YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 2

2
ဆုတောင်းခြင်းနှင့်ပတ်သက်သည့်ညွှန်ကြားချက်များ
1သို့ဖြစ်၍ လူ​အပေါင်း​တို့​အတွက်​လည်းကောင်း၊ ရှင်ဘုရင်​များ​နှင့် အထက်​အာဏာပိုင်​အားလုံး​တို့​အတွက်​လည်းကောင်း အသနားခံ​ခြင်း၊ ဆုတောင်း​ခြင်း၊ ကြားခံ​တောင်းလျှောက်​ခြင်း​နှင့် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​တို့​ကို​ပြု​ရန် ပထမ​ဦးစွာ ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။ 2ဤသည်ကား ငါ​တို့​သည် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​နှင့်​တည်ကြည်​လေးနက်​ခြင်း​အပြည့်အဝ​ရှိ​လျက် အေးချမ်း​တည်ငြိမ်​စွာ​အသက်ရှင်​နေထိုင်​နိုင်​ရန်​ဖြစ်​၏။ 3ထိုသို့​ပြု​ခြင်း​သည် ကောင်းမြတ်​၍ ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​၏။ 4လူသား​အားလုံး​ကယ်တင်​ခြင်း​ခံရ​လျက် သမ္မာတရား​ကို​သိရှိ​ခြင်း​သို့​ရောက်​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ 5အကြောင်းမူကား ဘုရားသခင်​တစ်ဆူတည်း​ရှိ​တော်မူ​၍ ဘုရားသခင်​နှင့်​လူ​တို့​စပ်ကြား​တွင် ကြားဝင်​စေ့စပ်​သူ​လည်း တစ်ပါးတည်း​ရှိ​တော်မူ​၏။ ထို​အရှင်​ကား လူ​ဖြစ်​သော​ခရစ်တော်​ယေရှု​ပေတည်း။ 6ထို​အရှင်​သည် လူ​အပေါင်း​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။ ဤသည်ကား အချိန်​တန်​သောအခါ ပေး​တော်မူ​သော​သက်သေခံ​ချက်​ဖြစ်​၏။ 7ငါ​သည် ထို​သက်သေခံ​ချက်​အတွက် သံတော်ဆင့်​နှင့်​တမန်တော်​အဖြစ်​လည်းကောင်း၊ ယုံကြည်​ခြင်း​နှင့်​သမ္မာတရား​တို့​ကို လူမျိုးခြား​တို့​အား သွန်သင်​သော​ဆရာ​အဖြစ်​လည်းကောင်း ခန့်အပ်​ထား​ခြင်း​ခံရ​၏။ ငါ​သည် မုသား​မ​ပါ ဟုတ်မှန်​ရာ​ကို​ပြော​၏။
အမျိုးသားနှင့်အမျိုးသမီးတို့အတွက် ညွှန်ကြားချက်များ
8သို့ဖြစ်၍ အမျိုးသား​တို့​သည် အမျက်ထွက်​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အရပ်ရပ်​တို့​၌ သန့်ရှင်း​သော​လက်​ကို​မြှောက်ချီ​၍​ဆုတောင်း​ကြ​ရန် ငါ​အလိုရှိ​၏။
9ထိုနည်းတူ အမျိုးသမီး​တို့​သည်​လည်း သင့်တင့်​လျောက်ပတ်​စွာ ဝတ်စား​ဆင်ယင်​လျက် ဣန္ဒြေ​စောင့်​ခြင်း​နှင့်​ယဉ်ကျေး​သိမ်မွေ့​ခြင်း​တို့​ဖြင့် မိမိတို့ကိုယ်ကို​ဆင်ယင်​ကြ​၍ ကျစ်​သော​ဆံပင်​နှင့် ရွှေ၊ ပုလဲ၊ တန်ဖိုးကြီး​သော​အဝတ်အစား​စသည်​တို့​ဖြင့် မ​ဟုတ်​ဘဲ 10ဘုရားသခင်​အား​ကြည်ညို​လေးမြတ်​ခြင်း​ရှိ​မည်​ဟု ကတိ​ပြု​သော​အမျိုးသမီး​များ​နှင့်​သင့်လျော်​သည့်​အရာ​တည်းဟူသော ကောင်း​သော​အမှု​များ​ဖြင့် မိမိ​ကိုယ်​ကို​ဆင်ယင်​ကြ​ရန် ငါ​အလိုရှိ​၏။
11အမျိုးသမီး​သည် အရာရာ​၌​နာခံ​ခြင်း​ရှိ​၍ တိတ်ဆိတ်​စွာ​သင်ယူ​ပါစေ။ 12အမျိုးသမီး​သည် သွန်သင်​ခြင်း၊ အမျိုးသား​အပေါ် ဩဇာညောင်း​ခြင်း​အခွင့်​ကို ငါ​မ​ပေး။ အမျိုးသမီး​သည် တိတ်ဆိတ်​စွာ​နေ​ရ​မည်။ 13အကြောင်းမူကား အာဒံ​ကို ပထမ​ဦးစွာ​ဖန်ဆင်း​တော်မူ​၍ နောက်မှ ဧဝ​ကို ဖန်ဆင်း​တော်မူ​၏။ 14ထို့ပြင် အာဒံ​သည် လှည့်ဖြား​ခြင်း​မ​ခံရ။ အမျိုးသမီး​မူကား လှည့်ဖြား​ခြင်း​ခံရ​လျက် ဖောက်ဖျက်​ကျူးလွန်​ခြင်း​သို့​ရောက်​ခဲ့​၏။ 15သို့သော် အမျိုးသမီး​တို့​သည် ဣန္ဒြေ​စောင့်​ခြင်း​နှင့်တကွ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သန့်ရှင်း​ခြင်း​တို့​၌​တည်​လျှင် သားဖွား​ခြင်း​အမှု​အားဖြင့် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။

လက်ရှိရွေးချယ်ထားမှု

တိမောသေဩဝါဒစာပထမစောင် 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။