YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 1

1
နှုတ်ခွန်းဆက်ခြင်း
1ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​နှင့် ငါ​တို့​၏​မျှော်လင့်​ရာ​ဖြစ်​တော်မူ​သော ခရစ်တော်​ယေရှု​၏​အမိန့်​တော်​အတိုင်း ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည် 2ယုံကြည်​ခြင်း​အားဖြင့် ငါ့​သား​စစ်​ဖြစ်​သော​တိမောသေ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​သခင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါ​စေ​သော။
မှားယွင်းသောသွန်သင်ချက်နှင့် ပညတ်တရားကိုလွဲမှားစွာအသုံးပြုမှု
3မာကေဒေါနိ​ပြည်​သို့​သွား​စဉ်​က သင့်​ကို ငါ​တိုက်တွန်း​နှိုးဆော်​ခဲ့​သည့်​အတိုင်း သင်​သည် ဧဖက်​မြို့​၌​နေရစ်​၍ လူ​အချို့​တို့​အား ခြားနား​သော​ဩဝါဒ​ကို မ​သွန်သင်​ကြ​ရန်​လည်းကောင်း၊ 4ဒဏ္ဍာရီ​များ​နှင့် မဆုံး​နိုင်​သော​ဆွေစဉ်မျိုးဆက်​စာရင်း​များ​ကို အာရုံ​မ​စိုက်​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။ ထို​အရာ​တို့​သည် ယုံကြည်​ခြင်း​၌​တည်​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​ထက် အငြင်းပွား​မှု​များ​ကို​သာ​ဖြစ်​စေ​၏။ 5ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။ 6လူ​အချို့​တို့​သည် ထို​အရာ​များ​မှ​လွဲချော်​၍ အကျိုးမဲ့​သော​စကား​ပြောဆို​ခြင်း​ဘက်​သို့ လှည့်​သွား​ကြ​ပြီ။ 7သူ​တို့​သည် မိမိ​တို့​ပြောဆို​သော​အရာ​များ​နှင့် မိမိ​တို့​အခိုင်အမာ​ခံယူ​ထား​သော​အရာ​များ​ကို​ပင် နား​မ​လည်​ဘဲ ကျမ်းတတ်​ဆရာ​များ​ဖြစ်​လို​ကြ​၏။
8သို့သော် ပညတ်​တရား​ကို စည်းမျဉ်း​စည်းကမ်း​နှင့်အညီ​အသုံးပြု​လျှင် ၎င်း​သည် ကောင်းမြတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ 9တစ်နည်းအားဖြင့် ပညတ်​တရား​သည် ဖြောင့်မတ်​သော​သူ​အတွက်​ရှိ​သည်​မ​ဟုတ်​ဘဲ တရားမဲ့​သော​သူ​များ​နှင့်​နာခံ​မှု​မ​ရှိ​သော​သူ​များ၊ ဘုရား​တရား​မဲ့​သော​သူ​များ​နှင့်​အပြစ်သား​များ၊ မ​သန့်ရှင်း​သော​သူ​များ​နှင့်​ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ​များ၊ ဖခင်​ကို​သတ်​သော​သူ​များ​နှင့်​မိခင်​ကို​သတ်​သော​သူ​များ၊ လူသတ်သမား​များ၊ 10တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ 11ဤသည်ကား မင်္ဂလာရှိ​တော်မူ​သော​ဘုရားသခင်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​နှင့် ကိုက်ညီ​၏။ ထို​ကောင်းမြတ်​သော​သတင်း​ကို ငါ့​အား​ယုံကြည်​အပ်နှံ​ထား​တော်မူ​ပြီ။
ပေါလု၏သက်သေခံချက်
12ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် ငါ့​ကို​အမှု​တော်​လုပ်ငန်း​အတွက်​ခန့်ထား​၍ သစ္စာရှိ​သော​သူ​အဖြစ်​မှတ်ယူ​တော်မူ​သောကြောင့်​ဖြစ်​၏။ 13ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။ 14ငါ​တို့​သခင်​ဘုရား​၏​ကျေးဇူး​တော်​သည် ယေရှု​ခရစ်တော်​အပေါ်​၌​ရှိ​သော ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​နှင့်အတူ အလွန်​ကြွယ်ဝ​များပြား​လှ​၏။
15ခရစ်တော်​ယေရှု​သည် အပြစ်သား​တို့​ကို​ကယ်တင်​ရန် ဤ​လောက​သို့​ကြွလာ​တော်မူ​၏​ဟူသော​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို​အပြစ်သား​များ​ထဲတွင် ငါ​သည် အဆိုးဆုံး​ဖြစ်​၏။ 16သို့သော် ငါ​သည် ကရုဏာ​တော်​ကို​ခံစား​ရ​သည့်​အကြောင်းမှာ ခရစ်တော်​ယေရှု​သည် အဆိုးဆုံး​ဖြစ်​သော​ငါ​၌ ခပ်သိမ်း​သော​စိတ်ရှည်​သည်းခံ​ခြင်း​ကို​ပြသ​တော်မူ​ခြင်း​အားဖြင့် ကိုယ်တော်​ကို​ယုံကြည်​၍ ထာဝရ​အသက်​ရရှိ​မည့်​သူ​များ​အတွက် ငါ့​ကို​စံနမူနာ​ဖြစ်​စေရန်​ဖြစ်​၏။ 17ထာဝရ​ဘုရင်၊ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​တော်မူ​သော မ​မြင်ရ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​တော်​နှင့်​ဂုဏ်​တော်​ရှိ​ပါစေသော။ အာမင်။
ကောင်းသောစစ်ပွဲတိုက်ခိုက်နိုင်ရန် ညွှန်ကြားခြင်း
18ငါ့​သား​တိမောသေ၊ သင်​နှင့်​ပတ်သက်၍ ယခင်​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​နှင့်အညီ ဤ​ညွှန်ကြားချက်​ကို သင့်​အား ငါ​ပေး​၏။ ဤသည်ကား သင်​သည် ယုံကြည်​ခြင်း​နှင့်​ကြည်လင်​သော​အသိစိတ်​တို့​ကို​စွဲကိုင်​လျက် ထို​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​အားဖြင့် ကောင်း​သော​တိုက်ပွဲ​ကို တိုက်ခိုက်​နိုင်​မည့်​အကြောင်း​တည်း။ 19အချို့​သော​သူ​တို့​သည် ထို​အသိစိတ်​ကို ပစ်ပယ်​ကြ​သည့်​အတွက် ယုံကြည်​ခြင်း​အရာ​၌ သင်္ဘော​ပျက်စီး​ဆုံးရှုံး​မှု​ကို​ခံရ​ကြ​ပြီ။ 20ထို​သူ​တို့​တွင် ဟုမေနဲ​နှင့်​အလက်ဇန္ဒြား​တို့​ပါဝင်​ကြ​၏။ သူ​တို့​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​ခြင်း​မ​ပြု​မည့်​အကြောင်း ဆုံးမ​ခြင်း​ကို​ခံရ​ကြ​ရန် သူ​တို့​ကို စာတန်​လက်​သို့ ငါ​အပ်လိုက်​၏။

လက်ရှိရွေးချယ်ထားမှု

တိမောသေဩဝါဒစာပထမစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။