YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ဒုတိယစောင် 24

24
ယုဒဘုရင်ယောရှမင်းကြီး
1ယောရှ​နန်းတက်​သောအခါ သက်တော်​ခုနစ်​နှစ်​သာ​ရှိ​သေး​၏​။ ဂျေရုဆလင်​မြို့​တွင် အနှစ်​လေးဆယ် စိုးစံ​၏​။ မယ်တော်​ကား ဗေရရှေဘ​မြို့သူ ဇိဗိ​အမည်​ရှိ​၏​။ 2ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။ 3ယောယဒ​သည် ယောရှ​မင်းကြီး​အတွက် မိဖုရား​နှစ်​ပါး​ကို ရွေးချယ်​ပေး​ပြီး သား​တော်​သမီး​တော်​များ​ကို ရ​လေ​၏​။
ဗိမာန်တော်ကိုပြုပြင်ခြင်း
4နောက်ပိုင်း​တွင် ယောရှ​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​ပြုပြင်​ရန် စိတ်ပိုင်းဖြတ်​ပြီး 5ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​များ​ကို စုရုံး​၍ သူ​တို့​အား “​ယုဒ​မြို့ရွာ​များ​သို့​သွား​၍ ဘုရားသခင်​၏​အိမ်​တော်​ကို ပြုပြင်​ရန်​အတွက် အစ္စရေး​လူမျိုး​တစ်မျိုးလုံး​တို့​ထံမှ နှစ်စဉ်​ကြေးငွေ​များ​ကောက်ခံ​ကြ​လော့​။ ဤ​အမှု​ကို ချက်ချင်း​လုပ်ဆောင်​လော့​”​ဟု မိန့်ဆို​၏​။ သို့သော် လေဝိ​အမျိုး​တို့​သည် ချက်ချင်း​မ​လုပ်ဆောင်​ဘဲ နေ​ကြ​၏​။ 6ထို့ကြောင့် ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်မင်း​ယောယဒ​ကို​ခေါ်​၍ “​သက်သေခံချက်​တဲ​တော်​အဖို့ ထာဝရဘုရား​၏​အစေအပါး​မောရှေ​မှာကြား​ထား​သော အစ္စရေး​လူထု​တို့​ပေးဆောင်​ရ​မည့်​အခွန်ငွေ​ကို ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​ထံမှ​ကောက်ခံ​ရန် လေဝိ​အမျိုးသား​တို့​ကို အဘယ်ကြောင့် သင် မ​မှာထား​သနည်း​”​ဟု မေး​၏​။ 7ဆိုးယုတ်​သော​ဘုရင်မ​အာသလိ​၏​သား​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို​ဖြိုဖျက်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​ရှိ သန့်ရှင်း​သော​အသုံးအဆောင်​အားလုံး​ကို​ယူသွား​၍ ဗာလ​ဘုရား​အတွက် အသုံးပြု​ခဲ့​ကြ​၏​။
8ထို့နောက်​တွင် ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း သေတ္တာ​တစ်​လုံး​ကို​ပြုလုပ်​ပြီး ထာဝရဘုရား​၏​အိမ်​တော်​တံခါး​အပြင်ဘက်​နားတွင် ထား​ကြ​၏​။ 9တောကန္တာရ​တွင် ဘုရားသခင်​၏​အစေအပါး​မောရှေ​က အစ္စရေး​လူမျိုး​တို့​အား မိန့်မှာ​ခဲ့​သည့်​အတိုင်း ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​သည် ထာဝရဘုရား​အထံ​တော်​သို့ အခွန်​ငွေ​ကို​ယူဆောင်​လာ​ကြ​ရန် ကြေညာ​လိုက်​၏​။ 10မှူးမတ်​များ​နှင့်​ပြည်သူပြည်သား​အပေါင်း​တို့​သည် ဝမ်းမြောက်ဝမ်းသာ​စွာ​ဖြင့် ယူဆောင်​လာ​၍ သေတ္တာ​ပြည့်​သည်​အထိ ထည့်​ကြ​၏​။ 11လေဝိ​အမျိုးသား​တို့​သည် ငွေ​အမြောက်အမြား​ရလာ​ပြီ​ဖြစ်​ကြောင်း သိမြင်​လျှင် သေတ္တာ​ကို ဘုရင့်​အမှုထမ်း​များ​ထံသို့ ယူဆောင်​လာ​ကြ​၏​။ ထိုအခါ စာရေးတော်ကြီး​နှင့် ယဇ်ပုရောဟိတ်​ခေါင်းဆောင်​အကြီးအကဲ​တို့​သည်​လာ​၍ သေတ္တာ​ထဲမှ ငွေ​ကို​ထုတ်​ပြီး ယူဆောင်​သွား​၏​။ သေတ္တာ​ကို​မူ သူ့​နေရာ​တွင် ပြန်ထား​စေ​၏​။ နေ့စဉ်နေ့တိုင်း ထိုသို့​ပြု​ရာ ငွေ​အမြောက်အမြား​ကို ကောက်ခံ​ရရှိ​လေ​၏​။ 12ရှင်ဘုရင်​နှင့်​ယောယဒ​သည် ထို​ငွေ​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​အမှု​ကို​ဆောင်ရွက်​သူ​တို့​လက်​သို့​အပ်​၏​။ သူ​တို့​က ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ရန်​အတွက် ကျောက်ဆစ်သမား​၊ လက်သမား​တို့​ကို ငှား​၏​။ ထို့အတူ ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ရန်​အတွက် သံ​၊ ကြေးနီ​တို့​ကို​သွန်းလုပ်​တတ်​သော​ပန်းပဲသမား​တို့​ကို ငှား​၏​။
13အလုပ်လုပ်​သော​သူ​တို့​သည် အလုပ်​ကို​ကြိုးစား​၍​လုပ်ဆောင်​ကြ​၏​။ သူ​တို့​လုပ်ဆောင်​သော​အိမ်​တော်​ပြုပြင်​ခြင်း​အမှု​သည်​လည်း အထမြောက်​၍ ဘုရားသခင်​၏​အိမ်​တော်​ကို ယခင်​ပုံစံ​အတိုင်း ခိုင်ခံ့​အောင်​ပြုပြင်​ကြ​၏​။ 14အိမ်​တော်​ပြုပြင်​ခြင်း​အမှု​ပြီးစီး​သောအခါ ကျန်ရှိ​သော​ငွေ​ကို ရှင်ဘုရင်​နှင့် ယောယဒ​ထံ ယူဆောင်​လာ​ကြ​၏​။ ထို​ငွေ​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​အသုံးအဆောင်​များ​၊ အမှု​တော်​နှင့် မီးရှို့ရာယဇ်​ပူဇော်​ခြင်း​အတွက် လိုအပ်​သော​အသုံးအဆောင်​များ​၊ ခွက်​များ​၊ ရွှေ​ထည်​ငွေ​ထည်​အသုံးအဆောင်​များ​ကို ပြုလုပ်​၏​။ ယောယဒ​လက်ထက်​တစ်လျှောက်လုံး ထာဝရဘုရား​၏​အိမ်​တော်​တွင် မီးရှို့ရာယဇ်​ကို အစဉ်​ပူဇော်​ကြ​၏​။
ယုံကြည်ကိုးကွယ်မှုကိုယောရှမင်းကြီးစွန့်ပယ်ခြင်း
15ယောယဒ​သည် အသက်ကြီး​၍​သက်တမ်းစေ့​သောအခါ ကွယ်လွန်​သွား​၏​။ ကွယ်လွန်​ချိန်​တွင် အသက်​တစ်ရာ့​သုံးဆယ် ရှိ​၏​။ 16သူ​သည် အစ္စရေး​နိုင်ငံ​တွင် ဘုရားသခင်​နှင့်​အိမ်​တော်​အတွက်​ကောင်းသောအမှု​များ​ကို ပြု​သောကြောင့် သူ့​ကို ဒါဝိဒ်​မြို့​တွင် ဘုရင်​များ​နှင့်အတူ သင်္ဂြိုဟ်​ကြ​၏​။
17ယောယဒ​ကွယ်လွန်​သွား​ပြီး​နောက်တွင် ယုဒ​အကြီးအကဲ​တို့​သည် ရှင်ဘုရင်​ထံ​လာ​၍ ပျပ်ဝပ်ဦးညွှတ်​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း သူ​တို့​စကား​ကို နားထောင်​၏​။ 18သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​ကို စွန့်ခွာ​သွား​ကြ​ပြီး အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​နှင့် ရုပ်တု​တို့​ကို ကိုးကွယ်​ကြ​၏​။ ထို​အပြစ်​ကြောင့် ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​အပေါ် အမျက်​တော်​သက်ရောက်​လေ​၏​။ 19ထာဝရဘုရား​ထံ ပြန်လှည့်​လာ​ကြ​ရန် ပရောဖက်​များ​ကို သူ​တို့​ထံ စေလွှတ်​တော်မူ​၏​။ ပရောဖက်​တို့​သည် သူ​တို့​ကို​သတိပေး​သော်လည်း သူ​တို့ နား​မ​ထောင်​ကြ​။
20ထိုစဉ်က ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ယဇ်ပုရောဟိတ်​ယောယဒ​၏​သား​ဇာခရိ​ထံ​သက်ရောက်​သဖြင့် သူ​သည် လူ​တို့​ရှေ့​တွင်​ရပ်​ပြီး “​ဘုရားသခင်​က ‘​သင်​တို့ အဘယ်ကြောင့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို ချိုးဖောက်​ကြ​သနည်း​။ သင်​တို့​အောင်မြင်​ကြီးပွား​မည်​မ​ဟုတ်​။ သင်​တို့​သည် ထာဝရဘုရား​ကို စွန့်ပယ်​သည်​ဖြစ်၍ ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပယ်​ပြီ’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။ 21ထိုအခါ သူ​တို့​သည် ဇာခရိ​ကို​သတ်​ရန် လျှို့ဝှက်ကြံစည်​ကြ​၏​။ ရှင်ဘုရင်​၏​အမိန့်​တော်​ဖြင့် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​တွင်​ပင် သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ကြ​၏​။ 22ယောရှ​မင်းကြီး​သည် ဇာခရိ​၏​ဖခင်​ယောယဒ​ပြ​ခဲ့​သော​မေတ္တာကရုဏာ​ကို​ပင် မ​အောက်မေ့​ဘဲ သား​ဖြစ်​သူ​ကို​သတ်​လေ​၏​။ ဇာခရိ​သည် သေ​လုဆဲဆဲ​တွင် “​ထာဝရဘုရား​သည် ဤ​အမှု​ကို မြင်​၍​စီရင်​တော်မူ​ပါစေ​”​ဟု ဆို​၏​။
ယုဒပြည်ကို ရှုရိတို့ ကျူးကျော်နယ်ချဲ့ခြင်း
23နှစ်​လည်​သောအခါ ဆီးရီးယား​တပ်​သည် ယောရှ​မင်းကြီး​ကို​တိုက်ခိုက်​ရန် စစ်ချီ​လာ​၏​။ သူ​တို့​သည် ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​သို့ ဝင်ရောက်​၍ ပြည်သူပြည်သား​တို့​၏​အကြီးအကဲ​များ​အားလုံး​ကို သတ်​ပြီး တိုက်ရာပါပစ္စည်း​အားလုံး​ကို ဒမတ်စကပ်​ဘုရင်​ထံ ပေးပို့​ဆက်သ​ကြ​၏​။ 24ယုဒ​လူမျိုး​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​သောကြောင့် ဆီးရီးယား​စစ်သည်​တို့​သည် လူ​အနည်းငယ်​နှင့်​သာ​ချီလာ​သော်လည်း ထာဝရဘုရား​သည် ယုဒ​စစ်သည်​အမြောက်အမြား​ကို သူ​တို့​လက်​သို့ အပ်လိုက်​လေ​၏​။ ထို့ကြောင့် သူ​တို့​သည် ယောရှ​မင်းကြီး​ကို ဒဏ်ခတ်​စီရင်​ကြ​လေ​၏​။
ယောရှမင်းကြီးလုပ်ကြံခံရခြင်း
25သူ​တို့ ပြန်သွား​သောအခါ ယောရှ​မင်းကြီး​ကို ဒဏ်ရာ​အပြင်းအထန်​နှင့်​ထား​ခဲ့​၏​။ ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​၏​သား​ကို သတ်​သော​အပြစ်​ကြောင့် သူ​၏​အမှုထမ်း​တို့​သည် သူ့​ကို​လုပ်ကြံ​၍​အိပ်ရာ​ထက်​တွင်ပင် သူ့​ကို​ကွပ်မျက်​လိုက်​ကြ​၏​။ ထို့ကြောင့် သူ​သည် အနိစ္စရောက်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ချေ​။
26သူ့​ကို လုပ်ကြံ​သော​သူ​များ​မှာ အမ္မုန်​အမျိုးသမီး​ရှိမတ်​၏​သား​ဇာဗဒ်​နှင့် မောဘ​အမျိုးသမီး​ရှိမရိတ်​၏​သား​ယဟောဇဗဒ် တို့​ဖြစ်​ကြ​၏​။ 27သူ့​သား​တော်​များ​အကြောင်း​၊ သူ​နှင့်​ပတ်သက်သော​ဗျာဒိတ်​တော်​များ​အကြောင်း​၊ ဘုရားသခင်​၏​အိမ်​တော်​ကို​ပြုပြင်​ခဲ့​ပုံ​အကြောင်း​များ​ကို ရှင်ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​များ​တွင် ရေးမှတ်​ထား​၏​။ သူ​၏​သား​တော်​အာမဇိ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ဒုတိယစောင် 24: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ