YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3

3
ဆုတောင်းပေးရန် မေတ္တာရပ်ခံခြင်း
1နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သခင်​ဘုရား​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​ဖြစ်​သကဲ့သို့ လျင်မြန်​စွာ​ပျံ့နှံ့​၍ ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​နှင့် 2ငါ​တို့​သည် ကောက်ကျစ်​၍​ဆိုးညစ်​သော​လူ​တို့​လက်​မှ ကယ်နုတ်​ခြင်း​ခံရ​မည့်​အကြောင်း ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား လူ​တိုင်း​၌ ယုံကြည်​ခြင်း​ရှိ​သည်​မ​ဟုတ်။ 3သို့သော် သခင်​ဘုရား​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​၏။ ကိုယ်တော်​သည် သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၍ ဆိုးညစ်​သော​သူ​ထံမှ ကွယ်ကာ​စောင့်ရှောက်​တော်မူ​လိမ့်မည်။ 4သင်​တို့​သည် ငါ​တို့​ညွှန်ကြား​သည့်​အရာ​များ​ကို ယခု​ဆောင်ရွက်​နေ​ကြ​၏။ ဆက်၍​လည်း ဆောင်ရွက်​ကြ​လိမ့်မည်​ဟု သခင်​ဘုရား​၌ သင်​တို့​အပေါ် ငါ​တို့​ယုံကြည်​စိတ်ချ​ကြ​၏။ 5သခင်​ဘုရား​သည် သင်​တို့​၏​စိတ်နှလုံး​ကို ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ခရစ်တော်​၏​သည်းခံ​ခြင်း​ထဲသို့ ပို့ဆောင်​တော်မူ​ပါစေသော။
အချောင်ခိုသူမဖြစ်ရန် သတိပေးခြင်း
6ညီအစ်ကို​တို့၊ ငါ​တို့​ထံမှ​ခံယူ​ရရှိ​သည့်​ဓလေ့​ထုံးတမ်း​နှင့်အညီ မ​လိုက်လျှောက်​ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော ညီအစ်ကို​အားလုံး​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် သင်​တို့​ကို ငါ​တို့​ညွှန်ကြား​ကြ​၏။ 7အကြောင်းမူကား ငါ​တို့​ကို မည်ကဲ့သို့​အတုယူ​ရ​မည်​ကို သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​အလယ်၌ စည်းမဲ့​ကမ်းမဲ့​နေ​ကြ​သည်​မ​ဟုတ်။ 8မည်သူ​၏​အစားအစာ​ကို​မျှ အလကား​မ​စား​ဘဲ သင်​တို့​ထဲမှ မည်သူ့​အပေါ်​၌​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် ကြိုးပမ်း​အားထုတ်​လျက် ပင်ပန်း​ခက်ခဲ​စွာ​ဖြင့် နေ့​ရော​ည​ပါ​အလုပ်​လုပ်​ကြ​၏။ 9ထိုသို့​ပြု​ခြင်းမှာ ငါ​တို့​၌ အခွင့်​မ​ရှိ​သောကြောင့်​မ​ဟုတ်။ ငါ​တို့​ကို​အတုယူ​နိုင်​ရန် ငါ​တို့​ကိုယ်တိုင် သင်​တို့​အား စံနမူနာ​ပြ​လို​သောကြောင့်​သာ​ဖြစ်​၏။ 10အကြောင်းမူကား သင်​တို့​နှင့်အတူ ငါ​တို့​ရှိ​စဉ်​က မည်သူမဆို အလုပ်​မ​လုပ်​လို​လျှင် အစာ​ကို​လည်း​မ​စား​စေ​နှင့်​ဟု ညွှန်ကြား​ထား​၏။
11သို့သော် သင်​တို့​ထဲတွင် အချို့​တို့​သည် စည်းမဲ့ကမ်းမဲ့​အသက်ရှင်​လျှောက်လှမ်း​၍ အလုပ်​မ​လုပ်​ဘဲ သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​နေ​ကြောင်း ငါ​တို့​ကြား​ရ​ကြ​၏။ 12ထိုသို့သော​သူ​တို့​သည် ကိုယ့်​ထမင်း​ကိုယ်​စား​နိုင်​ရန်​အတွက် အေးဆေး​တည်ငြိမ်​စွာ​အလုပ်​လုပ်​ကြ​ရန် သခင်​ယေရှု​ခရစ်တော်​၌ ငါ​တို့​ညွှန်ကြား​လျက် တိုက်တွန်း​နှိုးဆော်​ကြ​ပါ​၏။ 13ညီအစ်ကို​တို့၊ သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​နှင့်။
14တစ်စုံတစ်ယောက်​သည် ဤ​စာ​အားဖြင့် ငါ​တို့​မှာကြား​သော​စကား​ကို​နားမထောင်​လျှင် ထို​သူ​အား အရှက်ရ​စေရန် သူ့​ကို​မှတ်ထား​လျက် သူ​နှင့်​အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။ 15သို့သော် သူ့​ကို ရန်သူ​ကဲ့သို့​မ​မှတ်ယူ​ဘဲ ညီအစ်ကို​ကဲ့သို့ သတိပေး​ဆုံးမ​ကြ​လော့။
နောက်ဆုံးနှုတ်ခွန်းဆက်စကား
16ငြိမ်သက်​ခြင်း​၏​သခင်​ကိုယ်တော်​တိုင်​သည် မည်သည့်​အခြေအနေ​၌​မဆို သင်​တို့​အား ငြိမ်သက်​ခြင်း​ကို အစဉ်အမြဲ​ပေး​တော်မူ​ပါစေသော။ သခင်​ဘုရား​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။
17ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ဤသည်ကား ငါ့​စာ​အားလုံး​တွင်​ပါ​သည့်​အမှတ်​လက္ခဏာ​ဖြစ်​၏။ ငါ​သည် ဤသို့​ရေး​လေ့​ရှိ​၏။
18ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ