ကမ္ဘာဦးကျမ်း 4

4
ကာဣနက အာဗေလကိုသတ်ခြင်း
1ထို့နောက် လူ​သည် မိမိ​မယား​ဧဝ​နှင့်​ဆက်ဆံ​သဖြင့် ဧဝ​သည် ကိုယ်ဝန်ဆောင်​၍ ကာဣန​ကို​မွေးဖွား​ပြီးလျှင် “​ငါ​သည် ထာဝရဘုရား​ထံ​တော်​မှ သား​တစ်ဦး​ကို​ရရှိ​ပြီ​”​ဟု ဆို​လေ​၏​။ 2တစ်ဖန် သူ့​ညီ​အာဗေလ​ကို​မွေးဖွား​လေ​၏​။ အာဗေလ​သည် သိုးထိန်း​ဖြစ်​၏​။ ကာဣန​မူကား မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော​သူ​ဖြစ်​၏​။ 3အချိန်စေ့​သောအခါ​၊ ကာဣန​သည် မြေ​မှ​ရ​သော​အသီးအနှံ​ကို ပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​ထံ​ယူဆောင်​လာ​၏​။ 4အာဗေလ​သည်​လည်း မိမိ​သိုးအုပ်​ထဲမှ သိုး​သားဦး​များ​နှင့် သိုး​တို့​၏​အဆီ​များ​ကို​ယူဆောင်​လာ​၏​။ ထာဝရဘုရား​သည် အာဗေလ​နှင့် သူ​၏​ပူဇော်သက္ကာ​ကို ပမာဏပြု​တော်မူ​၏​။ 5ကာဣန​နှင့် သူ​၏​ပူဇော်သက္ကာ​ကို​မူကား ပမာဏပြု​တော်​မ​မူ​။ ထို့ကြောင့် ကာဣန​သည် အလွန်​စိတ်ဆိုး​လျက် မျက်နှာသုန်မှုန်​နေ​လေ​၏​။
6ထိုအခါ ထာဝရဘုရား​က ကာဣန​အား “​သင်​သည် အဘယ်ကြောင့်​စိတ်ဆိုး​သနည်း​။ အဘယ်ကြောင့်​မျက်နှာသုန်မှုန်​နေ​သနည်း​။ 7သင်​သည် ကောင်းမွန်​စွာ​ပြု​လျှင် လက်​မ​ခံ​ဘဲ​နေ​မည်လော​။ ကောင်းမွန်​စွာ​မ​ပြု​လျှင် အပြစ်​သည် တံခါး​နား​မှာ​ဝပ်ချောင်း​လျက်​နေ​၍ သင့်​ကို လွှမ်းမိုး​လို​၏​။ သို့သော် သင်​သည် သူ့​ကို​အနိုင်ယူ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။
8ကာဣန​က မိမိ​ညီ​အာဗေလ​အား “​လယ်​ထဲ​သွား​ကြ​စို့#4:8 မူရင်းကျမ်း၌ “လယ်ထဲသွားကြစို့”မပါ။​”​ဟု ဆို​လေ​၏​။ လယ်​၌ သူ​တို့​ရှိ​ကြ​စဉ် ကာဣန​သည် မိမိ​ညီ​အာဗေလ​ကို​ရန်ပြု​၍ သူ့​ကို​သတ်​လေ​၏​။
9ထို့နောက် ထာဝရဘုရား​က ကာဣန​အား “​သင့်​ညီ​အာဗေလ​သည် အဘယ်မှာ​ရှိ​သနည်း​”​ဟု မေး​တော်မူ​လျှင် ကာဣန​က “​အကျွန်ုပ်​မ​သိ​ပါ​။ အကျွန်ုပ်​သည် ညီ​ကို​စောင့်ရှောက်​သူ​ဖြစ်​ပါ​သလော​”​ဟု ပြန်လျှောက်​လေ​၏​။
10ထာဝရဘုရား​က​လည်း “​သင်​သည် မည်သို့​ပြု​ဘိ​သနည်း​။ သင့်​ညီ​အသွေး​၏​အသံ​သည် မြေကြီး​ထဲမှ ငါ့​ထံသို့ အော်ဟစ်​နေ​ပါ​သည်​တကား​။ 11မြေကြီး​သည် မိမိ​နှုတ်​ကို​ဟ​၍ သင်​၏​လက်​မှ သင့်​ညီ​၏​အသွေး​ကို​ခံယူ​ပြီ​ဖြစ်​သောကြောင့် သင်​သည် မြေကြီး​၏​ကျိန်​ခြင်း​ကို ယခု​ခံရ​ပြီ​။ 12သင်​သည် မြေ​ကို​ထွန်ယက်​လုပ်ကိုင်​သော်လည်း မြေ​သည် မိမိ​၏​အသီးအနှံ#4:12 တိုက်ရိုက်ပြန်ဆိုလျှင် “အစွမ်း”။​ကို သင့်​အား ပေး​တော့​မည်​မ​ဟုတ်​။ သင်​သည် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။
13ကာဣန​က​လည်း “​အကျွန်ုပ်​၏​အပြစ်ဒဏ်​သည် အကျွန်ုပ်​ခံနိုင်​သည်​ထက်​ကြီးလေး​ပါ​၏​။ 14ယနေ့ ကိုယ်တော်​သည် အကျွန်ုပ်​ကို မြေပြင်​ပေါ်​မှ နှင်ထုတ်​တော်မူ​သဖြင့် အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​မှ​ပုန်းရှောင်​လျက် ကမ္ဘာမြေကြီး​ပေါ်တွင် အတည်တကျ​နေစရာ​မ​ရှိ​၊ လှည့်လည်သွားလာ​သူ​ဖြစ်​ရ​ပါ​မည်​။ အကျွန်ုပ်​ကို​တွေ့​သမျှ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​သတ်​ပါ​လိမ့်မည်​”​ဟု ထာဝရဘုရား​အား လျှောက်​လေ​၏​။
15ထာဝရဘုရား​က​လည်း “​သို့ဖြစ်လျှင် မည်သူမဆို ကာဣန​ကို​သတ်​လျှင် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ကို ခံ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​ကို​တွေ့​သော​သူ​တစ်စုံတစ်ယောက်​မျှ သူ့​ကို​မ​သတ်​မည့်​အကြောင်း ထာဝရဘုရား​သည် သူ​၌ အမှတ်လက္ခဏာ​တစ်​ခု​ကို ထား​တော်မူ​၏​။ 16ကာဣန​သည် ထာဝရဘုရား​၏​ရှေ့​တော်​မှ​ထွက်သွား​၍ ဧဒင်​အရပ်​၏​အရှေ့ဘက်​၊ နောဒ​ပြည်​တွင်​နေထိုင်​လေ​၏​။
ကာဣန၏သားစဉ်မြေးဆက်
17ထို့နောက် ကာဣန​သည် မိမိ​မယား​နှင့်​ဆက်ဆံ​သဖြင့် မယား​သည် ကိုယ်ဝန်ဆောင်​၍ ဧနောက်​ကို​မွေးဖွား​လေ​၏​။ ကာဣန​သည် မြို့​ကို တည်​သောအခါ မိမိ​သား​၏​အမည်​ကို​အစွဲပြု​၍ ထို​မြို့​၏​အမည်​ကို ဧနောက်​မြို့ ဟု​ခေါ်​၏​။ 18ဧနောက်​သည် သား​ဣရဒ်​ကို​ရ​၏​။ ဣရဒ်​သည် သား​မဟုယေလ​ကို​ရ​၏​။ မဟုယေလ​သည် သား​မသုရှလ​ကို​ရ​၏​။ မသုရှလ​သည် သား​လာမက်​ကို​ရ​၏​။ 19လာမက်​သည် မိန်းမ​နှစ်​ယောက်​ကို မိမိ​မယား​အဖြစ်​ယူ​လေ​၏​။ တစ်​ယောက်​၏​အမည်​မှာ အာဒ ဖြစ်​ပြီး နောက်တစ်ယောက်​၏​အမည်​မှာ ဇိလ ဖြစ်​၏​။ 20အာဒ​သည် ယာဗလ​ကို​မွေးဖွား​၏​။ ယာဗလ​သည် တဲ​၌​နေ​သော​သူ​၊ တိရစ္ဆာန်​တို့​ကို​လှည့်လည်​ထိန်းကျောင်း​သော​သူ​တို့​၏​ဖခင်​ဖြစ်​၏​။ 21သူ့​ညီ​၏​အမည်​မှာ ယုဗလ ဖြစ်​၏​။ ယုဗလ​သည် စောင်း​နှင့်​ပလွေ​တို့​ကို တီးမှုတ်​တတ်​သော​သူ​အပေါင်း​တို့​၏​ဖခင်​ဖြစ်​၏​။ 22ဇိလ​သည်​လည်း တုဗလကာဣန​ကို​မွေးဖွား​၏​။ တုဗလကာဣန​သည် ကြေးထည်​၊ သံထည် ပစ္စည်း​အမျိုးမျိုး​ကို​ထုတ်လုပ်​သူ​ဖြစ်​၏​။ တုဗလကာဣန​၏​ညီမ​ကား နေမ ဖြစ်​၏​။
23လာမက်​သည် မိမိ​မယား​တို့​အား
“​အာဒ​နှင့်​ဇိလ​တို့​၊ ငါ့​အသံ​ကို​နားထောင်​ကြ​လော့​။ လာမက်​၏​မယား​တို့​၊ ငါ့​စကား​ကို​စူးစိုက်​နားထောင်​ကြ​လော့​။ ငါ့​ကို​အနာတရ​ဖြစ်စေ​သော​လူ​၊ ငါ့​ကို​ဒဏ်ရာ​ရ​စေ​သော​လူငယ်​ကို ငါ​သတ်​ခဲ့​ပြီ​။ 24ကာဣန​အတွက် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ရှိ​လျှင် လာမက်​အတွက် ခုနစ်ဆယ့်​ခုနစ်​ဆ​ရှိ​လိမ့်မည်​”​ဟု ဆို​၏​။
25တစ်ဖန် အာဒံ​သည် မိမိ​မယား​နှင့်​ဆက်ဆံ​သဖြင့် မယား​သည် သား​ကို​မွေးဖွား​၍ “​ကာဣန​သည် အာဗေလ​ကို​သတ်​သောကြောင့် ဘုရားသခင်​သည် အာဗေလ​ကိုယ်စား အခြား​သော​မျိုးဆက်​ကို အကျွန်ုပ်​အတွက်​ခန့်ထား​တော်မူ​ပြီ​”​ဟု ဆို​ပြီး သား​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။ 26ရှေသ​သည်​လည်း သား​ကို​ရ​၍ သူ​၏​အမည်​ကို ဧနုတ် ဟု​မှည့်ခေါ်​လေ​၏​။ ထို​ကာလ​၌ လူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို စတင်​၍​ခေါ်ဆို​ပတ္ထနာပြု​ကြ​၏​။

നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:

ကမ္ဘာဦးကျမ်း 4: MSBU

ഹൈലൈറ്റ് ചെയ്യുക

പങ്ക് വെക്കു

പകർത്തുക

None

നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക

നിങ്ങളുടെ അനുഭവം വ്യക്തിപരമാക്കാൻ യൂവേർഷൻ കുക്കികൾ ഉപയോഗിക്കുന്നു. ഞങ്ങളുടെ വെബ്‌സൈറ്റ് ഉപയോഗിക്കുന്നതിലൂടെ, ഞങ്ങളുടെ കുക്കികളുടെ ഉപയോഗം ഞങ്ങളുടെ സ്വകാര്യതാ നയം-ത്തിൽ വിവരിച്ചിരിക്കുന്നതുപോലെ നിങ്ങൾ അംഗീകരിക്കുന്നു