YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန္သုဩဝါဒစာပထမစောင် 9

9
တမန်တော်၌ရှိသောအခွင့်များ
1ငါ​သည် လွတ်လပ်​သူ​ဖြစ်​သည်​မ​ဟုတ်​လော။ တမန်တော်​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​၏​သခင်​ယေရှု​ကို ဖူးမြင်​ခဲ့​သည်​မ​ဟုတ်​လော။ သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​လုပ်ဆောင်​မှု​ရလဒ်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ 2အခြား​သော​သူ​တို့​အတွက် ငါ​သည် တမန်တော်​မ​ဖြစ်​ခဲ့​လျှင်​ပင် သင်​တို့​အတွက်​မူကား ငါ​သည် တမန်တော်​ဖြစ်​၏။ အကြောင်းမူကား သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​တမန်တော်​ဖြစ်​ခြင်း​၏​တံဆိပ်​ဖြစ်​ကြ​၏။
3ငါ့​ကို​စစ်ဆေး​စီရင်​သော​သူ​တို့​အား ဤသို့ ငါ​ဖြေရှင်း​ပြောဆို​၏။ 4ငါ​တို့​တွင် စား​သောက်​ရ​သော​အခွင့်​မ​ရှိ​သလော။ 5ငါ​တို့​သည် ကေဖ​နှင့် သခင်​ဘုရား​၏​ညီ​တော်​များ​မှစ၍ အခြား​သော​တမန်တော်​များ​ကဲ့သို့ ယုံကြည်​သူ​ဖြစ်​သော​ဇနီးသည်​ကို ခရီး​သွား​ရာ​၌ ခေါ်ဆောင်​ခွင့်​မ​ရှိ​ကြ​သလော။ 6သို့မဟုတ် ငါ​နှင့်​ဗာနဗ​၌​သာ အလုပ်​မ​လုပ်​ဘဲ​နေ​ရ​သော​အခွင့်​မ​ရှိ​သလော။
7မည်သူ​သည် မိမိ​စရိတ်​ဖြင့် စစ်မှုထမ်း​ဖူး​သနည်း။ မည်သူ​သည် စပျစ်ခြံ​ကို​စိုက်ပျိုး​ပြီး ၎င်း​၏​အသီး​ကို မ​စား​ဘဲ​နေ​သနည်း။ သို့မဟုတ် မည်သူ​သည် သိုး​အုပ်​ကို​ထိန်းကျောင်း​ပြီး သိုး​တို့​၏​နို့​ကို မ​သောက်​ဘဲ​နေ​သနည်း။ 8ငါ​သည် ဤ​အရာ​များ​ကို လူ့​သဘော​အားဖြင့် ပြောဆို​နေ​သလော။ ပညတ်​တရား​သည်​လည်း ထိုသို့​ဆို​ထား​သည်​မ​ဟုတ်​လော။ 9အကြောင်းမူကား မောရှေ​၏​ပညတ်​တရား​ကျမ်း​၌ “စပါး​နယ်​နေ​သည့်​နွား​ကို ပါးချုပ်​မ​တပ်​ရ”#၁တိ 5:18၊ တရား 25:4။​ဟု ရေး​ထား​၏။ ဘုရားသခင်​သည် နွား​တို့​ကို ဂရုစိုက်​တော်မူ​သလော၊ 10သို့မဟုတ် ငါ​တို့​အတွက်​သာ​မိန့်​တော်မူ​သလော။ အမှန်ပင် ငါ​တို့​အတွက်​ရေး​ထား​ခြင်း​ဖြစ်​၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်​သော​သူ​သည် မျှော်လင့်​လျက်​ထွန်ယက်​သင့်​သည်​ဖြစ်၍ စပါး​နယ်​သော​သူ​သည်​လည်း မျှဝေ​ခံစား​ခွင့်​ကို​မျှော်လင့်​လျက် စပါး​နယ်​သင့်​၏။ 11ငါ​တို့​သည် ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​တို့​ကို သင်​တို့​၌​စိုက်ပျိုး​ခဲ့​သည်​ဆိုလျှင် သင်​တို့​ထံမှ ရုပ်ဝတ္ထု​နှင့်ဆိုင်သော​အရာ​များ​ကို ရိတ်သိမ်း​ကြ​ခြင်း​သည် လွန်ရာကျ​သလော။ 12အခြား​သော​သူ​တို့​သည် သင်​တို့​ထံမှ ဤ​အခွင့်​ကို ခံစား​ရ​ကြ​လျှင် ငါ​တို့​သည် သာ၍​ခံစား​ထိုက်​သည်​မ​ဟုတ်​လော။
သို့သော် ငါ​တို့​သည် ဤ​အခွင့်​ကို​မ​သုံး​ဘဲ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အတွက် မည်သည့်​အဟန့်အတား​မျှ​မ​ရှိ​စေရန် အရာရာ​၌ သည်းခံ​ကြ​၏။ 13ဗိမာန်​တော်​အမှုကိစ္စ​များ​ကို ဆောင်ရွက်​သော​သူ​တို့​သည် ဗိမာန်​တော်​မှ​ရရှိ​သော​အရာ​များ​ကို စား​သောက်​ကြ​၍ ယဇ်ပလ္လင်​၌​အမှုထမ်း​သော​သူ​တို့​သည် ယဇ်ပလ္လင်​နှင့်ဆိုင်သော​ပူဇော်သက္ကာ​များ​ကို မျှဝေ​ခံစား​ခွင့်​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ 14ထိုနည်းတူ ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သော​သူ​တို့​သည်​လည်း ကောင်းမြတ်​သော​သတင်း​အားဖြင့် အသက်မွေး​ကြ​ရန် သခင်​ဘုရား​မိန့်မှာ​တော်မူ​ခဲ့​၏။
15သို့သော် ငါ​သည် ဤ​အခွင့်​တစ်စုံတစ်ခု​ကို​မျှ မ​သုံး​ခဲ့​ချေ။ ငါ့​အား ထိုသို့​ပြု​စေ​လို​၍ ဤ​အရာ​များ​ကို ငါ​ရေး​သည်​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ကို သူတစ်ပါး​က အချည်းနှီး​ဖြစ်​စေ​သည်​ထက် ငါ​သေ​သော် သာ၍​ကောင်း​၏။ 16ငါ​သည် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျှင်​လည်း ငါ့​အတွက် ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​မ​ရှိ။ အဘယ်ကြောင့်​ဆိုသော် ငါ​၌​မဖြစ်မနေ​ဟောပြော​ရ​မည့်​တာဝန်​ရှိ​၏။ ကောင်းမြတ်​သော​သတင်း​ကို ငါ​မ​ဟောပြော​ဘဲ​နေ​လျှင် ငါ့​အတွက် အမင်္ဂလာ​ဖြစ်​၏။ 17ထို​အမှု​ကို ငါ​၏​ဆန္ဒ​အလျောက်​ဆောင်ရွက်​လျှင် ငါ့​အတွက် ဆုလာဘ်​ရှိ​၏။ သို့သော် ငါ​၏​ဆန္ဒ​အလျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီမံ​ခန့်ခွဲ​မှု​ကို ငါ​၌​ယုံကြည်​အပ်နှံ​ထား​ပြီ​ဖြစ်​၏။ 18သို့ဖြစ်လျှင် ငါ့​အတွက် မည်သည့်​ဆုလာဘ်​ရှိ​သနည်း။ ၎င်း​မှာ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​သည့်​အခါ အဖိုးအခ​မ​ယူ​ဘဲ ထို​သတင်း​ကို ဝေငှ​ဟောပြော​၍ ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော ငါ​၏​ရပိုင်ခွင့်​ကို အပြည့်အဝ​အသုံး​မ​ချ​ဘဲ​နေ​ခြင်း​ပင်​ဖြစ်​၏။
19ငါ​သည် လူ​အပေါင်း​တို့​ရှေ့၌ လွတ်လပ်​သူ​ဖြစ်​သော်လည်း ပို၍​များ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် လူ​အပေါင်း​တို့​ထံ၌ ကိုယ်တိုင်​ကျွန်ခံ​၏။ 20ဂျူး​လူမျိုး​တို့​ကို​ရရှိ​နိုင်​ရန် ဂျူး​လူမျိုး​တို့​တွင် ဂျူး​လူမျိုး​ကဲ့သို့​ဖြစ်​၏။ ငါ​ကိုယ်တိုင် ပညတ်​တရား​အောက်၌​မ​ရှိ​သော်လည်း ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​တို့​အတွက် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​၏။ 21ငါ​သည် ဘုရားသခင်​၏​ပညတ်​တရား​နှင့် ကင်းဝေး​သော​သူ​မ​ဟုတ်​ဘဲ ခရစ်တော်​၏​ပညတ်​တရား​အောက်၌​ရှိ​သော်လည်း ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​တို့​တွင် ပညတ်​တရား​နှင့်​ကင်းဝေး​သော​သူ​ကဲ့သို့​ဖြစ်​၏။ 22အားနည်း​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် အားနည်း​သော​သူ​တို့​တွင် အားနည်း​သော​သူ​ဖြစ်​၏။ လူ​အချို့​တို့​ကို တစ်နည်းနည်း​ဖြင့် ကယ်တင်​နိုင်​ရန် လူ​အမျိုးမျိုး​တို့​တွင် အမျိုးမျိုး​ဖြစ်​ခဲ့​၏။ 23ငါ​သည် ကောင်းမြတ်​သော​သတင်း​၏​အကျိုးကျေးဇူး​ကို မျှဝေ​ခံစား​သူ​ဖြစ်​ရန် အမှု​ခပ်သိမ်း​တို့​ကို ထို​သတင်း​အတွက် ဆောင်ရွက်​၏။
24အားကစားကွင်း​ထဲ၌ အပြေးပြိုင်​သော​သူ​တို့​သည် အားလုံး​ပြေး​ကြ​သည်​မှန်​သော်လည်း တစ်ဦးတည်း​သာ ဆု​ရရှိ​ကြောင်း​ကို သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် သင်​တို့​သည် ဆု​ရရှိ​မည့်​အကြောင်း ပြေး​ကြ​လော့။ 25ပြိုင်ပွဲ​ဝင်​သော​သူ​တိုင်း​သည် အရာရာ​၌ မိမိကိုယ်ကို​ချုပ်တည်း​တတ်​၏။ သူ​တို့​သည် ယိုယွင်း​ပျက်စီး​တတ်​သော သရဖူ​ကို​ရရှိ​ရန် ထိုသို့​ပြု​ကြ​၏။ ငါ​တို့​မူကား ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သော သရဖူ​ကို​ရရှိ​ရန် ထိုသို့​ပြု​ကြ​၏။ 26ထို့ကြောင့် ငါ​ပြေး​သောအခါ ဦးတည်ရာမဲ့​ပြေး​သော​သူ​ကဲ့သို့ ပြေး​သည်​မဟုတ်။ လက်ဝှေ့​ထိုး​သောအခါ​လည်း လေ​ကို​ထိုး​သော​သူ​ကဲ့သို့ ထိုး​သည်​မဟုတ်။ 27သူတစ်ပါး​ကို သွန်သင်​ပြီးမှ ငါ​ကိုယ်တိုင်​ကျရှုံး​သော​သူ မ​ဖြစ်​စေရန် ငါ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ နာခံ​စေ​၏။

လက်ရှိရွေးချယ်ထားမှု

ကောရိန္သုဩဝါဒစာပထမစောင် 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။