YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 6

6
ယုံကြည်သူအချင်းချင်း အမှုဖြစ်ခြင်း
1သင်​တို့​ထဲမှ​တစ်စုံတစ်ဦး​သည် အခြား​သူ​နှင့် အမှု​ဖြစ်ပွား​သောအခါ သန့်ရှင်း​သူ​တို့​ရှေ့၌ စီရင်​ခြင်း​မ​ခံ​ဘဲ မ​ဖြောင့်မတ်​သော​သူ​တို့​ရှေ့၌ စီရင်​ခြင်း​ခံ​ဝံ့​သလော။ 2သန့်ရှင်း​သူ​တို့​သည် ဤ​လောက​ကို​စီရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ သင်​တို့​သည် ဤ​လောက​ကို​စီရင်​ရ​သည်​ဆိုလျှင် အငယ်ဆုံး​သော​အမှု​များ​ကို​ပင် စီရင်​နိုင်စွမ်း​မ​ရှိ​ကြ​သလော။ 3ငါ​တို့​သည် ကောင်းကင်​တမန်​တို့​ကို​စီရင်​ရ​မည်​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ သို့ဖြစ်လျှင် ဤ​ဘဝ​နှင့်ဆိုင်သော​အမှုကိစ္စ​များ​ကို ပို၍​စီရင်​ထိုက်​သည်​မ​ဟုတ်​လော။ 4သို့ဖြစ်လင့်ကစား သင်​တို့​တွင် ဤ​ဘဝ​နှင့်ဆိုင်သော အမှု​အခင်း​ဖြစ်ပွား​သောအခါ အသင်းတော်​က အသိအမှတ်​မ​ပြု​သော​သူ​တို့​ကို တရား​စီရင်​သူ​အဖြစ်​ခန့်ထား​ကြ​သလော။ 5သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့ ငါ​ဆို​၏။ သင်​တို့​အထဲတွင် မိမိ​၏​ညီအစ်ကို​အချင်းချင်း​ကြား စီရင်​ဆုံးဖြတ်​ပေး​နိုင်​မည့် ပညာရှိ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​သလော။ 6ယခု​မူကား ညီအစ်ကို​အချင်းချင်း​တရားတွေ့​ကြ​သည်​သာမက ထို​အမှု​ကို မ​ယုံကြည်​သော​သူ​တို့​ရှေ့တွင်​ပြု​ကြ​၏။
7အမှန်စင်စစ် သင်​တို့​အချင်းချင်း​တရားတွေ့​ခြင်း​အမှု​သည် သင်​တို့​အတွက် လုံးလုံး​ရှုံးနိမ့်​ခြင်း​ပင်​ဖြစ်​၏။ ထိုသို့​တရားတွေ့​မည့်​အစား မတရား​ပြု​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။ လိမ်ညာ​လုယူ​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။ 8သို့သော် သင်​တို့​သည် မတရား​ပြု​၍ လိမ်ညာ​လုယူ​ကြ​ပြီး ထို​အမှု​ကို မိမိ​တို့​၏​ညီအစ်ကို​များ​အပေါ် ပြု​ကြ​ပါ​သည်​တကား။ 9သို့မဟုတ် မ​ဖြောင့်မတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ အယူ​မ​လွဲ​ကြ​နှင့်။ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​များ၊ အမျိုးသား​ပြည့်တန်ဆာ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ 10သူခိုး​များ၊ လောဘ​လွန်ကျူး​သူ​များ၊ သောက်​စား​မူးယစ်​သူ​များ၊ ဝေဖန်​ပုတ်ခတ်​သူ​များ​နှင့် လိမ်လည်​လုယူ​သူ​များ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်။ 11သင်​တို့​တွင် အချို့​သော​သူ​တို့​သည် ထိုသို့​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ သို့သော် သင်​တို့​သည် သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​နှင့် ငါ​တို့​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဆေးကြော​ခြင်း​ခံရ​၍ သန့်ရှင်း​စေ​ခြင်း​ခံရ​ကာ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။
ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေခြင်း
12ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် အမှုအရာ​အားလုံး​သည် အကျိုး​ရှိ​သည်​မ​ဟုတ်။ ငါ​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပြု​ခွင့်​ရှိ​၏။ သို့သော် မည်သည့်​အမှုအရာ​၏​စိုးမိုး​ခြင်း​ကို​မျှ ငါ​ခံ​မည်​မ​ဟုတ်။ 13အစာ​သည် ဝမ်း​အတွက်​ဖြစ်​၏။ ဝမ်း​သည်​လည်း အစာ​အတွက်​ဖြစ်​၏။ သို့သော် ဘုရားသခင်​သည် ထို​အရာ​နှစ်မျိုးစလုံး​ကို ဖျက်ဆီး​တော်မူ​လိမ့်မည်။ ကိုယ်ခန္ဓာ​သည် တရားနှင့်မညီ​မေထုန်ပြု​ရန်​အတွက်​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​ဖြစ်​၏။ သခင်​ဘုရား​သည်​လည်း ကိုယ်ခန္ဓာ​အတွက်​ဖြစ်​တော်မူ​၏။ 14ဘုရားသခင်​သည် သခင်​ဘုရား​ကို ထမြောက်​စေ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ကို​လည်း မိမိ​၏​တန်ခိုး​တော်​အားဖြင့် ထမြောက်​စေ​တော်မူ​လိမ့်မည်။ 15သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ဖြစ်​ကြောင်း မ​သိ​ကြ​သလော။ သို့ဖြစ်လျှင် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ကို​ယူ​၍ ပြည့်တန်ဆာ​၏​ကိုယ်အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ လုံးဝ​မ​ဖြစ်​စေ​ရ။ 16ပြည့်တန်ဆာ​နှင့်​ပေါင်းဖော်​သော​သူ​သည် ပြည့်တန်ဆာ​နှင့်​တစ်ခန္ဓာတည်း​ဖြစ်​ကြောင်း မ​သိ​ကြ​သလော။ အကြောင်းမူကား “ထို​သူ​နှစ်​ဦး​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်”#မ 19:5၊ မာ 10:8၊ ဧ 5:31၊ က 2:24။​ဟု ကျမ်းစာ​၌​ဆို​ထား​၏။ 17သို့သော် သခင်​ဘုရား​နှင့်​ပေါင်းဖော်​သော​သူ​သည် သခင်​ဘုရား​နှင့်​တစ်​စိတ်​တစ်​ဝိညာဉ်​တည်း​ဖြစ်​၏။
18တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​ပြင်ပ​၌​ဖြစ်​၏။ တရားနှင့်မညီ​မေထုန်ပြု​သော​သူ​မူကား မိမိ​ကိုယ်ခန္ဓာ​ကို​ပြစ်မှား​၏။ 19သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံမှ သင်​တို့​ရရှိ​ထား​သော သင်​တို့​အထဲ၌​တည်နေ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​ဗိမာန်​တော်​ဖြစ်​ကြောင်း​ကို​လည်းကောင်း၊ သင်တို့ကိုယ်သင်တို့​မ​ပိုင်​ကြောင်း​ကို​လည်းကောင်း သင်​တို့​မ​သိ​ကြ​သလော။ 20သင်​တို့​ကို အဖိုးအခ​ပေး​၍ ဝယ်ယူ​ထား​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​ကိုယ်ခန္ဓာ​အားဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​ကြ​လော့။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာပထမစောင် 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ