YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 7

7
အိမ်ထောင်ရေးဆိုင်ရာအခြေခံသဘောတရား
1သင်​တို့​ရေး​လာ​သော​အကြောင်းအရာ​များ​နှင့်​ပတ်သက်၍ ယောက်ျား​သည် မိန်းမ​နှင့်​အတွေ့အထိ​မ​ရှိ​လျှင် ကောင်း​၏။ 2သို့သော် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အမှု​များ​ကြောင့် ယောက်ျား​အသီးသီး​၌ မိမိ​မယား​ရှိ​စေ​လော့။ မိန်းမ​အသီးသီး​၌​လည်း မိမိ​လင်​ယောက်ျား​ရှိ​စေ​လော့။ 3ယောက်ျား​သည် မိမိ​မယား​အပေါ်​ပြု​အပ်​သော​ဝတ်​ကို ပြု​ရ​မည်။ မိန်းမ​သည်​လည်း မိမိ​လင်​ယောက်ျား​အပေါ် ထိုနည်းတူ​ပြု​ရ​မည်။ 4မယား​သည် မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ လင်​ယောက်ျား​ကသာ​ပိုင်​၏။ ထို့အတူ လင်​ယောက်ျား​သည်​လည်း မိမိ​ကိုယ်ခန္ဓာ​ကို​မ​ပိုင်၊ မယား​က​သာ​ပိုင်​၏။ 5သင်​တို့​သည် ဆုတောင်း​ခြင်း​အတွက် အပြည့်အဝ​ဆက်ကပ်​နိုင်​မည့်​အကြောင်း ခေတ္တခဏ​ခွဲခွာ​ပြီးနောက် ပြန်၍​ပေါင်းသင်း​နေထိုင်​ရန် နှစ်ဦး​သဘော​တူညီ​ချက်​ဖြင့်​မ​ဟုတ်​လျှင် အချင်းချင်း​၏​ခံစား​ခွင့်​ကို မ​ပေး​ဘဲ​မ​နေ​ကြ​နှင့်။ သို့မဟုတ်လျှင် စာတန်​သည် သင်​တို့​၏ မိမိကိုယ်ကို​မချုပ်တည်း​နိုင်​မှု​အပေါ် အခွင့်ကောင်း​ယူ​၍ သင်​တို့​အား ဖြားယောင်း​သွေးဆောင်​လိမ့်မည်။ 6ထိုသို့​ဆိုသော် အမိန့်​ပေး​ခြင်း​အနေဖြင့်​မ​ဟုတ်​ဘဲ အခွင့်​ပေး​ခြင်း​အနေဖြင့် ငါ​ဆို​၏။ 7ငါ့​အနေဖြင့် လူ​အပေါင်း​တို့​အား ငါ​ကဲ့သို့​ဖြစ်​စေ​လို​၏။ သို့သော် လူ​တစ်ဦးစီ​၌ ဘုရားသခင်​ထံမှ မိမိ​ရရှိ​သော​ဆု​ကျေးဇူး တစ်ယောက်တစ်မျိုးစီ​ရှိ​၏။
8အိမ်ထောင်​မ​ရှိ​သော​ယောက်ျား​နှင့်​မုဆိုးမ​တို့​အား ငါ​ဆို​သည်​ကား သူ​တို့​သည် ငါ​ကဲ့သို့​ဆက်၍​နေ​နိုင်​လျှင် သူ​တို့​အတွက်​ကောင်း​၏။ 9သို့သော် မိမိကိုယ်ကို​မ​ချုပ်တည်း​နိုင်​လျှင် အိမ်ထောင်ပြု​ကြ​စေ။ အကြောင်းမူကား ကိလေသာ​စိတ်​ပူလောင်​ခြင်း​ရှိ​သည်​ထက် အိမ်ထောင်ပြု​သော် သာ၍​ကောင်း​၏။
အိမ်ထောင်ရှိသောသူတို့အတွက် အကြံပြုချက်
10အိမ်ထောင်ရှိ​သော​သူ​တို့​အား ငါ့​ထံမှ​မ​ဟုတ်​ဘဲ သခင်​ဘုရား​ထံမှ​ညွှန်ကြား​ချက်​ကို ငါ​ပေး​သည်​ကား မယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲကွာ​စေ​နှင့်။ 11အကယ်၍ ကွဲကွာ​ခဲ့​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ပါစေ။ သို့မဟုတ် လင်​ယောက်ျား​နှင့် ပြန်လည်​သင့်မြတ်​ပါစေ။ လင်​ယောက်ျား​သည်​လည်း မိမိ​မယား​ကို​မ​စွန့်ခွာ​စေ​နှင့်။
12အခြား​သော​သူ​တို့​အား သခင်​ဘုရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင်​ပြောဆို​သည်​မှာ ညီအစ်ကို​တစ်စုံတစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​မယား​ရှိ​၍ ထို​မိန်းမ​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​မိန်းမ​နှင့်​မ​ကွာ​စေ​နှင့်။ 13ထိုနည်းတူ အမျိုးသမီး​တစ်စုံ​တစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​ရှိ​၍ ထို​ယောက်ျား​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​ယောက်ျား​နှင့်​မ​ကွာ​စေ​နှင့်။ 14အကြောင်းမူကား ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိမိ​မယား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ ယုံကြည်​သူ​မ​ဟုတ်​သော​မယား​သည်​လည်း မိမိ​လင်​ယောက်ျား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ သို့မဟုတ်​လျှင် သင်​တို့​၏​သားသမီး​တို့​သည် ညစ်ညူး​ကြ​လိမ့်မည်။ သို့သော် ယခု သူ​တို့​သည် သန့်ရှင်း​ကြ​၏။
15သို့ရာတွင် မ​ယုံကြည်​သူ​ဖက်​မှ ကွဲကွာ​လို​လျှင် ကွဲကွာ​ပါ​စေ။ ထိုသို့​သော​အခြေအနေ​မျိုး​တွင် ယုံကြည်​သူ​ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ အနှောင်အဖွဲ့​ကင်း​၏။ ဘုရားသခင်​သည် သင်​တို့​အား ငြိမ်းချမ်း​မှု​ရရှိ​စေရန် ခေါ်ယူ​တော်မူ​၏။ 16အသင်​မိန်းမ၊ သင်​သည် မိမိ​လင်​ယောက်ျား​ကို ကယ်တင်​မည်​မ​ကယ်တင်​မည်​ကို မည်သို့​သိ​နိုင်​မည်နည်း။ အသင်​ယောက်ျား၊ သင်​သည် မိမိ​မယား​ကို ကယ်တင်​မည်​မ​ကယ်တင်​မည်​ကို မည်သို့​သိ​နိုင်​မည်နည်း။
အသက်တာ၏အခြေအနေအမျိုးမျိုး
17လူ​အသီးသီး​တို့​သည် မိမိ​အား သခင်​ဘုရား​သတ်မှတ်​ခွဲဝေ​ပေး​တော်မူ​သည့်​အတိုင်း​နှင့် တစ်ဦးစီ​အား ဘုရားသခင်​ခေါ်ယူ​တော်မူ​သည့်​အခြေအနေ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​ပါစေ။ ဤသည်ကား အသင်းတော်​အားလုံး​တို့​ကို ငါ​မှာကြား​သော​အချက်​ဖြစ်​၏။ 18ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ အရေဖျား​လှီး​ခြင်း​ခံ​ပြီး​သား​ဖြစ်​သော​သူ​သည် ထို​အရာ​ကို​မ​ဖျောက်ဖျက်​စေ​နှင့်။ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ အရေဖျား​မ​လှီး​ထား​သော​သူ​သည် အရေဖျား​လှီး​ခြင်း​ကို​မ​ခံ​စေ​နှင့်။ 19အရေဖျား​လှီး​ခြင်း​သည် ပဓာန​မ​ဟုတ်။ အရေဖျား​မ​လှီး​ခြင်း​သည်​လည်း ပဓာန​မ​ဟုတ်။ ဘုရားသခင်​၏​ပညတ်​တော်​ကို စောင့်ထိန်း​ခြင်း​သာ ပဓာန​ဖြစ်​၏။ 20လူ​အသီးသီး​သည် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည့်​အခြေအနေ​၌ ဆက်၍​တည်​နေ​ပါစေ။ 21ခေါ်ယူ​တော်မူ​ခြင်း​ခံရ​စဉ် ကျွန်​ဖြစ်​လျှင် စိတ်​အနှောင့်အယှက်​မ​ဖြစ်​နှင့်။ သို့သော် လွတ်လပ်​သူ​ဖြစ်​နိုင်​လျှင် ထို​အခွင့်အရေး​ကို​အသုံးပြု​လော့။ 22အကြောင်းမူကား ကျွန်​ဖြစ်​စဉ် သခင်​ဘုရား​၌ ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် သခင်​ဘုရား​အားဖြင့်​လွတ်လပ်​ခွင့်​ရ​သူ​ဖြစ်​၏။ ထိုနည်းတူ လွတ်လပ်​သူ​ဖြစ်စဉ် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​သည် ခရစ်တော်​၏​ကျွန်​ဖြစ်​၏။ 23သင်​တို့​ကို အဖိုးအခ​နှင့်​ဝယ်ယူ​ထား​သည်​ဖြစ်၍ လူ​တို့​၏​ကျွန် မ​ဖြစ်​ကြ​နှင့်။ 24ညီအစ်ကို​တို့၊ လူ​အသီးသီး​သည် မိမိ​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည့်​အခြေအနေ​၌ ဘုရားသခင်​နှင့်အတူ​ဆက်၍​တည်​နေ​ပါစေ။
အိမ်ထောင်မရှိသူနှင့်မုဆိုးမတို့အတွက် အကြံပြုချက်
25အပျို​ကညာ​တို့​နှင့်​ပတ်သက်၍​မူကား သခင်​ဘုရား​၏​ပညတ်ချက်​ကို ငါ​မ​ရရှိ​ခဲ့​ချေ။ သို့သော် သခင်​ဘုရား​၏​ကရုဏာ​တော်​ကို​ခံစား​ရ​သည့် ယုံကြည်​ထိုက်​သူ​တစ်​ဦး​အနေဖြင့် ငါ​၏​ထင်မြင်​ချက်​ကို​ပေး​ရ​မည်​ဆိုလျှင် 26မျက်မှောက်​ကြုံတွေ့​နေ​ရ​သော ခက်ခဲ​ကျပ်တည်း​ခြင်း​ကြောင့် ဤ​အတိုင်း​နေ​လျှင် ကောင်း​၏​ဟု ငါ​ယူဆ​၏။ ယောက်ျား​သည်​လည်း လက်ရှိ​အခြေအနေ​အတိုင်း​နေ​လျှင် ကောင်း​၏။ 27သင်​သည် မယား​နှင့်​အနှောင်အဖွဲ့​ရှိ​လျှင် ကွာရှင်း​ရန်​မ​ကြံစည်​နှင့်။ မယား​နှင့်​အနှောင်အဖွဲ့​မ​ရှိ​လျှင် မယား​ကို​မ​ရှာ​နှင့်။ 28သို့သော် အိမ်ထောင်ပြု​လျှင်​လည်း သင်​သည်​အပြစ်​ပြု​သည်​မ​ဟုတ်။ အပျို​ကညာ​တစ်​ဦး​သည် အိမ်ထောင်ပြု​လျှင်​လည်း အပြစ်​ပြု​သည်​မ​ဟုတ်။ သို့သော် ထို​သူ​တို့​သည် ကိုယ်ကာယ​၌ ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ ငါ​သည် သင်​တို့​ကို ထို​ဒုက္ခ​မှ ကင်းဝေး​စေ​လို​၍​သာ​ဖြစ်​၏။
29ညီအစ်ကို​တို့၊ ဤသို့​ငါ​ဆို​၏။ အချိန်အခါ​ကုန်လု​နီး​ပြီ​ဖြစ်​သောကြောင့် ယခု​မှစ၍ မယား​ရှိ​သော​သူ​တို့​သည် မယား​မ​ရှိ​သော​သူ​ကဲ့သို့​လည်းကောင်း၊ 30ငိုကြွေး​သော​သူ​တို့​သည် မ​ငိုကြွေး​သကဲ့သို့​လည်းကောင်း၊ ဝမ်းမြောက်​သော​သူ​တို့​သည် ဝမ်းမြောက်​ခြင်း​မ​ရှိ​သကဲ့သို့​လည်းကောင်း၊ ဝယ်ယူ​သော​သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပိုင်ဆိုင်​သကဲ့သို့​လည်းကောင်း နေ​ကြ​ပါစေ။ 31လောက​အရာ​ကို​သုံးစွဲ​သော​သူ​တို့​သည်​လည်း ၎င်း​ကို​အပြည့်အဝ​မ​သုံးစွဲ​သကဲ့သို့ နေ​ကြ​ပါစေ။ အကြောင်းမူကား ဤ​လောက​၏​ပုံစံ​အဖြစ်သနစ်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။
32ငါ​သည် သင်​တို့​ကို စိုးရိမ်​ခြင်း​နှင့်​ကင်းလွတ်​စေ​လို​၏။ အိမ်ထောင်​မ​ရှိ​သော​ယောက်ျား​သည် သခင်​ဘုရား​ကို​နှစ်သက်​စေရန် သခင်​ဘုရား​၏​အမှု​ကို​ဂရုစိုက်​တတ်​၏။ 33အိမ်ထောင်ရှိ​သော​ယောက်ျား​မူကား မိမိ​မယား​ကို မည်ကဲ့သို့​နှစ်သက်​စေ​ရ​မည်​ဟူသော လောကီ​အမှု​တို့​ကို​ဂရုစိုက်​သဖြင့် 34သူ​၏​စိတ်အာရုံ​သည် ထွေပြား​တတ်​၏။ အိမ်ထောင်​မ​ရှိ​သော​အမျိုးသမီး​နှင့်​အပျို​ကညာ​တို့​သည် ကိုယ်ခန္ဓာ​နှင့်​စိတ်​ဝိညာဉ်​နှစ်ဖြာ​စလုံး​သန့်ရှင်း​စေရန် သခင်​ဘုရား​၏​အမှု​တို့​ကို​ဂရုစိုက်​တတ်​၏။ အိမ်ထောင်ရှိ​သော​အမျိုးသမီး​မူကား မိမိ​လင်​ယောက်ျား​ကို မည်ကဲ့သို့​နှစ်သက်​စေ​ရ​မည်​ဟူသော လောကီ​အမှု​တို့​ကို​ဂရုစိုက်​တတ်​၏။ 35ဤသို့ ငါ​ဆို​သည်​မှာ သင်​တို့​၏​အကျိုး​အတွက်​ဖြစ်၍ သင်​တို့​ကို​ချုပ်ချယ်​ရန်​မ​ဟုတ်။ သင်​တို့​သည် လျောက်ပတ်​စွာ​ကျင့်​၍ အာရုံ​ထွေပြား​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​ကို အစဉ်မပြတ်​ဆောင်ရွက်​နိုင်​ရန်​အတွက်​သာ​ဖြစ်​၏။
36တစ်စုံတစ်ယောက်​သည် မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို အခါလင့်​စေ​လျှင် မ​လျောက်ပတ်​ဟု​ထင်မှတ်​၍ ထိုသို့​ပြု​စရာ​လည်း​ရှိ​လျှင် သူ​၏​ဆန္ဒ​အတိုင်း​ပြု​ပါစေ။ သူ​သည် အပြစ်​ပြု​သည်​မ​ဟုတ်။ သူ​တို့​အိမ်ထောင်ပြု​ပါစေ။ 37သို့သော် သူ​သည် မိမိ​စိတ်နှလုံး​ထဲ၌ အခိုင်အမာ​စိတ်ပိုင်းဖြတ်​ထား​၍ မလွှဲမရှောင်သာ​၍​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​အလိုဆန္ဒ​ကို​ထိန်းချုပ်​နိုင်​ပြီး မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို​ထိန်းသိမ်း​ထား​ရန် မိမိ​စိတ်​ထဲ၌ ဆုံးဖြတ်​ထား​ပါက သူ​သည် ကောင်းစွာ​ပြု​၏။ 38ထို့ကြောင့် မိမိ​နှင့်ဆိုင်သော​အပျို​ကညာ​ကို ပေးစား​ဆောင်နှင်း​သော​သူ​သည် ကောင်းစွာ​ပြု​၏။ ပေးစား​ဆောင်နှင်း​ခြင်း​မ​ပြု​သော​သူ​မူကား သာ၍​ကောင်း​စွာ​ပြု​၏။
39မယား​သည် မိမိ​လင်​ယောက်ျား​အသက်ရှင်​နေ​သရွေ့​ကာလ​ပတ်လုံး အနှောင်အဖွဲ့​ရှိ​၏။ လင်​ယောက်ျား​သေဆုံး​ခဲ့​လျှင်​မူကား မိမိ​နှစ်သက်​သော​သူ​နှင့် သခင်​ဘုရား​၌​သာ အိမ်ထောင်ပြု​ခွင့်​ရှိ​၏။ 40သို့သော် ငါ​၏​ထင်မြင်​ချက်​အရ သူ​သည် အိမ်ထောင်​မ​ပြု​ဘဲ​နေ​လျှင် သာ၍​မင်္ဂလာရှိ​၏။ ငါ​၌​လည်း ဘုရားသခင်​၏​ဝိညာဉ်​တော်​ရှိ​သည်​ဟု ငါ​မှတ်ယူ​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာပထမစောင် 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။