YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 8

8
ရုပ်တုအားပူဇော်ထားသောအရာများ
1ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​နှင့်​ပတ်သက်၍ ငါ​တို့​အားလုံး​၌ အသိပညာ​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ သို့သော် အသိပညာ​သည် ထောင်လွှား​စေ​တတ်​၏။ ချစ်​ခြင်း​မေတ္တာ​မူကား တည်ဆောက်​မြှင့်တင်​ပေး​တတ်​၏။ 2မည်သူမဆို တစ်စုံတစ်ရာ​ကို​သိ​ပြီ​ဟု​ထင်မှတ်​လျှင် ထို​သူ​သည် သိ​သင့်​သည့်​အတိုင်း​ပင် မ​သိ​သေး။ 3သို့သော် မည်သူမဆို ဘုရားသခင်​ကို​ချစ်​လျှင် ဘုရားသခင်​သည် ထို​သူ​ကို​သိ​တော်မူ​၏။
4ထို့ကြောင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို စား​သောက်​ခြင်း​နှင့်​ပတ်သက်၍ ရုပ်တု​သည် ဤ​လောက​၌ ဘာမျှ​မ​ဟုတ်​ကြောင်း​နှင့် တစ်ဆူတည်း​သော​ဘုရားသခင်​မှတစ်ပါး မည်သည့်​ဘုရား​မျှ​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ 5အကြောင်းမူကား များစွာ​သော​ဘုရား၊ များစွာ​သော​သခင်​ရှိ​သည်​ဟု ဆို​ကြ​သည့်​အတိုင်း ကောင်းကင်​၌​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ဖြစ်စေ ဘုရား​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​သော​အရာ​များ ရှိ​ခဲ့​လျှင်​ပင် 6ငါ​တို့​အတွက်​မူကား ခမည်းတော်​တည်းဟူသော ဘုရားသခင်​တစ်ပါးတည်း​သာ​ရှိ​၍ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​ထံမှ​ဖြစ်လာ​ပြီး ငါ​တို့​သည် ကိုယ်တော်​၌​တည်​ကြ​၏။ ထို့ပြင် ငါ​တို့​အတွက် ယေရှု​ခရစ်တော်​တည်းဟူသော သခင်​တစ်ပါးတည်း​သာ​ရှိ​၍ အရာ​ခပ်သိမ်း​တို့​သည် ထို​သခင်​အားဖြင့်​ဖြစ်လာ​ပြီး ငါ​တို့​သည် ထို​သခင်​၌​တည်​ကြ​၏။
7သို့သော် လူ​တိုင်း​၌ ဤ​အသိပညာ​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် ရုပ်တု​ကိုးကွယ်​သည့်​အလေ့အထ​ရှိ​ခဲ့​သည်​ဖြစ်၍ ထို​အသား​ကို​စား​သောအခါ ယခု​အထိ​ပင် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​အဖြစ်​စား​ကြ​သဖြင့် သူ​တို့​၏​အားနည်း​သည့်​အသိစိတ်​သည် မသိုးမသန့်​ဖြစ်​ရ​၏။ 8အစားအစာ​သည် ဘုရားသခင်​ရှေ့​တော်​၌ ငါ​တို့​ကို မျက်နှာရ​စေ​လိမ့်မည်​မ​ဟုတ်။ မ​စား​ဘဲ​နေ​လျှင်​လည်း အရှုံး​မ​ရှိ။ စား​လျှင်​လည်း အမြတ်​မ​ရ။
9သို့သော် သင်​တို့​၏​လွတ်လပ်​ခွင့်​သည် အကြောင်း​တစ်စုံတစ်ခု​ကြောင့် အားနည်း​သော​သူ​တို့​အတွက် ခလုတ်တံသင်း​မ​ဖြစ်​စေရန် သတိပြု​ကြ​လော့။ 10အကြောင်းမူကား အသိပညာ​ရှိ​သော​သင်​သည် ရုပ်တု​ဗိမာန်​ထဲ၌ ထိုင်​၍​စား​သောက်​နေ​သည်​ကို တစ်စုံတစ်ဦး​က​တွေ့မြင်​လျှင် ထို​သူ​၏​အားနည်း​သည့်​အသိစိတ်​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​ကို​စား​ရန် ရဲတင်း​လာ​မည်​မ​ဟုတ်​လော။ 11ထိုအခါ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​သော ညီအစ်ကို​ဖြစ်​သည့် ထို​အားနည်း​သော​သူ​သည် သင်​၏​အသိပညာ​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​ရ​၏။ 12ဤသို့ဖြင့် သင်​တို့​သည် ညီအစ်ကို​တို့​ကို​ပြစ်မှား​၍ သူ​တို့​၏​အားနည်း​သည့်​အသိစိတ်​ကို ထိခိုက်​စေ​လျှင် ခရစ်တော်​ကို​ပြစ်မှား​ရာ​ရောက်​၏။ 13ထို့ကြောင့် အစားအစာ​သည် ငါ​၏​ညီအစ်ကို​ကို မှားယွင်း​စေ​လျှင် ငါ့​ညီအစ်ကို​အား မ​မှားယွင်း​စေရန် ငါ​သည် အသား​ကို ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ စား​မည်​မ​ဟုတ်။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာပထမစောင် 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ