရင်​ယောရှ#25:21 သို့မဟုတ် “ယဟောရှ”။​မင်းကြီး​သည် စစ်ချီ​လာ​၍ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် ယုဒ​ပြည်​၊ ဗက်ရှေမက်​မြို့​တွင် ရင်ဆိုင်​တိုက်ခိုက်​လေ​၏​။ 22ယုဒ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရှုံးနိမ့်​သဖြင့် ကိုယ့်​တဲ​များ​သို့ အသီးသီး​ပြန်ပြေး​ကြ​ကုန်​၏​။ 23ထိုအခါ အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​မြေး​၊ ယောရှ#25:23 “ယဟောရှ” (၄ရာ 14:13)။​မင်းကြီး​၏​သား ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ဗက်ရှေမက်​မြို့​တွင် ဖမ်းမိ​ပြီး ဂျေရုဆလင်​မြို့​သို့ ခေါ်ဆောင်​လာ​၏​။ ထို့နောက် ဂျေရုဆလင်​မြို့ရိုး​ကို ဧဖရိမ်​တံခါး​မှ​ထောင့်​တံခါး​တိုင်အောင် အတောင်​လေး​ရာ#25:23 “7200 လက်မ သို့မဟုတ် 18000 စင်တီမီတာ”။​ဖြိုချ​ပစ်​ပြီး 24ဘုရားသခင်​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​၌ တွေ့​သမျှ​သော ရွှေ​ငွေ​အားလုံး​၊ အသုံးအဆောင်​အားလုံး​ကို​သိမ်းယူ​၍ ဩဗဒေဒုံ​နှင့်​ဓားစာခံ​များ​ကို​လည်း ဖမ်းဆီး​ပြီး ရှမာရိ​မြို့​သို့ ပြန်သွား​လေ​၏​။
အာမဇိမင်းကြီး အနိစ္စရောက်ခြင်း
25ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ#25:25 “ယဟောရှ” (၄ရာ 14:17)။​မင်းကြီး အနိစ္စ​ရောက်​ပြီးနောက် တစ်ဆယ့်​ငါး​နှစ်​အသက်ရှင်​သေး​၏​။ 26ကျန်ရှိ​နေ​သော အာမဇိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​အစ​အဆုံး​ကို ယုဒ​ဘုရင်​များ​၊ အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏#25:26 တိုက်ရိုက်ပြန်ဆိုလျှင် “ရေးမှတ်ထားသည် မဟုတ်လော”။​။
27အာမဇိ​မင်းကြီး​သည် ထာဝရဘုရား​ကို​ကျောခိုင်း​သွား​ပြီးနောက် ဂျေရုဆလင်​မြို့​တွင် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ကြ​သဖြင့် သူ​သည် လာခိရှ​မြို့​သို့ ထွက်ပြေး​သွား​၏​။ သို့သော် လာခိရှ​မြို့​အထိ လူ​ကို​စေလွှတ်​၍ ထို​အရပ်​၌ သူ့​ကို ကွပ်မျက်​ကြ​၏​။ 28သူ့​အလောင်း​ကို မြင်း​ဖြင့် ပြန်သယ်​လာ​ပြီး ယုဒ​မြို့​တွင် ဘိုးဘေး​တို့​နှင့်အတူ​သင်္ဂြိုဟ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 25: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ